သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်တတိယလှိုင်း လွန်မြောက်နိုင်ခြေ


အမေရိကန်ပြည်ထောင်စုက ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက် နှင့် မအင်ကြင်းနိုင် (VOA)
အမေရိကန်ပြည်ထောင်စုက ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက် နှင့် မအင်ကြင်းနိုင် (VOA)
တိုက်ရိုက် လင့်ခ်

ကိုဗစ်တတိယလှိုင်းကူးစက်မှုတွေ မြန်မာနိုင်ငံမှာ နည်းပါးလာပုံတွေ့ရပေမဲ့ အခုတခေါက် ရောဂါကူးစက်မှု ပြင်းပြင်းထန်ထန်မကြုံလိုက်ရတဲ့ တခြားမြို့ကြီးတွေမှာ ကူးစက်မှုမြင့်တက်လာကိန်းရှိတာမို့ သတိအထူးထားဖို့ အမေရိကန်ပြည်ထောင်စုက ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက်က သတိပေးပါတယ်။ မအင်ကြင်းနိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ မင်္ဂလာပါဆရာ။ အခု ကိုဗစ်တတိလှိုင်းကို အလူးအလဲ ခံနေရတဲ့ မြန်မာနိုင်ငံမှာ နောက်ဆုံးအခြေအနေတွေကို ကြည့်မယ်ဆိုရင်တော့ မြေပြင်ကလာတဲ့ သတင်းတွေအရ ကူးစက်မှုနှုန်း၊ သေဆုံးမှုနှုန်းတွေက နေ့စဉ်ရှိနေပေမယ့်လဲ အရင်ကထက်စာလို့ရှိရင် တစုံတရာ ကျသွားတယ်၊ နည်းသွားတယ်လို့ ကျမတို့ ကြားရပါတယ်။ ဒါပေမဲ့လဲ မြန်မာနိုင်ငံမှာက တိကျတဲ့စာရင်း ပြုစုနေတဲ့အပေါ်မှာကြတော့ မေးခွန်းထုတ်စရာတွေလည်း လက်ရှိမှာ ရှိနေလေတော့၊ ဆရာတို့လို တကယ့်အတွေ့အကြုံ ပြည့်ဝပြီးတော့၊ အမေရိကန်နိုင်ငံမှာလည်း ကူးစက်ရောဂါနဲ့ ပတ်သက်ရင်လည်း အထူးကုတစ်ယောက်အနေနဲ့။ နောက် ကိုဗစ်ကပ်ရောဂါနဲ့ ပတ်သက်ရင်လည်း ဆရာကိုယ်တိုင်က အရင်ကတည်းကိုက လူနာတွေကိုလည်း ကုသလာတယ်ဆိုတော့ အမေရိကန်နိုင်ငံမှာ ကိုဗစ်ထိန်းချုပ်ရေးပိုင်းမှာလည်း ပါတယ်ဆိုတော့ မြန်မာနိုင်ငံက ကိုဗစ်-၁၉ ခံနေရတဲ့ အခြေအနေကို ဆရာတို့ ဘယ်လိုသုံးသပ်မလဲရှင့်။

ဖြေ ။ ။ ကျနော်ထင်တာပေါ့ - လက်ရှိအနေအထားတစ်ခုက ကျနော်တို့ New York မှာ ဖြစ်ခဲ့တာနဲ့ နှိုင်းယှဉ်ပြောရရင် New York မှာ မတ်လမှာ နည်းနည်းလေးစဖြစ်တယ်။ တကယ်သိသိသာသာ ဖြစ်သွားတာ ဧပြီလ။ ဆိုတော့ မြန်မာနိုင်ငံမှာဆိုလဲ လွန်ခဲ့တဲ့ တစ်လကတော့ Peak ဖြစ်ခဲ့တယ်။ တချို့မြို့တွေမှာ အထူးသဖြင့် ရန်ကုန်တို့ - ကျနော် သိသလောက်တော့ ရန်ကုန်မှာ တော်တော်လေး ဖြစ်တယ်။ မန္တလေးမှာလည်း တော်တော်လေး ဖြစ်တယ်လို့ ပြောတယ်။ ဒါပေမဲ့ မန္တလေးကရတဲ့ သတင်းတွေအရတော့ ရန်ကုန်လောက် မဆိုးလှဘူးလို့ သိရတယ်။ ဖြစ်တော့ဖြစ်တယ် ရန်ကုန်လောက်တော့ မဖြစ်ခဲ့ဘူး။ ဒုတိယတစ်ခုကတော့ သူတို့အနေအထားက ကျနော်ထင်ပါတယ် အခုအခြေအနေကတော့ Peak ကို ကျော်လာပါပြီ။ Peak ကို ကျော်လာပြီးတော့ Slope က အောက်ဘက်ကို စဆင်းလာတဲ့ အနေအထားတစ်ခုတော့ ရှိတယ်။ ဆိုတော့ အဲဒီလို ဆင်းလာတဲ့ အနေအထားတစ်ခုမှာ သေနှုန်းကတော့ ရှိလာအုံးမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပထမ Peak မှာတုန်းက ဒုက္ခရောက်ထားတဲ့လူတွေ၊ ဆေးရုံမှာ ကျန်နေတဲ့လူတွေ၊ တချို့လူတွေက ဆေးရုံမှာ အောက်ဆီဂျင်နဲ့ အကြာကြီးကုစားနေသူတွေ။ တချို့တွေက ဆေးရုံမှာ အသက်ကယ်စက်ပေါ် ရောက်နေတဲ့လူတွေ။ အဲဒါတွေရဲ့ နောက်ဆက်တွဲ ပြဿနာတွေပေါ့။ Peak ကတော့ ကျော်လာပါပြီ။ ဒါကတော့ အမှန်တရားပါ။

Peak က ဘယ်နိုင်ငံမှာမဆို တစ်လလောက်ပါပဲ။ ဘာဖြစ်လို့လဲဆိုရင် တစ်လဆိုရင် နိုင်ငံတနိုင်ငံ၊ မြို့တမြို့ရဲ့ (၅) ရာခိုင်နှုန်းလောက် လူဦးရေ ဆုံးရှုံးမှုရှိတယ်ဆိုတော့ ကျနော်တို့ New York မှာလည်း သိန်းနဲ့ချီပြီးတော့ ဆုံးရှုံးသွားတယ်။ တကမ္ဘာလုံးမှာလည်း အခုဆိုရင် (၆ - ၇) သိန်းနီးပါး လူဦးရေဆုံးရှုံးခဲ့တယ်။ ခြုံပြီးတော့ ကြည့်ရရင်တော့ Slope တစ်ခုရဲ့ အောက်ဘက်ကို ကျလာတယ်။ ကျလာတယ်ဆိုပေမယ့် Flat Line တော့ မြန်မာနိုင်ငံမှာ မရောက်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ Flat Line ရောက်ဖို့က နည်းနည်းအချိန်ပေးရတယ်။ တစ်လကျော်ကျော်လောက် ပေးရမယ်ဆိုတော့ ခန့်မှန်းချေ ပြောရမယ်ဆိုရင် အခုဆိုရင် သြဂတ်စ်၊ စက်တင်ဘာလလောက်ဆိုရင် ကျနော်တို့ မှန်းထားတာတော့ ရန်ကုန်အပါအဝင် အကုန်ဖြစ်ခဲ့တဲ့ မြို့ကြီးတွေမှာ Flat ဖြစ်သွားပါလိမ့်မယ်။ ဒါပေမဲ့ Flat ဖြစ်သွားတယ်ဆိုပေမယ့် တခြားမြို့တွေမှာတော့ Flat ဖြစ်မှာတော့ မဟုတ်သေးပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်ကို US နဲ့ နှိုင်းယှဉ်ကြည့်ပြောရင် ဒီမှာ တကယ်ဖြစ်တုန်းက New York, New Jersey, Connecticut မြို့ (၃) ခုမှာ စဖြစ်ခဲ့တယ်။ တကယ်တမ်းတော့ US ကို စဝင်လာတာ California ဘက်မှာ ဖြစ်ကြတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ California နဲ့ Washington State မှာ အဲဒီတုန်းက ဖြစ်ခဲ့တဲ့ Case က နည်းနည်းလေးပဲရှိတော့ First experience က ဒီနိုင်ငံမျာဆိုရင် California ဖြစ်ပေမယ့်၊ California က သိပ်မဖြစ်လိုက်တော့ ဘာမှမသိလိုက်ဘူး။ အဲဒီတုန်းက Lockdown တွေ လုပ်ချလိုက်ပြီးတော့ Okay ငါတို့ နိုင်တယ်ဆိုပြီးတော့ လုပ်ခဲ့ကြတယ်။ ဒါပေမဲ့လဲ New York ဖြစ်သွားပြီး၊ နောက်ထပ်တစ်လခွဲကျော်ကျော် စက်တင်ဘာလမှာ New York က တကယ်ကျသွားတဲ့အချိန်က ဧပြီ၊ မေလမှာ။ ဇွန်လိုင်လလောက်မှာစပြီးတော့ California မှာ Case တွေ ထပ်ဖြစ်ပြီး၊ Big Peak သွားဖြစ်တယ်။

သဘောတစ်ခုက ပြောရရင်တော့ နယ်တွေဘက်မှာ ဖြစ်လာမယ့်အနေအထားတော့ ရှိတယ်။ နယ်ဆိုတာက ကျနော်ပြောချင်တာ မြို့ကြီးတွေပေါ့။ မော်လမြိုင်၊ ထားဝယ်၊ မြိတ်စတဲ့ မြို့ကြီးတွေမှာ ဖြစ်နိုင်တယ်လို့ ပြောချင်တာပါ။

မေး ။ ။ အဲဒီတော့ ရန်ကုန်မှာ အခုအခြေအနေက တော်တော်လေး ဆိုးလာပြီး၊ နောက်ပိုင်း နည်းနည်းလေး ပြန်ကျလာလို့ရှိရင် တခြားမြို့ကြီးတွေ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး စတဲ့ နေရာတွေမှာ ကူးစက်မှုက ပြန်ပြီးတော့ မြှင့်လာနိုင်တဲ့ အနေအထား ရှိနေတဲ့ သဘောပေါ့။

ဖြေ ။ ။ ရှိပါတယ်။ ရှိမယ့် Chance လည်း တော်တော်လေးတော့ ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုနပြောသလိုပဲ ဒီမှာ လှိုင်းက - ဗိုင်းရပ်စ်ပိုးက လေထဲက သွားနေတာဆိုတော့ ဖြစ်မှာပဲ။ အခြားမြို့တွေ မကူးနိုင်ဘူးဆိုတာ မဖြစ်နိုင်ဘူး။ ကူးကိုကူးမှာ။

မေး ။ ။ အဲဒီမှာ လူတွေရဲ့ ခံနိုင်ရည် ရှိမှုအပိုင်း။ အဲဒါက ဘယ်လောက်အထိ သက်ရောက်မှုတွေ ရှိသလဲ။ အခု မြန်မာနိုင်ငံမှာဆိုရင် ကိုဗစ်လူနာတွေက ပြန်ပြီးတော့ ကောင်းလာတာတွေလည်း ရှိတယ်။ သေဆုံးသွားသူတွေလည်း ရှိတယ်။ ကောင်းလာတဲ့လူတွေလည်း တော်တော်လေး ရှိလာတော့ ဒီဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံမှာ ခံနိုင်ရည်ရှိမှု၊ လူတွေရဲ့ ခံနိုင်ရည်ရှိမှုနဲ့ အခြေအနေကော ဆရာတို့ ဘယ်လိုမြင်သလဲ။

ဖြေ ။ ။ ရောဂါရပြီးတော့ Immunity ရလာတဲ့ အပိုင်းပေါ့။ ရောဂါရပြီး Immunity အပိုင်းက ကိုဗစ်မှာ ဒီလောက်ကြီးအထိ အားကိုးလို့မရသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုရဖို့ဆိုရင် ကျနော်တို့က epidemiologist တွေ ခန့်မှန်းတာက ၅၀-၆၀ ရာခိုင်နှုန်းကျော်သော လူဦးရေက infective ဖြစ်ရမယ်။ အနည်းဆုံး ၆၀-၇၀ နီးပါး infective ဖြစ်ရင်တော့ herd immunity ဆိုတဲ့ ရောဂါရတဲ့နေရာကနေ immunity ရလာတာပေါ့။ အဲဒီလိုရဖို့အတွက်က ၆၀ ရာခိုင်နှုန်းမှာ လူဦးရေ မြန်မာနိုင်ငံလို သန်း (၅၀) ရှိသော လူဦးရေမှာ (၆၀) ရာခိုင်နှုန်းထားပါတော့ - (၅၀) ရာခိုင်နှုန်းပဲတွက်ကြည့် (၂၅) သန်း ရရမယ်။ အဲဒီ (၂၅) သန်းမှာ ရောဂါရလို့ရှိရင် ဘယ်လောက်ကြီးပဲကောင်းကောင်း treatment ကိုပေးပေး၊ (၂ - ၃) ရာခိုင်နှုန်း ဆုံးရှုံးမှု ရှိတယ်ဆိုတယ်။ လူဦးရေ (၂၅) သန်း တကယ်လိုသာ ရောဂါဖြစ်တယ်ဆိုရင် လူဦးရေ သိန်းပေါင်းမြောက်မြားစွာ အသက်ဆုံးရှုံးမယ်ဆိုတော့ ဒါကလဲ မဖြစ်နိုင်တဲ့အပိုင်းပေါ့။ ဒါကြောင့်မို့ သူတို့က Herd Immunity ကို မယူဘဲနဲ့ ရအောင် Vaccine နဲ့ Control လုပ်မယ်ဆိုပြီးတော့ US တို့ UK တို့ရဲ့ ပေါ်လစီက Vaccine ကို ရှိသမျှလူတွေကို ထိုးပေးတာ။ မထိုးထိုးအောင် ဖိအားပေးတာပေါ့။

မေး ။ ။ Delta Virus ဖြစ်လာတဲ့ အခြေအနေမှာ ကူးစက်ခံရတဲ့လူတွေက အခုနောက်ပိုင်းမှာ ထွက်လာတဲ့ အချက်အလက်တွေအရဆိုရင် ရိုးရိုးဖျားနာပျောက်ဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေနဲ့လည်း သက်သာစေတယ်ဆိုတဲ့ အချက်တွေလည်း ထွက်လာတာရှိတယ်။ အဲဒီအပေါ် ဆရာ ဘယ်လိုမြင်ပါသလဲရှင့်။

ဖြေ ။ ။ ကျနော် အခုနပြောသလိုပါပဲ ဒီရောဂါက လူအယောက်တစ်ရာဖြစ်ရင် (၈၅) ယောက်က သူ့ဘာသာသူ ကောင်းသွားတယ်။ တကယ်တမ်း ဘာမှကုစရာတောင် မလိုဘူး။ ကုစရာဆေးကလည်း ဒီနေ့ဒီအချိန်အထိ မရှိသေးဘူး။ ဒါကတော့ အမှန်ပဲ။ ဒါပေမဲ့ ပြဿနာတစ်ခုက ဘာလဲဆိုတော့ ဘယ်သူက (၈၅) ရာခိုင်နှုန်းမှာပါပြီးတော့ ဘယ်သူက (၁၃) ရာခိုင်နှုန်းနဲ့ ဘယ်သူက ဒုက္ခရောက်မယ့် (၂) ရာခိုင်နှုန်းလဲဆိုတာကို ဘယ်သူမှ ခွဲလို့မရဘူး။ အဲဒါက တော်တော်လေးကို ဒုက္ခပေးတဲ့အပိုင်း။ ကျနော်တို့က ပြောချင်တဲ့သဘောက ရောဂါလက္ခဏာ စပြတယ်။ အဲဒီအချိန်ကျရင် မပေါ့ပါနဲ့။ နားလည်တဲ့ ဆရာဝန်တွေ မြန်မာနိုင်ငံမှာ အများကြီးရှိပါတယ်။ ကုပေးနေတဲ့ ဆရာဝန်တွေလည်း အများကြီးရှိပါတယ်။ သူတို့နဲ့ စကားပြောပါ။ ပြီးတော့ ရောဂါဖြစ်တဲ့ဟာကို မဟုတ်ပါဘူးဆိုပြီးတော့ ကိုယ့်ဘာသာ Denial – ဒီနိုင်ငံမှာလည်း ဖြစ်ခဲ့တယ်။ ဒီနိုင်ငံမှာ စဖြစ်ခဲ့တဲ့အချိန်တုန်းက ဒီရောဂါကြီးက မကောင်းတဲ့ရောဂါကြီးလိုပဲ လူထုထဲမှာ ပြန့်သွားမှာ အရမ်းဆိုးတယ်။ ကျနော်ပြောသလို ဘာမှမဖြစ်ပါဘူး။ ရောဂါက ရောဂါပဲ ဘာဖြစ်လို့ ကြောက်စရာလိုလို့လဲ။ သဘောတစ်ခုက ရောဂါတစ်ခုကို အဲဒီအတွက်ကြောင့် ပြောချင်တဲ့သဘောကတော့ နားလည်တဲ့လူနဲ့ စကားပြောပါ။ ပြောလို့ရှိရင် အများစုသော လူတို့က Monitor ပဲ လိုတာ။ ကျနော် တော်တော်များများ ဒီကာလထဲမှာ အများကြီးတော့ မကုနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က ဒီနိုင်ငံမှာ နေနေတာဆိုတော့ အများစုကို တယ်လီဖုန်းနဲ့ပဲ ကုတာပါ။ လူဦးရေအားလုံးပေါင်း (၇၀) ကျော်ကျော်လောက်တော့ စကားပြောခဲ့ကုခဲ့ပါတယ်။ တစ်လအတွင်း (၇၀) နဲ့ (၈၀) ကြားထဲမှာ။ ကျနော် အများဆုံးသုံးရတဲ့ဆေးက Testosterone ပဲ ရှိတယ်။ မြန်မာပြည်ကလူတွေ သုံးနေတဲ့ Remdesivir လည်း မသုံးပါဘူး။ ကျနော့်လူနာတွေ အောက်ဆီဂျင်လိုလားဆိုတော့ လိုတာပေါ့။ တချို့လူနာတွေဆိုရင် အောက်ဆီဂျင်က (၅) လီတာ (၆) လီတာလောက်အထိ ပေးရတဲ့လူနာတောင် ရှိတယ်။ (၈) လီတာလောက်အထိ ပေးရတဲ့လူနာတောင် ရှိဖူးတယ်။ တချို့လူနာတွေဆို အောက်ဆီဂျင် မရှိလို့ တချို့ညတွေမှာ နည်းနည်းလေးပေးလိုက်၊ နာရီဝက်လောက်ပေးလိုက်၊ နာရီဝက်လောက်ရပ်လိုက်နဲ့ ဒါမျိုးလုပ်ခဲ့ရတဲ့ ရက်တွေလည်း ရှိခဲ့ဖူးပါတယ်။ ကောင်းသွားတဲ့တစ်ချက်က Oxygen Concentrator တွေ မြန်မာနိုင်ငံမှာ ရလိုက်တယ်။ ဘယ်လိုအမျိုးအစားပဲဖြစ်ဖြစ် ရလိုက်တော့ တော်တော်လေးကို အဆင်ပြေတယ်။ မြန်မာနိုင်ငံမှာ တတ်တဲ့ဆရာဝန်တွေလည်း အများကြီးရှိပါတယ်။ သူတို့နဲ့ တိုင်ပင်ပါ။ အိမ်ထဲမှာ ကြိတ်ပြီးတော့ ကုရင်တော့ ဒုက္ခရောက်ပါတယ်။ ဒီရောဂါက။ ဒါက အမှန်အတိုင်းပါ။

မေး ။ ။ အဲဒီတော့ ကိုဗစ်တတိယလှိုှုင်းမှာ အဓိကတော့ Delta Virus ပေါ့။ အဲဒီဗိုင်းရပ်စ်ရဲ့ လက္ခဏာတွေက - အခုဆရာတို့ နောက်ဆုံးတွေ့ရှိချက်အရဆိုရင် ဒီဗိုင်းရပ်စ်ရဲ့ လက္ခဏာက လူတွေမှာ ဘယ်လိုမျိုး တွေ့ရသလဲ။ အဆိုးဆုံးအနေအထားက။

ဖြေ ။ ။ ကျနော့်အတွေ့အကြုံအရဆိုရင် အခုလက်ရှိ ဒီနိုင်ငံမှာ Delta နဲ့ တက်လာတဲ့လူနာတွေ ရှိပါတယ်။ ဒုက္ခရောက်တဲ့လူတော့ အခုထက်ထိတော့ မတွေ့ရသေးပါဘူး။ ဒါက နည်းလည်းနည်းပါသေးတယ်။ လက္ခဏာကတော့ ဆိုးတော့ဆိုးတယ်။ သိသိသာသာ ဆိုးတဲ့တစ်ချက်က ဘာလဲဆိုတော့ နုန်းချည့်တာ။ အရင်တစ်ခေါက်တုန်းကလည်း တွေ့တယ်။ ဒါပေမဲ့ ဒီတစ်ခေါက် Delta ရဲ့ နုန်းတဲ့ဟာက တော်တော်လေး ပြင်းထန်တယ်။ တော်တော်လေး ပြင်းတယ်ဆိုတာ ဥပမာ ဒီနေ့ဆိုလဲ လူနာတစ်ယောက်တွေ့တယ်။ နုန်းတဲ့ဟာက ဘာမှမလုပ်ချင်၊ လူက သန်သန်မာမာ ဖျတ်ဖျတ်လတ်လတ် လူတစ်ယောက်ကနေ လုံးဝရောဂါသည်ကြီးလို ကုတင်ပေါ်မှာ လဲသွားတဲ့ အနေအထားတစ်ခုကို ဖြစ်သွားတာ။ ဆိုတော့ အရင်းဗိုင်းရပ်စ်တွေတုန်းက မဖြစ်ဘူးလားဆိုရင် ဖြစ်တာပေါ့။ ဒါပေမဲ့ ဒီလောက် မဆိုးဘူး။ သူနုန်းတဲ့ဟာက မြန်မာနိုင်ငံမှာလည်း အရမ်းသိသာတယ်။ ဥပမာပြောရရင် ကျနော်ကုသခဲ့တဲ့ အမျိုးရင်းခေါက်ခေါက်ဆိုလဲ ကြည့်နေရင်တန်းလန်းနဲ့ သိသိသာသာ လူက တကယ်လူမမာ ဆိုးဆိုးဝါးဝါးကြီး ဖြစ်သွားတာ။ Delta ရဲ့ ထူးခြားတဲ့အချက်ပေါ့။ နောက်ထပ်တစ်ချက်ကတော့ အခုနပြောသလိုပဲ အကုန်လုံး ကြောက်တဲ့ဟာကတော့ အရမ်းပွားတာ၊ အရမ်းမြန်တယ်။ အဆ (၅၀) နှုန်းရှိတယ်။ ဒါလဲမှန်ပါတယ်။ အရင်တုန်းက ကျနော်တို့တွေ့တယ် - အစပိုင်း ကိုဗစ်ဖြစ်ချိန်တုန်းက အိမ်တစ်အိမ်မှာ တစ်အိမ်လုံးဖြစ်တယ်ဆိုတာ သိပ်ရှားတယ်။ သုံးလေးယောက်ဖြစ်တယ်၊ ကျန်တဲ့လူ မဖြစ်ဘူး။ ကလေးတွေ မဖြစ်ဘူး။ အခု Delta က Replication က အရမ်းမြန်တဲ့အတွက်ကြောင့် ကူးစက်နှုန်း အရမ်းမြန်တဲ့အတွက်ကြောင့် တစ်ယောက်ဖြစ်တာနဲ့ တစ်အိမ်လုံး ဖြစ်ဖို့အခွင့်အရေး တော်တော်လေးကို များသွားတယ်။ ဆိုတော့ အိမ်မှာ ကလေးရှိရင်လဲ ကလေးလည်း ကူးတယ်။ အရင်တုန်းကဆိုရင် ကျနော့်ဆေးခန်းတွေမှာ လာကြတာပဲ - အဖေကူးတယ်၊ အမေကူးတယ်။ အဖိုးအဖွားတွေ ကူးတယ်။ ယောက္ခမကူးပေမယ့် ကလေးတွေက အိုကေနေတယ်။ ဘာမှမဖြစ်ခဲ့ဘူး။ အခုကတော့ ကလေးကအစ အကုန်လုံးကို ကူးစက်သွားတယ်။ ပြောရမယ်ဆိုရင် ကလေးက တော်တော်လေးကို စစ်ရခက်တယ်။ နှာခေါင်းထဲကိုထည့်ပြီးစစ်တာ - ကျနော်က ကလေးကုတဲ့ ဆရာဝန်လည်း မဟုတ်တော့ - အတွေ့အကြုံအရ (၅) ယောက်လောက်ကို စစ်ဖူးတယ်။ တော်တော့်ကို ခက်တယ်။ ကလေးတွေက မခံနိုင်ဘူး။ စဉ်းစားကြည့် ကိုယ်တောင်မှ နှာခေါင်းထဲကို ထည့်စစ်တာ အတော်ခံရတော့ ကလေးကို စစ်ရတာ တော်တော်လေးကို ခက်ခဲတယ်။ အဲဒီအပိုင်းတွေလည်းပါတယ်။ အခုဟာက Delta က ကျနော်တို့အနေနဲ့ Delta ကို ကြောက်လားဆိုတော့ ကြောက်တာတော့ မကြောက်ဘူး၊ ဒါပေမဲ့ Delta က ကူးစက်မှုအရမ်းမြန်တယ်။ နံပါတ်နှစ်အချက်က Delta က ပိုပြီးတော့ ဆိုးဆိုးဝါးဝါး ထိခိုက်တာတော့ မဟုတ်ဘူး။ ဒါပေမဲ နုန်းချည့်မှုကတော့ သိသိသာသာကြီးကို ဖြစ်တယ်။ ဒီလိုမျိုး Delta ကြောင့် ကျောက်ကပ်တွေ ပျက်တာတို့၊ အဲဒါမျိုးတွေတော့ မရှိပါဘူး။ ဆိုတော့ ထူးထူးခြားခြား လက္ခဏာရယ်လို့တော့ လောလောလတ်လတ်တော့ မတွေ့ပါဘူး။ မြန်မာနိုင်ငံမှာလည်း ဒီလောက်တော့ မတွေ့ပါဘူး။ ဒါပေမဲ့ Delta ကတော့ တော်တော်လေးတော့ ပြန့်တာတော့ အမှန်ပါပဲ။

မအင်ကြင်းနိုင် ။ ။ ဒါကတော့ New York က ကူးစက်ရောဂါ ကျွမ်းကျင်သူ၊ အထူးကုဆရာဝန် ဒေါက်တာဇေယျာသက်ပါ။ အခုလိုမျိုး VOA မြန်မာပိုင်းကို အချိန်ပေးပြီး ပြောကြားပေးတဲ့အတွက် ဒေါက်တာဇေယျာသက်ကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

ဒေါက်တာဇေယျာသက် ။ ။ အမကိုလည်း ကျေးဇူးတင်ပါတယ်။


===Unicode===

















XS
SM
MD
LG