သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်းစိန်ထောင်တွင်း အချုပ်ကားပေါ် ဖောက်ခွဲရေးပစ္စည်း စစ်ဆေးတွေ့ရှိ 


အင်းစိန်အကျဉ်းထောင် (ဓာတ်ပုံ- AFP)
အင်းစိန်အကျဉ်းထောင် (ဓာတ်ပုံ- AFP)

ရန်ကုန်၊ အင်းစိန်ထောင်ထဲကို အမှုစစ်ဆေးရေးကိစ္စနဲ့သွားတဲ့ ရဲအချုပ်ကားတစီးအောက်မှာ အဝေးထိန်းဖောက်ခွဲရေးပစ္စည်း နှစ်ခု တွေ့ရှိခဲ့တဲ့အတွက် ထောင်ဝန်းထဲမှာ ဒီနေ့ ဗုံးလန့်ခဲ့တယ်လို့ အဲဒီအချိန်က အင်းစိန်ထောင်မှာရောက်နေတဲ့ ရှေ့နေတွေက ပြောပါတယ်။ ခုလို ဖောက်ခွဲပစ္စည်းတွေ တွေ့တဲ့အတွက် ထောင်တွင်းလုံခြုံရေးကိုလည်း အရင်ကထက် ပိုပြီး တင်းကြပ်ထားပါ တယ်။ ရန်ကုန်ကလာတဲ့ ဒီအကြောင်းအပြည့်အစုံကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

ဒီနေ့ ဇန်နဝါရီလ ၂၀ ရက် မနက် ၁၁ နာရီလောက်က ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်ထဲကို အကျဉ်းသားရုံးထုတ်ဖို့ ရောက်လာ တဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်ရဲစခန်း အချုပ်ကားပေါ်မှာ ဖောက်ခွဲရေးပစ္စည်း တွေ့ရှိခဲ့တာပါ။ မင်္ဂလာတောင်ညွှန့် ရဲတပ်ဖွဲ့ဝင် တွေချည်း ပါလာတဲ့ အချုပ်ကား အင်းစိန်ထောင်ဝန်းထဲရောက်တဲ့အချိန် စစ်ဆေးတော့မှာ တွေ့ခဲ့တာ ဖြစ်တယ်လို့ အင်းစိန်အကျဉ်းထောင်ထဲက အထူးတရားရုံးတွေမှာ အမှုလိုက်ပေးနေတဲ့ ရှေ့နေတဦးက ဗွီအိုအေကို ပြောပါတယ်။

“မင်္ဂလာတောင်ညွှန့် ရဲအချုပ်ကားကနေ ပါလာတာတဲ့၊ ကတ်ထူပုံးလေးထဲမှာ ထည့်ထားတာတဲ့။ အုတ်နီခဲလိုပုံစံလေး လုပ်ထား တာတဲ့။ ယမ်းက အထဲထဲမှာ နို့ဆီခွက် တခွက်လောက်ရှိတယ်တဲ့။ ဖုန်းနဲ့ ဆက်သွယ်ထားတာတဲ့။ အကျဉ်းထောင်အဝင်ဝမှာ သူတို့ကမစစ်ဘူးလေ၊ အထဲထဲအဝင် ဒုတိယတဆင့် အဝင်ကျမှတွေ့တာဆိုတော့ တရားရုံးထဲမှာတော့ ရုတ်ရုတ်သဲသဲ တော့ ဖြစ်သွားတာပေါ့၊ ဒီဗုံး ဘယ်အချိန်ပေါက်မလဲဆိုပြီး။”

အမည်မဖော်လိုတဲ့ နောက်ထပ်ရှေ့နေတဦးကလည်း အဲဒီအချုပ်ကားပေါ်မှာ ဖောက်ခွဲရေးပစ္စည်းနှစ်ခု ပါလာခဲ့တာဖြစ်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။

အချုပ်ကားရဲ့အောက်မှာ သံလိုက်နဲ့ကပ်ချိတ်ထားတဲ့ အဝေးထိန်း ဖောက်ခွဲရေးပစ္စည်းတခုကိုတွေ့လို့ ရဲတွေက လမ်းမှာ ဖယ်ရှား ခဲ့တယ်လို့ စုံစမ်းသိရကြောင်းပြောပါတယ်။ နောက်ထပ်ဗုံးတလုံးကတော့ အင်းစိန်ထောင်ဝန်းထဲရောက်မှ ကားကို အသေအချာ ပြန်စစ်ဆေးရင်း ထပ်တွေ့တာလို့ သူကပြောပါတယ်။ အခုလို အင်းစိန်ထောင်ဝန်းထဲမှာ ဗုံးလန့်ခဲ့လို့ ဒီနေ့မနက်အစောပိုင်းမှာ ရုံးထုတ်ရမယ့် အမှုတွေအားလုံးကို နေ့ခင်းပိုင်းမှပဲ စစ်ဆေးနိုင်ခဲ့ပါတယ်။

“တရားရုံးကတော့ အမှုစစ်တာ နောက်ကျသွားတာပေါ့။ ကျမတို့တွေ အချုပ်တွေထုတ်ဖို့ မနက် ၈ နာရီထိုးကတည်းက တန်းစီပြီး အထဲထဲမှာ လာထုတ်ဖို့ စောင့်နေရတာ။ နေ့လည် ၁ နာရီခွဲနီးပါးလောက်မှ ဒီအထုတ်တွေ ရောက်လာတာအပြင်ကို တရားရုံး ထဲကို ရောက်လာတော့ အမှုကတော့ ဆက်စစ်စရာရှိတာ ဆက်စစ်နေတာပေါ့။”

အင်းစိန်ထောင်တွင်းမှာလည်း လုံခြုံရေးတင်းကြပ်လိုက်တယ်လို့ ရှေ့နေတွေက ပြောပါတယ်။ ဒီလို လုံခြုံရေးစိုးရိမ်ရတဲ့ အခြေအနေအထိ အင်းစိန်ထောင်ထဲမှာ ဖြစ်ပွားခဲ့တာဟာ ဖြစ်တောင့်ဖြစ်ခဲကိစ္စလို့ ရှေ့နေတချို့က ပြောပါတယ်။ အင်းစိန်အကျဉ်းထောင်၊ ထောင်ပိုင်ရုံးခန်းကို ဗွီအိုအေက ဆက်သွယ်တဲ့အခါမှာတော့ နေပြည်တော် အကျဉ်းဦးစီးဌာနကိုသာ ဆက်သွယ်ပေးဖို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်လုပ်ရှားမှုတွေ ရန်ကုန်အပါအဝင် မြို့တော်တော်များများမှာ ရှိနေသလို အသေးစားပေါက်ကွဲမှုတွေလည်း မကြာခဏ ဖြစ်လေ့ရှိပါတယ်။

.......................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)









XS
SM
MD
LG