သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒဂုံတက္ကသိုလ်သမဂ္ဂဥက္ကဋ္ဌရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးအပေါ် သုံးသပ်ချက်


ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းဟန်ထက်
ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းဟန်ထက်
တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာကိုဆန့်ကျင်နေတဲ့ လူထုလှုပ်ရှားမှုကြီးဟာ အနာဂတ်မှာ စစ်တပ်အုပ်ချုပ်မှု လုံးဝပပျောက်တဲ့အထိ သံဓိဌာန်ချထားတာဖြစ်ကြောင်း ရန်ကုန် တကသ ခေါင်းဆောင်တဦးလည်းဖြစ် ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ကိုမင်းဟန်ထက် က ပြောပါတယ်။ ကျောင်းသားသမဂ္ဂတွေအနေနဲ့ CRPH ကို အပြည့်အဝထောက်ခံထားသလို၊ အဆက်မပြတ် ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း သူက ဗွီအိုအေ ကို ပြောပါတယ်။ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ ကိုမင်းဟန်ထက်တို့ ကျောင်းသားသမဂ္ဂက ရန်ကုန်မှာ စစ်ကောင်စီက တော်တော်လေး ဆန္ဒပြသူတွေ၊ ကျောင်းသူကျောင်းသားတွေကို ပြင်းပြင်းထန်ထန် ဖိနှိပ်နေတဲ့အခါကြတော့ ကျောင်းသားသမဂ္ဂ ရပ်တည်လှုပ်ရှားနေတဲ့ အခြေအနေက ဘယ်လို ရှိပါသလဲရှင့်။

ဖြေ ။ ။ အရင်ဆုံးတော့ ကျနော်တို့တွေ လူထုလှုပ်ရှားမှုတွေ ဆက်ပြီးတော့ ရှိနေရမယ်။ လူထုက စစ်အာဏာသိမ်းမှုအပေါ်မှာ ဆန့်ကျင်ကြောင်း စစ်အာဏာသိမ်းမှုကို တော်လှန်ကြောင်း ပြသနေရမယ်။ နိုးကြားနေရမယ်လို့ ကျနော်တို့က အမြဲတမ်း ယူဆတယ်။ အဲဒီအတွက် ကျနော်တို့ကိုယ်တိုင်လည်း ရန်ကုန်မြို့အတွင်းမှာ တော်တော်လေး ရက်ရက်စက်စက် ဖြိုခွင်းတယ်ဆိုတဲ့ စကားလုံးထက် တကယ့်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်သတ်နေတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ အဲဒီအတွက် လူထုကို လှုံဆော်တဲ့ကိစ္စတွေကို လုပ်ကြတယ်။ ဒါပေမဲ့ တပိုင်းမှာ လူထုက လမ်းပေါ်ထွက်လာတယ်။ စုရုံးတယ်။ လူပင်လယ်ကြီးလို ပြန်ဖြစ်တယ်ဆိုတဲ့ အခြေအနေမျိုး ပြန်ဖြစ်ဖို့က ရာခိုင်နှုန်းတော်တော်လေး နည်းတယ်။ လူထုရဲ့ ရင်းရမယ့် အသက်ပေါင်းများစွာလည်း ရှိနေတယ်။ အဲဒီတော့ လက်ရှိအခြေအနေမှာ ကျနော်တို့က တချို့သော မြို့နယ်တွေမှာ ပျောက်ကျားပုံစံတွေနဲ့ ကျနော်တို့ရဲ့ ဆန္ဒဖော်ထုတ်မှုတွေ အမြဲတမ်း ရှိနေတယ်။ စစ်အာဏာရှင်ကို အမြဲတမ်းဆန့်ကျင်နေတဲ့အကြောင်း ပျောက်ကျားပုံစံတွေနဲ့ ဆန္ဒထုတ်ဖော်နေတာ ရှိနေတယ်။ ကျနော်တို့ အခုလှုပ်ရှားနေတဲ့ အနီရောင်လှုပ်ရှားမှု - ဘယ်တော့မှ အုပ်ချုပ်ခွင့် မရစေရဆိုတဲ့ Theme မျိုးနဲ့ လှုပ်ရှားတယ်။ လမ်းမတွေကို ကျနော်တို့ အနီရောင်တွေ ပြောင်းကြမယ်။ အနီရောင်အလံတွေ လွှင့်ထူကြမယ်စသည်ဖြင့် ဒီလိုလှုပ်ရှားမှုတွေကို လုပ်ကြတယ်။

အရင်နေ့တွေကလဲ မြို့နယ်အလိုက် စစ်ကြောင်းတွေ ချီတက်ဖို့ စီစဉ်ခဲ့ကြတာတော့ ရှိတယ်။ ဒါပေမဲ့ ရန်ကုန်မြို့မှာ စစ်ကြောင်းတွေ ချီတက်ဖို့ မရလောက်အောင်ပဲ သူတို့တွေက တင်းတင်းကြပ်ကြပ်ကြီးကို ဖြိုခွင်းနေတာကို ကျနော်တို့ ကြုံနေရတယ်။ လမ်းပိတ်ပြီးတော့ ပိတ်စို့ဖမ်းဆီးတာတွေကို ကြုံရတယ်။ အဲဒီတော့ လောလောဆယ် အခြေအနေမှာတော့ ရရင်ရသလိုနည်းနဲ့ ကျနော်တို့က ကျနော်တို့ရဲ့ ဆန္ဒတွေကို ပြနေကြဖို့လိုတယ်။ ရရင်ရသလိုနည်းလမ်းနဲ့ တော်လှန်နေကြဖို့လိုတယ်ဆိုတော့ လောလောဆယ်တော့ ပျောက်ကျားပုံစံနဲ့ ကျနော်တို့က ဆန့်ကျင်တော်လှန်နေကြတယ်။ နောက်တချက်က လူထုနိုးကြားလာအောင် ဆောင်ရွက်နေကြတာရှိတယ်။

မေး ။ ။ အဲဒီတော့ တက္ကသိုလ်ကျောင်းတွေက အခုဟာက ဖွင့်ထားတာလား။ တက္ကသိုလ်ကျောင်းတွေရဲ့ အခြေအနေက ဘယ်လိုရှိသလဲ။

ဖြေ ။ ။ တက္ကသိုလ်တွေက ပိတ်ထားပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ယန္တရားကတော့ ဆက်ပြီးတော့ လည်ပတ်နေတယ်။ အထူးသဖြင့် ဆရာ၊ ဆရာမတွေ၊ ဝန်ထမ်းတွေကတော့ ရုံးတွေ တက်ကြတာတွေ ရှိတယ်။ အစကတော့ တက္ကသိုလ်တွေမှာ CDM တက္ကသိုလ်တွေအဖြစ် ကျနော်တို့ ကျောင်းသားသမဂ္ဂတွေက ကိုယ့်ရဲ့တက္ကသိုလ်ကို ပြန်ပြီးတော့ ချိတ်ပိတ်ကြတာတွေ၊ CDM တက္ကသိုလ်အဖြစ် ကြေညာကြတာတွေ ရှိတယ်။ ဒါပေမဲ့ ဒီနောက်ပိုင်းမှာ စစ်အုပ်စုက တော်တော်လေးကို ပြင်းပြင်းထန်ထန် ဖိအားပေးပြီးတော့ ရုံးပြန်တက်ခိုင်းတဲ့ အခြေအနေကြောင့် ရုံးပြန်တက်နေကြတဲ့ ဆရာ၊ ဆရာမတွေ ဝန်ထမ်းတွေလည်း ရှိနေကြတယ်။ နောက်တခုကြတော့ ကျနော်တို့ရန်ကုန်မှာ တက္ကသိုလ်တော်တော်များများမှာ စစ်တပ်က တပ်စွဲထားတယ်။ အဲဒီတပ်စွဲထားတဲ့ အခြေအနေကြောင့်လဲ ကျောင်းထဲမှာ နေနေတဲ့ ဝန်ထမ်းတွေအနေနဲ့ CDM လုပ်ဖို့ဆိုတာ တော်တော်လေးကို ခက်ပြီးတော့၊ လောလောဆယ် သူတို့ဝန်ထမ်းယန္တရားကတော့ ဆက်ပြီးတော့ အခုအချိန်မှာ လည်ပတ်နေပါတယ်။

မေး ။ ။ စစ်ကောင်စီဘက်က ကျောင်းသားသမဂ္ဂတွေကို ဖိနှိပ်နေတဲ့အပိုင်းမှာ အခု ကျောင်းသားသမဂ္ဂတွေထဲမှာ ဖမ်းဆီးခံရတဲ့လူတွေ၊ ဒါမှမဟုတ် ပစ်သတ်ခံရသူတွေ အဲဒီအရေအတွက်တွေ ဘယ်လောက် ရှိပါသလဲ။

ဖြေ ။ ။ ဖမ်းဆီးခံရသူတွေတော့ ရန်ကုန်မြို့မှာ ရှိတယ်။ အယောက် (၂၀) နီးပါးလောက် ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ ရဲဘော်တွေပေါ့။ အယောက် (၂၀) နီးပါး အင်းစိန်ထောင်အတွင်းမှာ ရှိနေတယ်။ သူတို့ကို စစ်ကြောရေးလို နေရာမျိုးမှာ ညှဉ်းပမ်းနှိပ်စက်တာတွေလည်း ကြုံရတယ်။ ပစ်သတ်ခံရတဲ့ အရေအတွက်ကတော့ ကျနော်တို့ ရန်ကုန်မှာ မရှိသေးဘူးလို့ ပြောလို့ရတယ်။ ဒါက ကျနော်တို့ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တွေ၊ ကျောင်းသားသမဂ္ဂမှာ ထဲထဲဝင်ဝင် လှုပ်ရှားနေတဲ့ ပုဂ္ဂိုလ်တွေထဲမှာတော့ လောလောဆယ်တော့ မရှိသေးဘူး။

မေး ။ ။ ဖမ်းဆီးခံရသူတွေအနေနဲ့ နှိပ်စက်ခံရမှုတွေ၊ ဒါမှမဟုတ် သူတို့ကို တရားစွဲထားတဲ့ အနေအထားတွေက ဘယ်လိုအခြေအနေ ရှိလဲ။

ဖြေ ။ ။ ကျနော်တို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂက အမှုဆောင်တချို့က အခုအချိန်မှာ ရုံးထုတ်တာတွေ ဘာတွေရှိတယ်။ အထူးသဖြင့်တော့ သူတို့ကို ၅၀၅ (က) နဲ့ တရားစွဲဆိုတယ်။ ဒါပေမဲ့ သူတို့ကို အင်းစိန်ထောင်အတွင်းမှာပဲ ရှိတဲ့ တရားရုံး ခေါ်မလား အဲဒီအထဲမှာပဲ အမှုစစ်ကြတယ်။ သူတို့ကို အပြင်ထုတ်တာတွေ၊ ရုံးထုတ်တာတွေ မရှိဘူး။ သူတို့ကတော့ မိသားစုတွေနဲ့ အဆက်အသွယ် ရှိတယ်။ တချို့သော ရဲဘော်တွေ ကျနော်တို့နဲ့ အတူတူ အလုပ်တွဲလုပ်ကြတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်က ရဲဘော်တချို့ကတော့ သုံးလေးယောက်လောက် ရှိတယ်။ သူတို့တွေကတော့ အခုအချိန်အထိ ပြင်ပနဲ့ ကျနော်တွေ၊ သူတို့မိသားစုတွေနဲ့ အဆက်အသွယ် မရဘူး။ အကျဉ်းထောင်ထဲက ပြန်ပြီးလွတ်လာတဲ့ ကျောင်းသားတချို့နဲ့ တွေ့ခဲ့သလောက် အပြောအရတော့ တော်တော်လေးကို ရက်ရက်စက်စက် နှိပ်စက်ထားတဲ့ အခြေအနေမျိုးမှာရှိတယ်။

မေး ။ ။ ဖမ်းဆီးခံရတဲ့ လူတွေထဲမှာ ကျောင်းသူတွေကော ပါသလားရှင့်။

ဖြေ ။ ။ ကျောင်းသူတွေပါတယ်။ ကျောင်းသူတွေ တော်တော်လေးများတဲ့ ရာခိုင်နှုန်းမှာ ရှိတယ်။ ဒါကတော့ စပြီးတော့ ဖမ်းဆီးခံရတဲ့ အခြေအနေမျိုးတွေ။ ဖမ်းဆီးခံရတုန်းက ရန်ကုန်မှာတင် ကျောင်းသား ကျောင်းသူတွေပဲ အယောက် (၂၀၀) ကျော်လောက် ဖမ်းဆီးခံရတာမျိုးတွေ ရှိတယ်။ အဲဒီလူတွေကတော့ လက်ရှိအခြေအနေမှာ ပြန်လွှတ်လာတာတွေ ရှိတယ်။

မေး ။ ။ အခုလိုမျိုး စစ်ကောင်စီက တော်တော်လေး ပြင်းပြင်းထန်ထန် ဖိနှိပ်ဖြိုခွင်းနေတဲ့ အပိုင်းမှာ သောကြာနေ့က သတင်းစာရှင်းလင်းပွဲမှာတင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသွားတာ တစ်နာရီအတွင်း လူ (၅၀၀) ပစ်မယ်ဆိုလဲ သူတို့ ပစ်နိုင်တယ်ဆိုတဲ့ အနေအထားမျိုး။ တဘက်မှာလဲ နိုင်ငံတကာကနေ အမြန်ဆုံး ဝင်ရောက်ကူညီဖို့ အထူးသဖြင့် ကုလသမဂ္ဂရဲ့ R2P နည်းလမ်းနဲ့ဝင်ဖို့။ လုံခြုံရေးကောင်စီမှာလည်း သောကြာနေ့က မြန်မာ့အရေးကို အလွတ်သဘော ဆွေးနွေးပွဲအနေနဲ့ လုပ်သွားတဲ့နေရာမှာ မြန်မာနိုင်ငံဆိုင်ရာဘက်က ကိုယ်စားလှယ်တွေဖြစ်တဲ့ CRPH က ယာယီနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့က တင်ပြသွားတာတွေ ရှိတယ်ဆိုတော့ အခုလို စစ်ကောင်စီက ဖိနှိပ်နေတာကို နိုင်ငံတကာက ရပ်တည်နေတဲ့ အနေအထားကို ဘယ်လိုမြင်ပါသလဲရှင့်။

ဖြေ ။ ။ လောလောဆယ်မှာတော့ ပြည်သူတွေ တချို့တွေလည်း ဒီအပေါ်မှာ အားမလို၊ အားမရ ဖြစ်ကြတာတွေ ရှိကြတယ်။ နိုင်ငံတကာအနေနဲ့ ဒီထက်ပိုပြီး ဖိအားပေးတာမျိုး သို့မဟုတ် တုံ့ပြန်တာမျိုးကို ဆောင်ရွက်သင့်တယ်ဆိုတဲ့ အနေအထားမျိုးတွေလည်း ပြောကြတာဆိုကြတာ၊ ဝေဖန်ကြတာ ရှိကြတယ်။ ဒီနေရာမှာ ကျနော် တဦးတည်းသဘောထားကတော့ ကျနော်တို့က ဒေသတွင်း အင်အားကိုတော့ မမေ့ကြဖို့လိုတယ်။ လက်ရှိအချိန်မှာ နိုင်ငံတကာက သူတို့အနေနဲ့ လုပ်လို့ရတဲ့ လုပ်ဆောင်ခွင့်၊ လုပ်ပိုင်ခွင့် ဘောင်အတွင်းကနေ လုပ်လို့ရသမျှအားလုံးကို သူလုပ်ပေးနေတယ်လို့ ယူဆတယ်။ အဲဒီအချိန်မှာ ကျနော်တို့တွေကလည်း ဒီအပေါ်မှာ မျှော်လင့်ထားမှု၊ မှီခိုထားမှုတွေ မဖြစ်ပေမယ့် ကိုယ့်ရဲ့ဒေသတွင်း အင်အားကို မမေ့ကြဖို့လိုတယ်။

မေး ။ ။ ဒေသတွင်း အင်အားဆိုတာ ဘယ်လို အင်အားမျိုးလဲ။

ဖြေ ။ ။ ကျနော်တို့က နောက်ပိုင်းမှာ စဉ်းစားဖြစ်တာက စစ်ကောင်စီကို စစ်ရေးအရ ပြန်ပြီးတော့ ရင်ဆိုင်ရမယ်မျိုးကို တော်တော်များများလည်း နားလည်လာကြပြီ။ သိလာကြပြီ။ စစ်ရေးအရ ပြန်ပြီးတော့ ရင်ဆိုင်နိုင်မယ်။ သူတို့ကို ဖြုတ်ချနိုင်မယ်ဆိုတဲ့ အခြေအနေမျိုး ရှိတယ်။ အဲဒီလိုမျိုးဆိုတဲ့အတွက် ကျနော်တို့ လက်ရှိအချိန်မှာ ပြင်ဆင်နေကြတဲ့ လူတွေလည်း ရှိတယ်။ ပြင်ဆင်နေကြတဲ့ ရဲဘော်တွေလည်း ရှိတယ်။ ဒါက တပိုင်းမှာ လက်နက်ကိုင်လမ်းစဉ်ပေါ့။ လက်နက်ကိုင်လမ်းစဉ်ကို သွားကြမယ်လူတွေ ရှိတယ်။ နောက်တလမ်းက မြို့တွင်းမှာပဲ ပြန်ပြီးတော့ ခုခံတိုက်ခိုက်ရေးလမ်းစဉ် - အဲဒီပုံစံမျိုးတွေနဲ့ ပြင်ဆင်နေကြတယ်။ အဲဒီလို အခြေအနေမျိုးမှာ ဒေသတွင်းမှာဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တွေ၊ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေ ရှိတယ်။ ဒီလိုအခြေအနေမျိုးတွေနဲ့ ကျနော်တို့က တကယ့်မဟာမိတ်တွေအဖြစ် အတူတူ စစ်ကောင်စီကို ဖြုတ်ချနိုင်ဖို့လိုတယ်။ ဒါတွေက ဒေသတွင်း အင်အားတွေလို့ပဲ ယူဆပါတယ်။

မေး ။ ။ အခု CRPH ဦးဆောင်ပြီးတော့ ဖယ်ဒရယ်ပြည်ထောင်စုအစိုးရ ပေါ်ပေါက်ရေး။ နောက် ဖယ်ဒရယ်တပ် ပေါ်ပေါက်ရေးဆိုပြီးတော့ ဦးတည်ချက်တွေနဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ၊ သူတို့လုပ်နေတဲ့ အခန်းကဏ္ဍကို ဘယ်လိုမြင်သလဲရှင့်။

ဖြေ ။ ။ CRPH အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းလိုက်ပြီးတော့ ဖယ်ဒရယ်ပဋိညာဉ် ထွက်လာတယ်။ ကျနော်တို့အနေနဲ့ ဖယ်ဒရယ်ပဋိညာဉ်ပေါ်မှာ တချို့သော နိုင်ငံရေးအင်အားစုတွေ၊ ကျောင်းသားသမဂ္ဂတွေ ဝေဖန်ကြတာတချို့တော့ ရှိတယ်။ ဒါဟာ ဖယ်ဒရယ်ပဋိညာဉ်ဟာ တိုင်းရင်းသားအားလုံး သဘောထားပါဝင်တဲ့ဟာမျိုးကို ဖြစ်ရမယ်ဆိုတဲ့ဟာပေါ့။ ဒီအခြေအနေမှာ ကျနော်တို့တွေက NCA ဆိုတာကို မေ့လိုက်ဖို့လိုပြီ။ ကျနော်တို့ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ တိုင်းရင်းသားလူမျိုးစု တော်လှန်ရေးအင်အားစုတွေကို ပြောတဲ့အခါမှာ NCA ထိုးထားတဲ့ အုပ်စုတွေကိုပဲ ဒီအချိန်မှာ ထောက်ပြလို့မရဘူး။ NCA မထိုးထားဘဲနဲ့ တတိုင်းပြည်လုံးမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေအားလုံး ပါဝင်နိုင်တယ်။ သူတို့ရဲ့ သဘောထားတွေအားလုံး ပါဝင်နိုင်တယ်။ သူတို့အားလုံး လက်ခံထားကြတဲ့ ပဋိညာဉ်မျိုး ဖြစ်ဖို့လိုတယ်ဆိုတာမျိုးကို ကျနော်တို့ ဝေဖန်ကြတာ ရှိတယ်။ ပြီးတော့ အဲဒီ ပဋိညာဉ်နောက်ပိုင်းမှာ နောက်ဆက်တွဲပေါ်လာမယ့် ဖွဲ့စည်းပုံအခြေခံ၊ ဖယ်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ - ဒီဟာက ကျနော်တို့ ဆက်ပြီးလုပ်ရမယ့် တော်လှန်ရေးနဲ့ စစ်ကောင်စီကို ဖြုတ်ချပြီး နောက်ဆုံး ဖယ်ဒရယ်နိုင်ငံတော်သစ်ဆီသွားတဲ့ လမ်းကြောင်းတခုလုံးနဲ့ တာသွားမယ့်ကိစ္စလို့ ကျနော်က ယူဆတယ်။ အဲဒီလိုမျိုး ဖြစ်တဲ့အတွက် လောလောဆယ်မှာ CRPH ရဲ့ လုပ်ဆောင်ချက်တွေကို ပြည်သူအားလုံးက တခဲနက်ထောက်ခံကြတယ်။ ကျနော်တို့ ကိုယ်တိုင်လည်း သူတို့နဲ့ ပူးပေါင်းဆောင်ရွက်လှုပ်ရှားနေကြတဲ့ အခင်းအကျင်းထဲမှာ ရှိနေတယ်။

ကျနော်တို့ တက္ကသိုလ် ကျောင်းသားသမဂ္ဂဆိုရင် CRPH နဲ့ ပုံမှန်အစည်းအဝေးတွေ လုပ်ကြတယ်။ သဘောထားအမြင်တွေ ဖလှယ်ကြတယ်။ နောက်ပြီးတော့ သူတို့နဲ့အတူတူ ပူးပေါင်းပြီး လုပ်ဆောင်နေကြတယ်။ လက်ရှိ ဒီလိုလုပ်ဆောင်ချက်တွေပေါ်မှာ အင်မတန် ကြိုဆိုတယ်။ ကောင်းတယ်။ ကျနော်တို့ကိုယ်တိုင်လည်း သူတို့နဲ့ ဆက်ပြီးတော့ ပူးပေါင်းဆောင်ရွက်သွားမှာတွေ ရှိတယ်။ သူတို့အနေနဲ့ လုပ်ဆောင်ရမယ့် လုပ်ဆောင်ချက်တွေကိုတော့ တချို့နေရာတွေမှာ ခပ်မြန်မြန်နဲ့ ပြတ်ပြတ်သားသားနဲ့ လက်ရှိအချိန်မှာ လုပ်ဆောင်နိုင်ကြဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ စိုးရိမ်တာက လူထုရဲ့ ရေချိန်ဟာ သိပ်ကြာသွားလို့ရှိရင် အန္တရာယ်များတယ်။ လူထုရဲ့ ရေချိန် တော်လှန်ရေးပေါ် နည်းနည်းကျသွားမှာကို စိုးရိမ်တယ်။ အဲဒါကြောင့် CRPH ပြောထားတဲ့ Federal Army ဆိုတာမျိုးကို ကျနော်တို့အနေနဲ့ တိုင်းရင်းသားလူမျိုးစုတွေ EAO တွေနဲ့ တကယ့်ကို အားလုံးသဘောတူညီလက်ခံတဲ့ မူတခုနဲ့ ညှိနှိုင်းပြီးတော့၊ ပဋိညာဉ်တခုနဲ့ ညှိနှိုင်းပြီးတော့ အမြန်ဆုံး အကောင်အထည်ဖော်ဖို့ လိုတယ်လို့တော့ ကျနော်တို့အနေနဲ့ တိုက်တွန်းချင်တယ်။

မေး ။ ။ လူထုအနေအထား - သူတို့ဘက်က ဘယ်လိုပဲဖြစ်ဖြစ် ဒီစစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းရေးကို လူထုက အဲဒီလို နည်းလမ်းတွေအတွက် အဆင်သင့် ဖြစ်နေတယ်လို့ မြင်ပါသလားရှင့်။

ဖြေ ။ ။ ကျနော်တို့ စပြီးတော့ စစ်အာဏာသိမ်းပြီး နာရီပိုင်းအတွင်း၊ ရက်ပိုင်းအတွင်းမှာ ကျနော်တို့ ကြုံတွေ့ရတဲ့ အခြေအနေမျိုးတွေ ရှိတယ်။ ကျနော်တို့လူငယ်တွေကို လူထုအနေနဲ့၊ နောက်ပြီးတော့ ကျောင်းသားတွေကို ပြည်သူတွေအနေနဲ့ တိုက်တွန်းတဲ့ စကားမျိုးတွေ။ ကျနော်တို့အနေနဲ့ အကြမ်းမဖက်သင့်ဘူး။ ကျနော်တို့တွေက အကြမ်းမဖက်တဲ့ လမ်းစဉ်နဲ့ပဲ သွားသင့်တယ် စသည်ဖြင့်ပေါ့။ အဲဒီအချိန်တုန်းကတော့ အဲဒီလိုမျိုး တိုက်တွန်းတာမျိုးတွေ ရှိခဲ့တယ်။ ဒါပေမဲ့ လက်ရှိအခြေအနေမှာ စစ်အုပ်စုရဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေ၊ ဖိနှိပ်မှုတွေကို သူတို့ကိုယ်တိုင် သေသေချာချာ သိမြင်လာတော့ ဘယ်လမ်းကြောင်းကို ဘယ်လိုသွားရမလဲ။ ဘယ်လမ်းစဉ်ကို ကိုင်စွဲရတော့မယ်ဆိုတာကိုလဲ လူထုဟာ လက်ရှိအချိန်မှာ တော်တော်လေးကို နားလည်လာပြီ၊ သိလာပြီလို့ ကျနော်တို့က ယူဆတယ်။ ယူဆတယ်ဆိုတဲ့အတွက် လူထုအနေနဲ့ အဆင်သင့် ဖြစ်ပါလိမ့်မယ်။ ကျနော်တို့က အဲဒီလိုပဲ ယုံကြည်တယ်။ ဒီအချိန်က ငါတို့ပြန်တိုက်ရမယ့် အချိန်ကို ရောက်နေပြီဆိုတာကို လူထုကိုယ်တိုင်က လိုလိုလားလားနဲ့ တိုက်တွန်းလာတဲ့ စကားမျိုးကို ကြားရတဲ့အတွက် အဲဒါကို အင်မတန်ကို အားတက်စေတယ်။ ဝမ်းသာစေတယ်။ လူထုအနေနဲ့ အဆင်သင့် ဖြစ်နေပါတယ်လို့ ကျနော် ယုံပါတယ်။

မေး ။ ။ စစ်တပ်က တော်တော်လေး ရက်ရက်စက်စက် ဖိနှိပ်နေတဲ့အခါကြတော့ အခုလို ကိုမင်းဟန်ထက်တို့ ကျောင်းသားသမဂ္ဂတွေ အပါအဝင် လူထုအနေနဲ့ ဒီဖိနှိပ်မှုတွေကို မြင်ရကြုံရတဲ့အခါမှာ ကြောက်ရွံတဲ့စိတ်မျိုး၊ စိတ်ဓါတ်ပိုင်းဆိုင်ရာမှာ ဘယ်လိုအခြေအနေတွေ ရှိသလဲရှင့်။
ဖြေ ။ ။ လူထုဆီမှာတော့ တချို့သော ကြောက်စိတ်တွေကိုတော့ နည်းနည်းတော့ တွေ့ရတယ်။ တွေ့ရတယ်ဆိုတဲ့အပိုင်းက သူတို့မှာလဲ သူတို့မိသားစုနဲ့ အိုးအိမ်နဲ့ စသည်ဖြင့် ဒီလိုအခြေအနေမျိုးတွေ ရှိနေတဲ့အတွက် တချို့သောအရာတွေမှာ အပြင်ကို မထွက်ရဲတော့တဲ့ အခြေအနေမျိုးတွေ။ ဈေးမသွားရဲတော့ဘူး။ နောက်ပြီးတော့ ဆန္ဒပြမှုတွေ၊ လူထုလှုပ်ရှားမှုတွေမှာ မပါဝင်ရဲတော့ဘူး။ မလုပ်ရဲတော့ဘူး။ ဒီလိုအခြေအနေမျိုးတွေကို တွေ့ရတယ်။ နောက်တချက်ကတော့ လူထုလှုပ်ရှားမှုတွေ လုပ်တဲ့အခါမှာ ကျနော်တို့က လမ်းတွေကို စစ်အုပ်စု မကျူးကျော်နိုင်အောင် လမ်းတွေပိတ်လိုက်တာတွေ၊ သဲအိတ်တွေ ချလိုက်တာတွေ ဒီလိုဟာမျိုးတွေ လုပ်တယ်။ စစ်အုပ်စုက ဒီအပေါ်မှာ သပ်လျှိုပြီး သွေးခွဲတာတွေ လုပ်တာမျိုးတွေရှိတယ်။ ကျနော်တို့ ကျောင်းသားသမဂ္ဂ စစ်ကြောင်းတွေကနေ အခုနပြောတဲ့ သဲအိတ်တွေ ပိတ်သွားတာဆိုရင် လူထုကို ပြန်ပြီးတော့ ဖယ်ခိုင်းတဲ့ နည်းလမ်းတွေ။ သေနတ်နဲ့ထောက်ပြီးတော့ အဲဒါတွေကို ဖယ်စမ်းဆိုတဲ့ ပုံစံမျိုးနဲ့ ဖယ်ခိုင်းတာဆိုရင် နောက်ပိုင်း လူထုက ကျနော်တို့ကို တားလာတဲ့ အနေအထား - လမ်းတွေမပိတ်ပါနဲ့၊ ဒီမှာတော့ လာပြီးတော့ ဆန္ဒမပြပါနဲ့။ အဲဒါမျိုးဆိုရင် ဒီည ငါတို့ရပ်ကွက်ကို သူတို့ဝင်ပြီးတော့ ဖိလိမ့်မယ်။ အဲဒါမျိုးဆို ငါတို့ကို သေနတ်နဲ့ထောက်ပြီးတော့ ဖယ်ခိုင်းလိမ့်မယ်ဆိုတဲ့ ကြောက်ရွံမှုမျိုးကို လူထုဆီမှာ ကျနော်တို့ နည်းနည်းတွေ့လာရတယ်။ အဲဒီအတွက်လဲ ကျနော်တို့တွေက လူထုကို ဒါက ကြောက်စရာမဟုတ်ဘူး။ ဒီပွဲမှာ ရှုံးမှသာ ပိုပြီးကြောက်ရမှာဆိုတဲ့ သတင်းစကားမျိုးတွေ။ နောက်ပြီးတော့ ကျနော်တို့ဘက်ကနေ သူတို့ကို Awareness လုပ်တဲ့အပိုင်းတွေကို အများကြီး ဒီအတောအတွင်းမှာ လုပ်ဖြစ်နေတယ်။

နောက်တချက်တော့ ကျနော်တို့ကိုယ်တိုင် လက်ရှိလှုပ်ရှားနေကြတဲ့ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တွေ ရှိတယ်။ ကျောင်းသားသမဂ္ဂ ရဲဘော်တွေ ရှိတယ်။ လူငယ်တွေ ရှိတယ်။ လူငယ်ဖြစ်တဲ့အတွက် ကျနော်တို့မှာ တဇွတ်ထိုးလုပ်တဲ့စိတ်မျိုး၊ သို့တည်းမဟုတ် တခုခုကို မစဉ်းစားဘဲနဲ့ ဒါဟာ ငါတို့လုပ်ကိုလုပ်ရမယ် ကိစ္စဆိုတဲ့အတွက် လုပ်တာမျိုးတွေ ရှိပေမယ့်၊ ကျနော်တို့ရဲ့ တကယ့်စိတ်ထဲမှာလဲ အနည်းဆုံးတော့ ပစ်သတ်ခံရမှာ၊ ခေါင်းထဲကို ကျည်းဆံဖောက်ဝင်လာမှာကိုတော့ ကျနော်တို့ ကြောက်ကြတာပဲ။ ဒါပေမဲ့ အခုန ကျနော်တို့ပြောခဲ့တဲ့ ငါတို့ကြောက်လို့မရဘူး၊ လက်ရှိအခြေအနေမှာ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တွေ၊ လူငယ်တွေသာ စပြီးတော့ ကြောက်နေမယ်ဆိုရင် ငါတို့ဘာမှ ဆက်လုပ်လို့ မရတော့ဘူးဆိုတာကို ကျနော်တို့ နားလည်ထားတယ်။ အဲဒီလိုဆိုပြီး အားလုံးက ကြောက်စိတ်တွေကို တတ်နိုင်သလောက် ဖယ်ရှားပြီးတော့ လုပ်နေကြပါတယ်။ ဒီဟာက ဓမ္မနဲ့ အဓမ္မ တိုက်ပွဲဆိုတော့ ကျနော်တို့တွေ ဒီပွဲမှာ နိုင်လိမ့်မယ်။ ဓမ္မကပဲ အနိုင်ယူလိမ့်မယ်လို့ ယုံကြည်တယ်။ ယုံကြည်တဲ့အတွက် လက်ရှိအခြေအနေမှာ သူတို့ကိုင်တွယ်နေတဲ့ပုံတွေ၊ လုပ်ဆောင်နေတဲ့ပုံတွေကလဲ သူတို့မှာ သေနတ်ရှိနေတဲ့အတွက်၊ လက်နက်ရှိနေတဲ့အတွက် သူတို့လုပ်နိုင်နေတဲ့ ကိစ္စတွေပဲ ဖြစ်တယ်။ ကျနော်ကတော့ အဲဒီလိုပဲ ယူဆပါတယ်။

မေး ။ ။ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားတဲ့အခါမှာ ဆွေးနွေးစကားပြောရတော့မယ်ဆိုတဲ့ နည်းလမ်းမျိုး ဖြစ်လာမယ်ဆိုရင်ကော ကိုမင်းဟန်ထက်တို့ အဲဒီနည်းလမ်းကို ရွေးမလားရှင့်။

ဖြေ ။ ။ ကျနော်တို့ အဲဒီလိုမျိုးတော့ အဖြစ်မခံဘူး။ စစ်တပ်နဲ့ စေ့စပ်ညှိနှိုင်းရမှာကိုတော့ ကျနော်တို့ လုံးဝရွေးချယ်မှာ မဟုတ်ဘူး။ ကျနော်တို့ရှေ့မှာ NLD အစိုးရလက်ထက်မှာလည်း စစ်တပ်နဲ့ လုပ်ဆောင်ခဲ့တဲ့ ကိစ္စတချို့တွေ ရှိတယ်။ ပြန်လည်ရင်ကြားစေ့ရေးဆိုတဲ့ ကိစ္စမျိုးတွေကို NLD အစိုးရအနေနဲ့ တည်ခဲ့တယ်။ ဒါပေမဲ့ စစ်အာဏာရှင်ဆိုတဲ့ သဘောသဘာဝက ဒီလိုစေ့စပ်ညှိနှိုင်းရေးနဲ့ မရဘူး။ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက်ပဲ သူတို့က ဆက်ပြီးတော့လုပ်မှာ။ ဒီတိုက်ပွဲမှာလည်း ထို့အတူပါပဲ သူတို့နဲ့ ကျနော်တို့ စေ့စပ်ရေးလမ်းကြောင်းကို သူ့ဘက်ကပဲ စလို့ပဲဖြစ်ဖြစ်၊ တစုံတခုကြောင့် သွားလိုက်ပြီဆိုရင် ဒီစစ်အာဏာရှင်စနစ် နောက်ထပ်ဆက်ပြီးတော့ ရှင်သန်နေမှာ။ အမြစ်ပြတ်သွားမှာ မဟုတ်ဘူး။ တချိန်ချိန်မှာ နောက်ထပ် ဆယ်နှစ်လည်း ဖြစ်နိုင်တယ်။ သို့တည်းမဟုတ် နောက်ထပ်ငါးနှစ်လည်း ဖြစ်နိုင်တယ်။ အဲဒီလိုအချိန်မှာ ဒီလိုစစ်အာဏာသိမ်းမှုတွေ စစ်အာဏာရှင်စနစ် ဒီလိုပြန်ပြီးတော့ ဝုန်းကနဲ့ထပြီးတော့ ပေါ်လာမျိုးတွေ အချိန်မရွေး ဖြစ်သွားနိုင်တယ်။ အဲဒီတော့ ကျနော်တို့တွေက ရေတိုတခုကို ကြည့်လို့မရဘူး။ ရေရှည်ကြည့်ပြီးတော့ ကျနော်တို့နိုင်ငံရဲ့ နောင်နှစ်ပေါင်းများစွာကိုပါ ဆက်ပြီးတော့ ကြည့်ရလိမ့်မယ်။ အဲဒီလိုမျိုး ကြည့်တဲ့အခါမှာတော့ ညှိနှိုင်းရေးလမ်းကြောင်းက လုံးဝအဆင်မပြေဘူး။ လက်ရှိရှိနေတဲ့ စစ်အာဏာရှင် သဘောတရားမျိုးက ညှိနှိုင်းလို့ မရဘူးလို့ပဲ ကျနော်က ယူဆတယ်။ အဲဒီလိုမျိုး ဖြစ်တဲ့အတွက် ညှိနှိုင်းရေးလမ်းကြောင်းကို မသွားသင့်ဘူး။

မအင်ကြင်းနိုင် ။ ။ ဒါကတော့ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းဟန်ထက် ဖြစ်ပါတယ်။ အခုလို VOA မြန်မာပိုင်းကို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကိုမင်းဟန်ထက်ကို ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။

ကိုမင်းဟန်ထက် ။ ။ ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ်။


==Unicode==





မေး ။ ။ အဲဒီတော့ တက်ကသိုလျကြောငျးတှကေ အခုဟာက ဖှင့ျထားတာလား။ တက်ကသိုလျကြောငျးတှရေဲ့ အခွအေနကေ ဘယျလိုရှိသလဲ။























XS
SM
MD
LG