ပြီးခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းပြီးတော့ ရွေးကောက်ပွဲသစ် ပြန်လုပ်မယ်ဆိုပြီးတော့ စစ်ကောင်စီဘက်က ကြေညာပေမယ့်၊ လာမယ့်ရွေးကောက်ပွဲပေါ် လူထုယုံကြည်မှုရဖို့ ခက်မယ်လို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။ လက်ရှိနိုင်ငံရေးမှာ ကြုံနေရတဲ့ အကျပ်အတည်းတွေကို နိုင်ငံရေးအရ ဖြေရှင်းရမယ်လို့ သူ့ရဲ့အယူအဆကို ပြောပြီးတော့၊ အခုလို ထိပ်တိုက်ဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေကြောင့် ကိုယ့်ရဲ့ယုံကြည်ရာကို ခက်ခက်ခဲခဲပါ ပြောယူနေရတယ်လို့ တချိန်က ကျောင်းသားခေါင်းဆောင် ဖြစ်ခဲ့တဲ့ ဦးကိုကိုကြီးက ပြောပါတယ်။ ကိုရန်နိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဖြေ ။ ။ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းမှုမှာ တပ်ကတော့ အာဏာထိန်းတယ်လို့ ပြောတာပေါ့။ အဲဒီလို အခြေအနေ ဖြစ်လာတာကိုယ်၌က အရပ်ဘက်-စစ်ဘက် ဆက်ဆံမှု ပျက်စီးတာကို ပြတာလို့ ကျနော် အဲဒီလိုပဲ မြင်ပါတယ်။ အဲဒီတော့ အချိန်ကာလကန့်သတ်ချက်တွေအရ ဖွဲ့စည်းပုံ ၂၀၀၈ အရ အာဏာထိန်းတယ်ဆိုတော့ (၂) နှစ်အတွင်းမှာ ရွေးကောက်ပွဲ လုပ်ပေးရမယ်။ အဲဒါမှ မလုပ်နိုင်ဘူးဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဟာ သူတို့ကိုယ်တိုင်က ဖျက်သိမ်းလိုက်ပြီဆိုတဲ့သဘော သက်ရောက်တယ်။ ဒါကြောင့် သူတို့က (၂) နှစ်အတွင်း ရွေးကောက်ပွဲ ပြန်လုပ်ပေးမယ်ဆိုတာကိုတော့ ဖွဲ့စည်းပုံကို ကိုးကားပြီးတော့ ကတိပြုတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ပြည်သူတွေရဲ့ အမြင်မှာက စစ်တပ်က ရွေးကောက်ပွဲတွေ လုပ်ပေးတယ်။ ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေကို ဖျက်သိမ်းခံရတယ်။ အကောင်အထည် မပေါ်ဘူးဆိုတဲ့အချိန်မှာ ရွေးကောက်ပွဲလုပ်ပြီး တက်လာတဲ့ ကိုယ်စားလှယ်တွေ အာဏာလွှဲမယ်ဆိုတဲ့ ကတိလောက်နဲ့တော့ ပြည်သူတွေရဲ့ ယုံကြည်မှုကို ရမှာမဟုတ်ဘူးလို့ ကျနော်ကတော့ အဲဒီလိုမြင်ပါတယ်။
မေး ။ ။ အာဏာထိန်းတယ်လို့ပြောတယ်။ ဒါပေမဲ့ အကုန်လုံးက လက်ခံထားတာကတော့ ဒါက အာဏာသိမ်းတာ။ ဒါပေမဲ့ ပြည်သူလူထုကလည်း ဒီလိုမျိုး လုပ်တဲ့ကိစ္စပေါ်မှာ လက်မခံဘဲ၊ အခုအချိန်အထိ ဆန့်ကျင်ဆန္ဒပြတာတွေ ရှိတယ်။ ပြီးတော့ နိုင်ငံတဝှမ်းမှာလဲ တိုက်ပွဲတွေ ဖြစ်လာနေတယ်။ ဒီလိုအချိန်မှာ အိမ်စောင့်အစိုးရဖွဲ့တဲ့အတွက် တိုင်းပြည်အတွက်ကော ဘာတွေများ ထူးလာနိုင်မှာမို့လဲ။ ပြည်သူတွေက စစ်ကောင်စီကို အာဏာသိမ်းကတည်းက တောက်လျှောက်ဆန့်ကျင်လာတာ အိမ်စောင့်အစိုးရပဲဖြစ်ဖြစ်၊ စစ်ကောင်စီပဲဖြစ်ဖြစ် လူထုကတော့ သူတို့ရဲ့ လက်မခံမှုဆိုတာကို ပြနေတာလေ။ အခုလိုမျိုး ဒီလိုအချိန်မှာ အိမ်စောင့်အစိုးရ ဖွဲ့လိုက်တဲ့အတွက် တိုင်းပြည်အတွက် ဘာများထူးလာမှာမို့လဲ။
ဖြေ ။ ။ ကျနော်တို့က အာဏာမသိမ်းခင်မှာလဲ ဒီကိစ္စကို နိုင်ငံရေးအရ ဖြေရှင်းကြဖို့ကို တိုက်တွန်းပြောဆိုခဲ့တာတွေ ရှိပါတယ်။ အာဏာသိမ်းပြီးခါစ၊ သိမ်းပြီးပြီချင်းမှာလဲ လက်လွန်ခြေလွန်တွေ မဖြစ်ခင်မှာ တွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် ကြားဝင်ဖြေရှင်းမှုတွေ လိုအပ်တယ်ဆိုတာတွေကို ကျနော်တို့ အတတ်နိုင်ဆုံး စေ့စပ်ခဲ့တာတွေ၊ ကြိုးပမ်းခဲ့တာတွေကလဲ မအောင်မြင်ခဲ့ဘူးပေါ့။ အဲဒီတော့ အခုအခြေအနေမှာက ဒီအာဏာသိမ်းမှုနဲ့ ပစ်ခတ်သတ်ဖြတ်ထားတာတွေ၊ ဖမ်းဆီးထားတာတွေနဲ့ ပတ်သက်ပြီး လူထုရဲ့ စိတ်ခံစားမှု၊ မကျေနပ်မှုက တော်တော့်ကို ပြင်းပြင်းထန်ထန် ဖြစ်တယ်။ ဒါကြောင့်မို့လဲ အာဏာထိန်းပြီး ခြောက်လအထိဟာ ခုခံတိုက်ခိုက်မှုတွေက ပုံသဏ္ဍာန်မျိုးစုံနဲ့ ဖြစ်ပေါ်နေတယ်။ အဲဒီတော့ တစ်ခုရှိတာက နိုင်ငံရဲ့ လားရာဟူသော စိတ်ခံစားမှုတွေ ကျော်လွန်ပြီးတော့ ပြည်သူတွေ ထိခိုက်နစ်နာမှု အနည်းဆုံးဖြစ်အောင်။ ပြီးတော့ ဒီမိုကရေစီအရေး၊ ဖယ်ဒရယ်ရေး လမ်းကြောင်းပေါ်ကို ပြန်ရောက်အောင်ကတော့ နိုင်ငံရေးနည်းလမ်းအရပဲ ကြိုးပမ်းရမယ်လို့ပဲ ကျနော်ကတော့ ယုံကြည်တယ်။ ဒါကြောင့်မို့ ကျနော်တို့က ဒီပြဿနာတွေက နိုင်ငံရေးပြဿနာတွေ ဖြစ်တယ်။ နိုင်ငံရေးအရပဲ ဖြေရှင်းရလိမ့်မယ်လို့ပဲ ကျနော်တို့က အဲဒီလိုပဲ မြင်ပါတယ်။
မေး ။ ။ ဒါပေမဲ့ အခုသွားနေတဲ့ ပုံစံက နိုင်ငံရေးအရ ဖြေရှင်းမယ့်ပုံစံမျိုး တွေ့ရလို့လား။ အဲဒီလိုမျိုး သွားနေတာ ဟုတ်ရဲ့လား။
ဖြေ ။ ။ အခုကတော့ ပဋိပက္ခကာလ ဖြစ်နေတဲ့ကာလဖြစ်တော့ လက်ရှိအခြေအနေကို ထိန်းချုပ်ဖို့အတွက် စစ်ကောင်စီကလဲ အတတ်နိုင်ဆုံး သူကြိုးစားနေတယ်။ ဒီဘက်ကလဲ အုပ်ချုပ်လို့မရအောင် နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်ဖို့ လုပ်နေကြတော့ အခုကတော့ ထိပ်တိုက်ဖြစ်နေတဲ့ အခြေအနေကြီးက နောက်ဆုံးတော့ အလုံးစုံပျက်သုန်းရေးကို ဦးတည်ပြီး သွားနေတယ်ဆိုရင်တော့ အဓိကတော့ အာဏာကို ချုပ်ကိုင်ထားတဲ့ စစ်ကောင်စီကတော့ တာဝန်အရှိဆုံးပေါ့။ သို့သော် ကျနော်တို့က နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေတဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့ လူအားလုံးဟာလည်း တချိန်ချိန်မှာ ဒီကိစ္စက တာဝန်ယူရမယ့်ကိစ္စလို့ ကျနော်ကတော့ မြင်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ အတတ်နိုင်ဆုံး ခေါင်းအေးအေးထားပြီးတော့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်ရောက်လာအောင် အားလုံးဝိုင်းပြီးတော့ နိုင်ငံရေးနည်းလမ်းကိုပဲ ကြိုးစားသင့်တယ်လို့ ကျနော်တော့ မြင်ပါတယ်။
မေး ။ ။ ဒါပေမဲ့ ရှေ့မှာလဲ ဒီလိုသာဓကတွေ ရှိနေခဲ့တယ်။ ဟိုးအရင်ကတည်းက ၆၂ ပဲဖြစ်ဖြစ်၊ ၉၀ ပဲဖြစ်ဖြစ် စစ်တပ်က အာဏာသိမ်းတယ်။ အိမ်စောင့်အစိုးရ ဘာတို့ဖွဲ့တာတို့ လုပ်တယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ကြာခဲ့တယ်။ အခုတစ်ကြိမ်မှာကော (၂) နှစ်ဆိုတဲ့ဟာက ဖြစ်နိုင်ပါ့မလား။ ပြည်သူတွေကလဲ အတွေ့အကြုံတွေ ဒီလိုသမိုင်းသင်ခန်းစာတွေ ရှိကြတော့ မယုံဘူးဆိုတာလဲ တဘက်မှာ ရှိနေတယ်။
ဖြေ ။ ။ ၆၂ အာဏာသိမ်းတုန်းကလဲ အဲဒီအချိန်မှာ ဆိုရှယ်လစ်ခေတ်စားတဲ့အချိန်ပေါ့။ ဆိုရှယ်လစ်ပန်းတိုင်ကို သွားမယ်ဆိုတဲ့ မက်လုံးနဲ့ အာဏာသိမ်းခဲ့တယ်။ အဲဒီတော့ ဒီဘက်မှာတော့ စစ်တပ်က ဒီအတိုင်းသွားလို့ မရဘူး၊ စစ်အာဏာရှင်ပုံစံနဲ့ legitimacy ဘယ်လိုမှ မရနိုင်ဘူးဆိုတဲ့အခါ ၂၀၀၈ ဖွဲ့စည်းပုံအရ အုပ်ချုပ်မှုပုံစံကို ပြောင်းဖို့ ကြိုးစားတယ်။ အဲဒီမှာ ပထမဦးဆုံး သက်တမ်း (၅) နှစ်မှာ၊ သူက Liberalize လုပ်တဲ့ဟာတွေကို တော်တော်များများ လုပ်ခဲ့တယ်။ သဘောကတော့ အဲဒီအချိန်တုန်းက လူမပြောင်း၊ မူပြောင်းဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်ခဲ့တယ်။ အဲဒီတော့ ဒီမိုကရေစီ အကူးအပြောင်းကာလမှာ ဖြေလျှော့တဲ့ကာလကို ခိုင်မာအောင် လုပ်ရမယ့်အဆင့် - အဲဒီအဆင့်မှာ ကျနော်တို့ အခုလို အာဏာပြန်သိမ်းခံရတယ်ဆိုတဲ့ အခြေအနေကို ပြန်ရောက်လာတယ်လို့ မြင်တယ်။ ဒါကြောင့်မို့ တပ်ဘက်ကလဲ စစ်အစိုးရပုံစံနဲ့ ဆက်သွားလို့မရဘူး။ နောက်တစ်ခုက တစ်ပါတီစနစ်တို့ ဘာတို့ကို ပြန်သွားလို့ မရဘူး။ အဲဒီတော့ သူက ပြီးခဲ့တဲ့ကာလမှာဆိုရင် ဖယ်ဒရယ်ဆိုတဲ့ အယူအဆကို တရားဝင်လက်ခံလာရတဲ့ အခြေအနေကို ရောက်လာတယ်။ လက်တွေ့အကောင်အထည် မဖော်နိုင်သေးတာကလွဲပြီ။ အဲဒီတော့ တပ်ဘက်က အပြောင်းအလဲ လုပ်ကိုလုပ်ရမယ်ဆိုတဲ့ အခြေခံကတော့ ရှိပြီသား။ သို့သော် ကျနော်တို့က ဘယ်လိုပုံစံနဲ့ ဘယ်လောက်အရှိန်နဲ့ ပြောင်းမယ်ဆိုတဲ့ ကိစ္စပေါ်မှာ ကျနော်တို့ အရပ်ဘက်စစ်ဘက် ဆက်ဆံရေး ပျက်ယွင်းခဲ့တယ်လို့ ကျနော်တို့ မြင်တယ်။
ဒါကြောင့်မို့ ကျနော်တို့က ဒီအခြေအနေကနေ စစ်ကောင်စီကနေ ဒီမိုကရေစီလမ်းကြောင်း၊ ဖယ်ဒရယ်လမ်းကြောင်း၊ နောက်ဆုံး NCA နဲ့ ငြိမ်းချမ်းရေးလမ်းကြောင်း ဖြစ်လာတာကိုယ်က ပြီးခဲ့တဲ့ Liberalize လုပ်တဲ့ကာလ။ ဖြေလျှော့တဲ့ ကာလမှာ ဖြစ်လာတဲ့ အခြေအနေတွေကို ကျနော်တို့ နောက်ပြန်ကျမသွားအောင် အားလုံးက ဘက်ပေါင်းစုံနဲ့ ပြန်ကြိုးစားဖို့လိုတယ်။ နောက်တချိန်တည်းမှာ စစ်တပ်က အင်အားသုံးပြီးတော့ အာဏာသိမ်းတဲ့ကိစ္စဟာ ပြဿနာဟောင်းတွေကို မရှင်းနိုင်သည်အပြင် ပြဿနာအသစ်တွေ လက်နက်ကိုင်အသစ်တွေ ထပ်ထပ်ပြီးတော့ ပေါ်လာတဲ့ကိစ္စဟာ စစ်တပ်အနေနဲ့လဲ လုံလောက်တဲ့ သင်ခန်းစာတွေ ရရှိပြီးပြီ၊ ထိန်းသင့်ပြီလို့ ကျနော်တို့က မြင်တယ်။
မေး ။ ။ အခုန အကိုပြောတဲ့အဆင့်တွေက ပြီးခဲ့တဲ့ နအဖလက်ထက်နဲ့ နောက်ပြီးတော့ အဲဒီကနေ ကူးပြောင်းလာတဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဒါတွေက ကြုံခဲ့ပြီးပြီ။ ဒါကိုတဖန် သွားနေရင်းကနေ စစ်တပ်ကပြန်ပြီးတော့ အာဏာသိမ်းတယ်ဆိုတော့ ဒါက တစ်ခါပြန်ပြီးတော့ စသလို ဖြစ်မနေဘူးလား။ ဒါကြီးကိုပဲ ထပ်ခါထပ်ခါ ဖြစ်နေတဲ့ဟာမျိုး ဖြစ်မနေဘူးလား။
ဖြေ ။ ။ အဲဒါကတော့ အကူးအပြောင်းကို ဘယ်လိုစီမံခန့််ခွဲလဲဆိုတဲ့ အပေါ်မှာတော့ အားလုံးမှာ တာဝန်ရှိတယ်လို့ မြင်တယ်။ နောက်တစ်ခုက စစ်တပ်က ပြောရင်တော့ လုပ်ရိုးလုပ်စဉ်အတိုင်း တင်းမာမှုရှိလာပြီ၊ ပဋိပက္ခ ဖြစ်လာပြီဆိုရင် အင်အားသုံးပြီးတော့ စွက်ဖက်တဲ့ကိစ္စဟာ ဒါကလဲ အဖြေမဟုတ်ဘူး။ နည်းလမ်းမဟုတ်ဘူး။ ပြဿနာတွေက ပိုမိုရှုပ်ထွေးမယ်။ အထူးသဖြင့် လူထုရဲ့ မယုံကြည်မှု၊ မကျေနပ်မှု၊ ဒေါသက ပိုမိုပြီး ကြီးလာရင် နောင်လာမယ့် ရွေးကောက်ပွဲတွေကိုပါ အယုံအကြည်မရှိ ဖြစ်သွားမယ်။ ဒါကြောင့်မို့ ကျနော်တို့က နိုင်ငံရေးနည်းလမ်း၊ နိုင်ငံရေးပါတီတွေ တည်ထောင်တယ်ဆိုတာလဲ နိုင်ငံရေးအရ ဖြေရှင်းဖို့ကို အဓိက ဦးတည်ကြတယ်။ အဲဒီအချိန်တွေ ပျက်ယွင်းသွားကြပြီဆိုရင် အားလုံးက ဘယ်သူကို လက်နက်နဲ့ချမှ ရမယ်ဆိုတဲ့ အသိမျိုးက တိုင်းပြည်အတွက် အင်မတန် အန္တရာယ်ကြီးတယ်လို့ မြင်ပါတယ်။
မေး ။ ။ အခုဆိုရင် စစ်တပ်က အာဏာသိမ်းတာ ခြောက်လ ရှိသွားခဲ့ပြီ။ ဒီခြောက်လကာလအတွင်းမှာ တိုင်းပြည်ရဲ့ အခြေအနေပေါ်မှာကော အကိုအနေနဲ့ ဘယ်လိုသုံးသပ်လဲ။
ဖြေ ။ ။ အဓိက ပြီးခဲ့တဲ့ ကိုဗစ်ကာလ ပထမလှိုင်း၊ ဒုတိယလှိုင်းမှာကတည်းက နိုင်ငံရဲ့ စီးပွားရေးက တော်တော်လေး ထိခိုက်တယ်။ အဲဒီကြားထဲမှာမှ အာဏာသိမ်းမှု ဖြစ်လိုက်တဲ့အချိန်မှာ နိုင်ငံတကာ ရင်းနှီးမြုပ်နံှမှုသူတွေဘက်က ယုံကြည်မှုရော၊ ပြီးတော့ စီးပွားရေးအခြေအနေကြောင့် လုပ်ငန်းတွေ ပျက်သွားတာကြောင့် ပြဿနာတွေ အများကြီးဖြစ်သွားတယ်။ ဒီပြဿနာရဲ့ အကျိုးဆက်မှာ တတိယလှိုင်းမှာတော့ အရင်လှိုင်းတွေထက် ကူးစက်မှုကလည်း ပိုပြီးတော့မြန်ဆန်သလို၊ ရောဂါရဲ့ သက်ရောက်မှုကလည်း ပိုပြီးတော့ ပြင်းထန်တယ်။ ဒါကြောင့်မို့လို့ ဒီဟာက အခုလောလောဆယ်မှာတော့ အားလုံးဝိုင်းပြီးတော့ ဖြေရှင်းသင့်တဲ့ လူသားဘဝလုံခြုံမှု အသက်အန္တရာယ်တွေ ပြဿနာ ဖြစ်နေတယ်။ ဒါကြောင့်မို့ ကျနော်တို့က နိုင်ငံရေးပဋိပက္ခတွေကို ဆက်ပြီးတော့ ရင်ဆိုင်ရမှာပဲ။ သို့သော် ဒီအချိန်မှာ ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေး ကိစ္စကတော့ နံပတ်တစ် ဦးစားပေးအနေနဲ့ ကျနော်တို့ ဝိုင်းဝန်းပြီးတော့ ဆောင်ရွက်ဖို့ လိုတယ်လို့တော့ မြင်ပါတယ်။ နိုင်ငံရေးပြဿနာကတော့ စစ်တပ် ဒီလိုလုပ်နေတဲ့ သံသရာကြီးက မြန်မာနိုင်ငံက လူမွှေးလူတောင် မပြောင်တော့ဘူး။ ကျနော်တို့ အိမ်နီးချင်းတွေနဲ့တောင် မယှဉ်နိုင်တဲ့ အခြေအနေ၊ ကြာလေဆိုးလေ ဖြစ်လာတယ်။ ဒါကို ရုန်းထွက်ဖို့က စစ်တပ်ထဲက မျိုးဆက်အလိုက် ခေါင်းဆောင်တွေ၊ ခေါင်းဆောင်ငယ်တွေကော အကုန်လုံးဝိုင်းပြီးတော့ နိုင်ငံရဲ့ အနာဂတ်ကို သေချာစဉ်းစားသင့်တယ်လို့ မြင်တယ်။ အဲဒီတော့ ဒီဘက်ကလည်း ကျနော်တို့က ပြုပြင်ပြောင်းလဲရေးကို လုပ်တဲ့အခါမှာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ဖို့ ဆုံးဖြတ်လိုက်တယ်ဆိုတာက Evolution ကို ရွေးချယ်လိုက်တာ။ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ကို ရွေးချယ်လိုက်တာ။ အဲဒီတော့ လက်နက်ကိုင်တော်လှန်ရေး သမိုင်းကတော့ အနှစ် (၇၀) သမိုင်း။ ကျနော်တို့ဆီမှာ အကြမ်းမဖက် နိုင်ငံရေးနည်းလမ်းနဲ့ ကြိုးစားခြင်းက အာဏာရတဲ့အထိ ဖြစ်ခဲ့တယ်။ အပြည့်အဝ မဟုတ်ပေမယ့် ပြောကြမယ်ဆိုရင် အတိုက်အခံသမိုင်းမှာ ပထမဦးဆုံး အာဏာရတဲ့အထိ ဖြစ်ခဲ့တာဟာ အောင်မြင်ခဲ့တာဟာ အကြမ်းမဖက် နိုင်ငံရေးနည်းလမ်းကြောင့် အောင်မြင်ခဲ့တာ ဖြစ်တယ်။ သို့သော်လဲ အဲဒါကို ကျနော်တို့ ကိုင်တွယ်မှု၊ ထိန်းကျောင်းမှုမှာ နိုင်ငံရေးအရ ညှိနှိုင်းဆောင်ရွက်မှုတွေမှာ ကျနော်တို့ ပျက်ယွင်းသွားပြီးတော့ အခုအခြေအနေ ဖြစ်လာတယ်။ ဒါကို ကျနော်တို့က အခုမကြာခင်မှာ (၃၃) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံပြည့်တော့မယ်။ ဒီဟာကြီးဟာ ပြန်ပြီးသုံးသပ်ဖို့အတွက် ကောင်းကောင်းလုံလောက်တဲ့ ကာလတစ်ခုလို့ ကျနော်တို့ မြင်ပါတယ်။
မေး ။ ။ အခုဆိုရင် လက်နက်ကိုင် တိုက်ပွဲတွေဟာ တိုင်းပြည်အနံှ့ နေရာအနှံ့မှာ ဖြစ်နေတယ်။ အရင်တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့လည်း ဖြစ်နေတယ်။ အခုဆိုရင် နောက်ပိုင်း ဒေသခံတွေ နေရာစုံက ဒေသခံတွေနဲ့လည်း တိုက်ပွဲတွေ ရှိလာနေတယ်။ ဒီအပေါ် အကိုအနေနဲ့ ဘာများပြောနိုင်မလဲ။
ဖြေ ။ ။ နိုင်ငံရေးဆိုတာကတော့ ကိုယ်ယုံကြည်ရာနည်းလမ်းနဲ့ ကြိုးစားကြတာပဲ။ ကျနော်တို့ကတော့ ပြည်တွင်းနိုင်ငံရေး ဖြစ်စဉ်တွေ၊ နိုင်ငံတကာဖြစ်စဉ်တွေအားလုံးကို နှိုင်းယှဉ်ပြီးတော့ စဉ်းစားသုံးသပ်တဲ့အခါမှာ ကျနော်တို့ကတော့ နိုင်ငံရေးလမ်းကြောင်းဟာ တချိန်မှာ ပြန်ပြီးတော့ ဒီအပေါ်ပဲ ပြန်တက်လာရမယ်။ ဒီနည်းလမ်းနဲ့ပဲ ဖြေရှင်းရမယ်လို့ ကျနော်တို့က ယုံကြည်တယ်။ အဲဒီတော့ ဗမာပြည်ကွန်မြူနစ်ပါတီဆိုလည်း လက်နက်ကိုင်လှုပ်ရှားမှု သမိုင်းမှာ အကြီးဆုံး တိုက်ခိုက်ရေးအင်အားစုပဲ။ နောက်တစ်ခုက ဦးနု အာဏာသိမ်းခံရပြီးနောက်ပိုင်းမှာ ပြည်ချစ်ပါတီအနေနဲ့ ထိုင်းနယ်စပ်မှာ အခြေစိုက်ပြီးတော့ တကယ့်ကို လက်နက်အထောက်အပံ့တွေ၊ ငွေကြေးအထောက်အပံ့တွေနဲ့ သူတို့အများကြီး လုပ်ခဲ့ကြပြီးပြီ။ အခြားလက်နက်ကိုင် အဖွဲ့အစည်းတွေလည်း ဆိုင်ရာဆိုင်ရာ သီးခြားနယ်ပယ်တွေ၊ ဒေသတွေမှာ ကြိုးစားခဲ့ကြပြီးပြီ။ အဲဒီတော့ ကျနော်တို့က အခုအခြေအနေမှာ လက်နက်ကိုင်တော်လှန်ရေးတရပ်ကို ဆင်နွှဲဖို့ဆိုတာ တိုက်ခိုက်ရေးအဆင့် တကယ့်ကို - တော်လှန်ရေးပြောတယ်ဆိုတာက တစ်မြို့ပြီးတစ်မြို့ သိမ်းလာပြီးတော့ နောက်ဆုံး အင်္ဂလိပ်က စနစ်တကျ ဆုတ်ခွါမှုနဲ့ ဆင်းမလာစစ်ဘေးအစိုးရကာလအထိ လုပ်သွားတာက ကမ္ဘာစစ်ကြီးရဲ့ အစိတ်အပိုင်းဖြစ်တယ်။ အခု ကျနော်တို့က နိုင်ငံတကာမှာ တူးနီးရှား ပြဿနာ ပြန်ဖြစ်နေပြန်ပြီ။ အာဖရိဂန်ပြဿနာ တာလီဘန်တွေ ပြန်တက်လာတဲ့ကိစ္စ အစရှိသဖြင့် နိုင်ငံတကာ နိုင်ငံရေးအားလုံး အခြေအနေတွေအားလုံးက ဆက်စပ်ပြီးတော့ စဉ်းစားဖို့လိုတယ်။ ဒါကြောင့်မို့ ကျနော်တို့ ကိုယ့်ယုံကြည်မှုကို ပြောနေတဲ့အခါမှာ အခုက မတူရင်ဘဲ၊ ပြင်းပြင်းထန်ထန် တိုက်ခိုက်တာမျိုးတွေ ရင်ဆိုင်ခံနေရပြီးတော့ ကျနော်တို့ နိုင်ငံရေးယုံကြည်မှုကို နိုင်ငံအတွက် ကိုယ်ယုံကြည်တာကို ပြောရရင်တော့ တော်တော်ခက်ခက်ခဲခဲ ထုတ်ဖော်ပြောဆိုရတဲ့ အခြေအနေကို ရောက်နေတယ်။
== Unicode ==