သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်မှာ နေထိုင်ခွင့်သက်တမ်းကုန်သူ မြန်မာနိုင်ငံသားတွေကို စာရင်းစကောက်နေ


(ယခင်ပုံဟောင်း) တရုတ်-မြန်မာနယ်စပ် ရွှေလီဂိတ်ကို ကိုဗစ်ကပ်ရောဂါကူးစက်မှု တားဆီးရေးအတွက် အဝင်အထွက်ပိတ်ထားပုံ။
(ယခင်ပုံဟောင်း) တရုတ်-မြန်မာနယ်စပ် ရွှေလီဂိတ်ကို ကိုဗစ်ကပ်ရောဂါကူးစက်မှု တားဆီးရေးအတွက် အဝင်အထွက်ပိတ်ထားပုံ။

ကိုဗစ်စဖြစ်တဲ့ ၂၀၂၀ ကတည်းက တရုတ်နယ်စပ်မြို့တွေမှာ ပိတ်မိနေတဲ့ နေထိုင်ခွင့် သက်တမ်းကျော်သွားတဲ့ မြန်မာနိုင်ငံသားတွေကို ယူနန်အစိုးရက ဒီနေ့မတ်လ ၂၀ရက်ကစပြီး စာရင်းကောက်ယူနေပြီ ဖြစ်ပါတယ်။ ကိုဗစ်ကာလမှာ တရုတ်နိုင်ငံထဲမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားက သိန်းချီရှိကြောင်း စာရင်းကောက်ယူနေတဲ့ လူမှုကူညီရေးအဖွဲ့တွေက ဗွီအိုအေကို ပြောပါတယ်။ အဲဒီနောက် တရုတ်က မေလကုန်နောက်ဆုံးထားပြီး မြန်မာနိုင်ငံဘက်ကို အစိုးရချင်း ချိတ်ဆက်ပြီး ပြန်လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ကပ်ရောဂါစဖြစ်တဲ့ အချိန်ကစလို့ တရုတ်နယ်စပ်မြို့တွေ အပါအဝင် ပြည်မကြီးထဲက သုံးနှစ်လောက် နေရပ်မပြန်ဘဲ တရားမဝင်ဖြစ်သွားတဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်အစိုးရက နှစ်နိုင်ငံသဘောတူညီမှုနဲ့ နေရပ်ကို ပြန်လွှဲပြောင်းပေးဖို့ စတင်လုပ်ဆောင်နေပါတယ်။ ဒီနေ့ တနင်္လာနေ့ကစပြီး စာရင်းပေးသွင်းကြဖို့ ယူနန်ပြည်နယ်တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။

ကနဦးအနေနဲ့ ဒီနေ့မနက်ပိုင်းတင် လူပေါင်း ၃၀၀ ကျော်လောက် စာရင်းလာပေးထားကြောင်း ကမ်းလက်ပရဟိတအသင်း တာဝန်ခံ ဦးစိန်လှအောင်က ဗွီအိုအေကို ပြောပါတယ်။ ပြီးခဲ့တဲ့ သုံးနှစ်တာကာလထဲမှာ နေထိုင်ခွင့်သက်တမ်းကျော်သွားပြီး တရားမဝင်ဖြစ်သွားတဲ့ မြန်မာနိုင်ငံသား သိန်းချီရှိကြောင်း သူကပြောပါတယ်။

"သူတို့သဘောနဲ့သူတို့ ဒီဘက်ကို ပြန်လာဖို့က အဆင်မပြေဘူးဗျ၊ အဲလိုနှစ်နိုင်ငံ ဆက်ဆံရေးရုံးနဲ့ ချိတ်ဆက်ပြီးတော့မှ သူက တရားဝင်ပေါ့၊ စိစစ်ပြီးမှ ပြန်လွှတ်ပေးတာ။ ဒီအတိုင်း တစ်ဦးချင်း၊ တစ်ယောက်ချင်း စာရင်းမပေးဘဲ ပြန်လို့က ပြန်ခွင့်လည်းမရှိဘူး။ ဘာလို့လဲဆိုတော့ သူ့ဆီမှာလည်း အထောက်အထားမဲ့တွေ ဖြစ်သွားပြီလေ။ ကျနော်တို့ ဒီဘက်ကလည်း သက်တမ်းတွေလွန်ပြီးတော့ အထောက်အထားမဲ့တွေ ဖြစ်ကုန်ပြီပေါ့။"

ရွှေလီ၊ ကျယ်ဂေါင်၊ ဝမ်တိန်၊ မန်စီ၊ ကူမင်းမြို့တွေအပါအဝင် ဝူဟန်လို ပြည်မကြီးအထိရောက်နေတဲ့ မြန်မာနိုင်ငံသားအားလုံး စာရင်းပေးသွင်းရမှာ ဖြစ်တယ်လို့ စာရင်းကောက်ယူစုဆောင်းပေးရတဲ့ မြန်မာလူမှုကူညီရေးအဖွဲ့တချို့က ဗွီအိုအေကို ပြောပါတယ်။

တရုတ်ပြည်မကြီးကနေ နယ်စပ်ရောက်လာသူတွေ၊ နယ်စပ်စာအုပ်အနီ သက်တမ်းကျော်သူတွေနဲ့ တရုတ်အမျိုးသားနဲ့ အိမ်ထောင်ကျသူတွေ စသဖြင့် အုပ်စုသုံးစုခွဲပြီး ယူနန်တာဝန်ရှိသူတွေက စာရင်း ကောက်ယူနေတာပါ။ ရက်ပိုင်းအတွင်း အပြီးကောက်မယ်ဆိုတဲ့ ကြေညာချက်တွေရှိကြောင်း ရွှေလီမြို့နဲ့ မိုင် ၆၀လောက်ဝေးတဲ့ မန်စီမြို့က မြန်မာနိုင်ငံသားတစ်ဦးက အခုလိုပြောပါတယ်။

"မနေ့ညက ကြားရတဲ့အတိုင်းဆိုရင် (အခုမတ်လ) ၂၅ရက်အထိပေါ့နော်၊ စာရင်းပေးလို့ရတယ် ပြောပေမဲ့လည်း ရက်က တအား နည်းတယ်ပေါ့ဗျာ။ ဒါပေမဲ့ ပြောလို့တော့မရဘူးပေါ့ သူတို့ကလုပ်မယ်ဆိုရင် တက်သုတ်ရိုက်ပြီး လုပ်ခိုင်းတာဆိုတော့လည်း။ ကျနော်တို့မြို့မှာတင် သိန်းချီလောက်ရှိတာကိုး။ ရွှေလီတို့ ရင်ကျန်းတို့ ကျန်းဖုန်းတို့မှာလည်း ဗမာပြည်သားတွေက အများကြီးပဲကိုး။"

မြန်မာဘက်ကထုတ်ပေးတဲ့ နယ်စပ်ဖြတ်ကျော် စာအုပ်အနီရဲ့ သက်တမ်းက တစ်နှစ်ဖြစ်ပြီး တရုတ်နိုင်ငံထဲမှာ တစ်ကြိမ်ကို ၇ ရက်နေထိုင်ခွင့် ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံသား အများအပြားက တရုတ်အလုပ်ရှင်ရဲ့ ထောက်ခံချက်နဲ့ ယာယီနေထိုင်ခွင့်တွေ ထပ်မံလျှောက်ထားကြတာ ဖြစ်ပါတယ်။ ကိုဗစ်စဖြစ်တဲ့ ၂၀၂၀ က စတွက်မယ်ဆိုရင် စာအုပ်အနီသက်တမ်း ကုန်ဆုံးတဲ့ မြန်မာနိုင်ငံသားက တရုတ်နယ်စပ်မြို့တွေမှာ သိန်းချီရှိနေနိုင်တာပါ။

နေထိုင်ခွင့် သက်တမ်းကျော်သူတွေအားလုံး မြန်မာဘက်မှာ သက်တမ်းပြန်တိုးပြီးမှ တရုတ်နိုင်ငံထဲကို ပြန်ဝင်ခွင့်ရမယ်လို့ တရုတ် အလုပ်ရှင်တွေက ပြောကြပါတယ်။ ဒါပေမဲ့ မြန်မာဘက်အခြမ်းမှာတော့ လက်တလောမှာ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အနီကို ရှမ်းပြည်နယ်မှတ်ပုံတင် ၁၃/ ကိုင်ဆောင်ထားသူတွေသာ ဦးစားပေး လုပ်ပေးနေတာကြောင့် တရုတ်ကို ပြန်သွားလို့မရမှာကို အများစုက စိုးရိမ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}











XS
SM
MD
LG