သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီတပ်နဲ့ လုပ်ငန်းတချို့ကို ဗြိတိန်နဲ့ သြစတြေးလျ ဒဏ်ခတ်မှုတွေချမှတ်


မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် MFTB
မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် MFTB

မြန်မာနိုင်ငံ စစ်တပ်အာဏာသိမ်း နှစ်ပတ်လည်နေ့မှာ စစ်တပ်လုပ်ငန်းတချို့နဲ့ စစ်တပ်နဲ့ဆက်နွယ်နေတဲ့ လုပ်ငန်းတချို့ကို ဗြိတိန်နဲ့ သြစတြေးလျနိုင်ငံတွေက အရေးယူ ဒဏ်ခတ်လိုက်ပါတယ်။ ဒီမိုကရေစီစနစ် ချည့်နဲ့အောင်လုပ်နေပြီး၊ မြန်မာပြည်သူတွေကို ဖိနှိပ်ကာ ကြီးလေးတဲ့ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ်၊ အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်၊ သတ္တုတွင်းလုပ်ငန်း အမှတ် (၁) နဲ့ အမှတ် (၂) တို့ကို ဗြိတိန်အစိုးရက ဒဏ်ခတ်အရေးယူတယ်လို့ ဒီနေ့ ဖေဖော်ဝါရီ ၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။ အခုလို ဒဏ်ခတ်လိုက်တဲ့အတွက် သူတို့ရဲ့ ဘဏ်စာရင်းတွေနဲ့ တခြားငွေကြေးနဲ့ စီးပွားရေးဝင်ငွေတွေအားလုံးကို ဗြိတိန်အစိုးရက ထိန်းချုပ်ထားလိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သြစတြေးလျအစိုးရကလည်း စစ်တပ်နဲ့ တိုက်ရိုက်ဆက်နွယ်နေတဲ့ လုပ်ငန်း ၅ ခုကို အရေးယူ ဒဏ်ခတ်လိုက်ပါတယ်။ စစ်ကောင်စီလုပ်ငန်းတွေလည်ပတ်နိုင်အောင် ပံ့ပိုးပေးနေတဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် MICB ဘဏ်တို့ကို ဘဏ္ဍာရေးအရ ပစ်မှတ်ထား ဒဏ်ခတ်လိုက်တယ်လို့ သြစတြေးလျအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ စစ်တပ်အတွက် လေယာဉ်ဆီတွေဝယ်ပေးနေတဲ့ Asia Sun Group၊ Asia Sun Trading Co Ltd နဲ့ Cargo Link Petroleum Logistics Co Ltd စတဲ့ ကုမ္ပဏီ ၃ ခုကိုလည်း စီးပွားရေးအရ ပစ်မှတ်ထားဒဏ်ခတ်လိုက်ပါတယ်။ မြန်မာပြည်သူတွေအပေါ် ရက်စက်ဆိုးဝါးတဲ့လုပ်ရပ်တွေ ဆက်လုပ်နေတဲ့ စစ်တပ်အနေနဲ့ စစ်တပ်သုံးပစ္စည်းတွေနဲ့ ငွေကြေး အရွှေ့အပြောင်းကန့်သတ်နိုင်ဖို့နဲ့ ခုလိုဒဏ်ခတ်အရေးယူမှုတွေ လုပ်လိုက်တာဖြစ်တယ်လို့ သြစတြေးလျနိုင်ငံခြားရေးရုံး ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ပြည်သူတွေအပေါ် စစ်ကောင်စီရဲ့ ဖိနှိပ်မှု၊ အကြမ်းဖက်မှုတွေ ပိုဆိုးလာတာနဲ့ နိုင်ငံရေး၊ လုံခြုံရေးနဲ့ လူသားချင်းစာနာစရာ အခြေအနေတွေ ပိုပြီးယိုယွင်းလာတဲ့အပေါ် သြစတြေးလျအစိုးရရဲ့ တုံ့ပြန်မှုဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ ရဲစွမ်းသတ္တိနဲ့ ဒီမိုကရေစီဖို့ သဓိဌာန်ခိုင်မာကြောင်း ပြသနေတဲ့ မြန်မာပြည်သူတွေအပေါ် ဆက်လက်ထောက်ခံနေတယ်လို့လည်း သြစတြေးလျအစိုးရက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG