သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Burma Act အကူအညီများ လက်တွေ့ဆောင်ရွက်ဖို့ မြန်မာ့အရေးဆောင်ရွက်သူများတိုက်တွန်း


စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်နေကြတဲ့ မြန်မာပြည်သူများ။ (AFP-Video screenshot)
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်နေကြတဲ့ မြန်မာပြည်သူများ။ (AFP-Video screenshot)

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တော်လှန်ရေး အင်အားစုတွေရဲ့ မြေပြင် စစ်ရေးအခြေအနေ အားကောင်းနေချိန်မှာ အမေရိကန် ပြည်ထောင်စုအနေနဲ့ BURMA Act (ဘားမားအက်) ဥပဒေ ပြဌာန်းချက်မှာပါဝင်တဲ့ နည်းပညာ အထောက်အပံ့အပါအဝင် လက်နက်မဟုတ်တဲ့ ထိရောက်တဲ့အကူအညီတွေကို အချိန်ကိုက်ပေးနိုင်ဖို့ အရေးကြီးကြောင်း မြန်မာ့အရေး ဆောင်ရွက်နေသူတွေက တောင်းဆိုနေကြပါတယ်။ ကိုငြိမ်းချမ်းအေးက စုစည်း တင်ပြထားပါတယ်။

မြန်မာနိုင်ငံဒီမိုကရေစီရေးအတွက် အမေရိကန်အကူအညီဖြစ်တဲ့ 'ဘားမားအက်' လို့ခေါ်တဲ့ ဥပဒေပြင်ဆင်ချက်အပါအဝင် ၂၀၂၃ ခုနှစ် NDAA - အမေရိကန် အမျိုးသားကာကွယ်ရေးဆိုင်ရာ ဥပဒေကို အတည်ပြုထားပြီး ဖြစ်ပေမယ့် အပြည့်အဝ အကောင်အထည်ဖော်မှုပိုင်း အားနည်းနေလို့ မြန်မာ့အရေးလှုပ်ရှားသူတွေကြား အားမလို အားမရ ဖြစ်နေကြတာပါ။

အမေရိကန်ရဲ့နည်းပညာပံ့ပိုးမှုတွေ အချိန်ကိုက်လုပ်နိုင်ရင် ပြည်သူလူထုကို ပိုကာကွယ်ပေးနိုင်မယ်လို့ မြန်မာနိုင်ငံက ဘာသာရေးလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရးအတွက် လှုပ်ရှားနေတဲ့ Chin Association of Maryland (CAM) ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး Zo Tum Hmung ဇိုသုန်းမှုန် က ပြောပါတယ်။

"ဘားမားအက်ကို ကျနော်တို့ ကြိုဆိုတယ်။ ဒါပေမယ့် တကယ့် တကယ် လက်တွေ့ကျကျ အကူအညီပေးဖို့ လိုတယ်။ NUG (အမျိုးသားညီညွတ်ရေး အစိုးရ)၊ ERO (တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေ၊ PDF (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ) တွေအတွက် နည်းပညာပိုင်းရော၊ နောက်ပြီးတော့ Non-lethal Assistance လို့ခေါ်တဲ့ လက်နက်မဟုတ်တဲ့ အကူအညီတွေပေးဖို့ တောင်းဆိုပါတယ်။ ဥပမာဆိုရင် အခု လေယာဥ်နဲ့ တအား တိုက်ခံရတယ်။ ဗုံးကြဲနေတယ်။ Early Warning System (ကြိုတင်သတိပေး စနစ်) တွေ လိုပါတယ်။ ပြီးတော့ Technical Assstance လို့ခေါ်တဲ့ နည်းပညာပိုင်းဆိုင်ရာလည်း ကျနော်တို့ ကူညီစေချင်တယ်။"

အခုတောင်းဆိုတဲ့ လက်နက်မဟုတ်တဲ့အကူအညီ အမျိုးအစားတွေနဲ့ တခြားအထောက်ပံ့တွေပေးဖို့ကို ဘားမားအက်မှာ ထည့်သွင်းဖော်ပြထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ မြန်မာပြည်အတွက်ပေးနေတဲ့ အမေရိကန်အကူအညီကတော့ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID ကတဆင့် သမားရိုးကျ လူသားချင်းစာနာမှုအကူအညီကလွဲလို တခြား အကူအညီတွေကို ပေးတာမတွေ့ရဘူးလို့ မြန်မာအရေး စောင့်ကြည့်လေ့လာသူတွေက မနှစ်ကတည်းက အစဥ်တစိုက် ထောက်ပြနေကြပါတယ်။ မြန်မာနိုင်ငံအတွက် ဘားမားအက် ပါဝင်တဲ့ ၂၀၂၄ ခုနှစ် အမေရိကန် ကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ NDAA ကို လက်ရှိမှာ လွှတ်တော်နှစ်ရပ်လုံးက အတည်ပြုထားပြီးလည်း ဖြစ်ပါတယ်။

ဇန်နဝါရီ ၂၉ ရက်က အမေရိကန် အောက်လွှတ်တော်ရုံးခန်းမှာလုပ်တဲ့ မြန်မာပြည်က ဘာသာရေးဖိနှိပ်မှု အစီရင်ခံတဲ့ပွဲကို တက်ရောက် ကြားနာတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင်ဒုတိယဥက္ကဋ္ဌ Frederick Davie ကတော့ မြန်မာပြည်မှာ အကြမ်းဖက်မှုတွေရပ်တန့်ဖို့က ဘားမားအက်ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ လိုနေတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

"ဘားမားအက်ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ လိုအပ်တယ်လို့ ကျနော် ထင်ပါတယ်။ ဒါကို အပြည့်အဝ အကောင်အထည်ဖော်မယ်ဆိုရင် မြန်မာနိုင်ငံက လက်ရှိ အစိုးရကျူးလွန်နေတဲ့ ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုတွေကို ရပ်တန့်နိုင်ပါမယ်။ ဒါမှသာ ခရစ်ယာန်တွေ၊ တခြားဘာသာဝင် လူနည်းစုတွေနဲ့ ရိုဟင်ဂျာတွေဟာ လူမှုအဖွဲ့အစည်းထဲမှာ  အလုံးစုံ ပြန်လည် ပေါင်းစည်းနိုင်မှာပါ။" (Frederick Davie - အမေရိကန် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင် ဒုဥက္ကဋ္ဌ)

ဘားမက်အက်ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ခဲ့ရင် မြန်မာနိုင်ငံမှာ အခုဖြစ်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ အဆုံးသတ်စေမှာဖြစ်ပြီး မြန်မာနိုင်ငံကို လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံတော်ဆီ ပြန်လည် ဦးတည်စေမယ်လို့ မျှော်လင့်ပါတယ်။ ဒီလိုဖြစ်နိုင်ဖို့ ကျနော်တို့ အားလုံး လှုံ့ဆော်တောင်းဆိုနေကြပါတယ်။"

အဲဒီ အောက်လွှတ်တော်က မြန်မာပြည် ဘာသာရေး ဖိနှိပ်မှုအစီရင်ခံတင်ပြတဲ့ပွဲမှာ အဖွင့် မှတ်ချက် စကားပြောခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ
ဦးအောင်ကြည်ညွန့်ကတော့ ကမ္ဘာ့နိုင်ငံတိုင်းက အကျိုးစီးပွား အကုန် ထည့်သွင်း တွက်ချက်ရလို့ ကိုယ်လိုတာတော့ အပြည့်အဝမရနိုင်ဘူးလို့ ဗွီအိုအေကို မှတ်ချက်ပြုပါတယ်။

"မြန်မာနိုင်ငံအရေးက အားလုံးသိတဲ့အတိုင်းပဲ၊ ကိုယ့်ပြည်တွင်းအင်အားနဲ့ပဲသွားနေပြီးတော့ အခုရှိနှင့်ပြီးသားဥပဒေအရ ပြဌာန်းချက်အရ တကယ်တော့ ထိရောက်ထိုက်တန်တဲ့ ထောက်ပံ့မှုတွေရတယ်လို့ ပြောလို့တော့ မရနိုင်သေးတဲ့ အနေအထားမျိုးမှာ ရှိတယ်။ တကယ်တမ်းကျတော့ နိုင်ငံအသီးသီးက မိမိတို့ရဲ့ ဆိုင်ရာအကျိုးစီးပွားတွေအပေါ်မှာ မူတည်ပြီးတော့ ထည့်သွင်းတွက်ချက်ရတာလည်း ရှိတဲ့အတွက်ကြောင့်မလို့ ကိုယ့်မှာရှိတဲ့ လိုအပ်ချက် အတိုင်းတော့ အပြည့်အစုံရလိမ့်မယ်ဆိုတာတော့ မှန်းဆလို့တော့ မရဘူး။ ဒါပေမယ့် ယဥ်ကျေးတဲ့ ကမ္ဘာ့လူ့အဖွဲ့အစည်းအနေနဲ့ဆိုရင် မြန်မာနိုင်ငံမှာ ဒီနေ့ ရင်ဆိုင်နေရတဲ့ အနေအထားမျိုးကို ဝိုင်းဝန်းပြီးတော့ ကျော်လွှားပံ့ပိုးဖို့ရာ လိုအပ်တယ်ဆိုတာတော့ အသိပေးနိုင်တယ်။ အဲဒီကနေပြီးတော့ တိုးတက်မှု၊ ဖြစ်ထွန်းမှုတွေ ရလိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်။"

အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာဆပ်ကော်မတီ ဥက္ကဋ္ဌ Chris Smith ကို ဘားမားအက်နဲ့ပတ်သက်ပြီး နောက်ဆုံး အခြေအနေကို ဗွီအိုအေကို မေးမြန်းရာမှာတော့ အကူအညီပေးရေး နောက်ဆက်တွဲ ဆောင်ရွက်ဖို့ လိုတယ်လို့ ပြန်လည် ဖြေကြားပါတယ်။

“ကျနော့်အတွက် ပထမဆုံး မြန်မာ့အရေးကြားနာပွဲကို ၂၀၁၀ ခုနှစ်ကတည်းက လုပ်ခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေနဲ့ မြန်မာ့အရေးစိုးရိမ်ချက်တွေကို ကျနော်တို့ နှစ်ပေါင်းများစွာ ထုတ်ဖော်တောင်းဆိုခဲ့ပါတယ်။ ကျနော့်အနေနဲ့ ဒီနေ့ပွဲက သတင်းအချက်အလက်တွေကို သိချင်ပါတယ်။ ကျနော့်ရဲ့ရုံးအဖွဲ့က ဒီတွေ့ဆုံပွဲမှာ တင်ပြသမျှကို စုပြီး မှတ်တမ်းတင်ပါတယ်။ ကျနော်တို့ တွေ့ရှိသူမျှကို နောက်ဆက်တွဲ အရေးယူ ဆောက်ရွက်မှာပါ။ ကျနော် ကွန်ဂရက်လွှတ်တော်မှာ ၄၄ နှစ် ရှိနေပါပြီ။ အဲဒီ အတွေ့အကြုံအရပြောရရင် အဓိကကျတာက နောက်ဆက်တွဲ ဆောက်ရွက်ဖို့ပါပဲ။”

သူ့အနေနဲ့ မြန်မာ့အရေး လွှတ်တော် ကြားနာပွဲတရပ် လုပ်ဆောင်ဖို့လည်း စီစဥ်နေတယ်လို့ ကွန်ဂရက်လွှတ်တော် နိုင်ငံခြားရေးရာဆပ်ကော်မတီ ဥက္ကဋ္ဌ Chris Smith က ဗွီအိုအေကို ပြောပါတယ်။ ဒါပေမယ့် မြန်မာ့အရေးလှုပ်ရှားသူတွေကတော့ နိုင်ငံတကာ အကူအညီ၊ အထူးသဖြင့် အမေရိကန်လို အင်အားကြီး နိုင်ငံရဲ့ နည်းပညာအကူအညီတွေက အချိန်ကိုက်နဲ့ အချိန်မီပေးနိုင်ရင် ဒီမိုကရေစီလှုပ်ရှားမှုကို အထောက်အပံ့ဖြစ်မှာဖြစ်သလို ပဋိပက္ခအတွင်းက မြန်မာလူထုရဲ့အသက်တွေကိုလည်း ကယ်တင်နိုင်မှာဖြစ်ကြောင်း ထောက်ပြ တောင်းဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG