မြန်မာပြည်မှာ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးလာတာနဲ့အမျှ အားလပ်ရက် အထူးသဖြင့် သင်္ကြန်တွင်း ပိတ်ရက်တွေဟာ ပြည်တွင်း ပြည်ပ ခရီးသွားများတဲ့ ရာသီတွေဖြစ်လာပါတယ်။ အရင်တုန်းကတော့ ဗီဇာအခက်အခဲကြောင့် အနောက်နိုင်ငံတွေကို သွားရောက်လည်ပတ်သူဦးရေ အနည်းအကျဉ်းသာရှိပြီး ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ ဂျပန်စတဲ့ ဒေသတွင်း နိုင်ငံတွေလောက်ကိုသာ အသွားအလာ များကြပါတယ်။ အခုအခါမှာတော့ ဥရောပနိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စုတွေကို အလည်အပတ် ဗီဇာတွေ လွယ်ကူလာပြီး ကုန်ကျစရိတ်လည်း သက်သာလာတာကြောင့် ဒီနိုင်ငံတွေဆီကို ခရီးသွားတွေ အာရုံကျလာကြပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် ကိုဝင်းခန့်မောင်က ပြောပြပေးပါမယ်။
အရင်နှစ်တွေလိုပဲ အခုနှစ် သင်္ကြန်တွင်း အများပြည်သူအားလပ်ရက် ကာလမှာလည်း မြန်မာနိုင်ငံက ခရီးသွားတွေ အမေရိကန်ပြည်ထောင်စုကို ရက်ရှည် လာရောက် လည်ပတ်ကြပါတယ်။ ဒီအထဲမှာ Smart Way ခရီးသွားလုပ်ငန်းနဲ့အတူ ခရီးသည်ပေါင်း ၁၀၀ ဝန်းကျင်လည်း ပါဝင်ပါတယ်။ သူတို့ဟာ အမေရိကန်ပြည်ထောင်စု အရှေ့ဖက်နဲ့ အနောက်ဖက်ကမ်းတွေက အထင်ကရမြို့ကြီးတွေဖြစ်ကြတဲ့ နယူးယောက်၊ ဝါရှင်တန် ဒီစီ၊ ဘော့စတွန်၊ နိုင်ယာဂရာ ရေတံခွန်၊ လော့စ်အိန်းဂျလိစ်၊ ဆန်ဖရန်စစ္စကိုနဲ့ Las Vegas စတဲ့ နေရာတွေကို ၁၄ ရက်တာ အချိန်အတွင်း သွားရောက် လည်ပတ်ကြမှာပါ။ အခုနှစ်ပိုင်းတွေ အတွင်း မြန်မာခရီးသွားတွေ အနောက်နိုင်ငံတွေဆီ လာရောက်တဲ့ အကြောင်းကိုတော့ Smart Way လုပ်ငန်းရဲ့ တာဝန်ရှိသူ ကိုသန်းထွဋ်အောင်က သူ့အမြင်ကို အခုလို ပြောပြပါတယ်။
“ အရင်ထက်စာရင် တော်တော်လေး ခေတ်စားလာတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တိုင်းပြည် ဖွံ့ဖြိုးပြီး နောက်ပိုင်းမှာ အထူးသဖြင့် လူတွေက တနှစ်ထက် တနှစ် ပိုမိုပြီးတော့ နိုင်ငံခြား ထွက်လာကြတယ်။ အပြင်ကမ္ဘာမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာ ပိုပြီး လေ့လာကြတယ်။ များလာဖို့ ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လူတွေက တဖြည်းဖြည်း သွားလာကြတော့ တယောက်သွားရင် ဒီ သတင်းစကား ပါးရင်း ပါးရင်းနဲ့ပေါ့နော် တယောက်ကနေ တယောက်ကို ပါးရင်းပါးရင်းနဲ့ ပိုပြီးတော့ သွားလာကြပါတယ်။ ကျနော်တို့ ကုမ္ဗဏီနဲ့ ကိုဘဲ တနှစ်နဲ့ တနှစ် ခရီးသွားက များလာတာကို တွေ့ရတယ်။ ဒါ ကျနော်တို့ ကုမ္ဗဏီတင် မကဘူး မြန်မာနိုင်ငံမှာ ကုမ္ဗဏီ အများကြီးဘဲ။ သွားကြတာ အများကြီးပါ။ ”
အခုချိန်အခါဟာ အမေရိကန်ပြည်ထောင်စုမှာ နွေဦးကာလဖြစ်ပေမယ့်လည်း ဆောင်းတွင်းရဲ့ အအေးဓါတ်မပြယ်သေးတာကြောင့် မြန်မာခရီးသွားတွေ အတွက်တော့ ရာသီဥတုက မျှော်လင့်တာထက် ပိုအေးနေခဲ့ပါတယ်။ ဒါပေမယ့်လည်း ဝါရှင်တန်ဒီစီမြို့အနီးတဝိုက်မှာတော့ ရက်အနည်းငယ်သာ ပွင့်တဲ့ ချယ်ရီပန်းတွေကြောင့် မြင်ကွင်းဟာ သာမန်ထက် ပိုလှပနေပါတယ်။ ခရီးသွားတစ်ဦးဖြစ်တဲ့ ရန်ကုန်ကျောက်တံတားမြို့နယ်က ဦးနေလင်းကတော့ သူ့အတွေ့အကြုံကို အခုလိုပြောပြပါတယ်။
“ ဝါရှင်တန် ရောက်တာ ဒါ ပထမဆုံး အကြိမ်ဘဲ။ ဒါပြီးလို့ ရှိရင် ဘတ်ဖဲလိုး နိုင်ဂါရာ ရေတံခွန်ရယ်၊ လောစ့်အိန်းဂျလိစ်ရယ် ဆန်ဖရန်စစ္စကိုရယ် သွားဖို့ အစီအစဉ် ရှိပါတယ်။ တော်တော် ကောင်းပါတယ်။ ခေတ်လည်း အရမ်းမီပါတယ်။ ”
မြန်မာခရီးသွားတွေဟာ ဝါရှင်တန်ဒီစီမြို့ကို ရောက်ရှိလာချိန်မှာတော့ ထင်ရှားတဲ့နေရာတွေဖြစ်တဲ့ Jefferson အမှတ်တရ အဆောက်အအုံ၊ လင်ကွန်း အထိမ်းအမှတ် အဆောက်အအုံ၊ သမ္မတ အိမ်ဖြူတော်စတဲ့ အထင်ကရနေရာတွေကို အဓိကသွားရောက်ကြပါတယ်။ အဲဒီနောက်မှာတော့ ဝါရှင်တန်ဒီစီအခြေဆိုက် VOA အမေရိကန် အသံလွှင့်ဌာန မြန်မာပိုင်းနဲ့လည်း ချိတ်ဆက်ပြီးတော့ VOA ရဲ့ လုပ်ငန်းဆောင်တာများနဲ့ သမိုင်းကြောင်းကို လေ့လာခွင့်ရခဲ့ပါတယ်။ ဗွီအိုအေ မြန်မာပိုင်း ရေဒီယို တိုက်ရိုက် ထုတ်လွှင့်နေချိန်နဲ့လည်း တိုက်ဆိုင်နေတာကြောင့် စတူဒီယိုထဲမှာ ကြည့်ရှုခွင့်ရခဲ့ပါတယ်။ ဗွီအိုအေမြန်မာပိုင်းရဲ့ ဌာနမှူး ဦးသန်းလွင်ထွန်း က အခုလို လိုက်လံရှင်းပြခဲ့တာပါ။
“ East Asia Pacafic Division လို့ ခေါ်တယ်။ အဲဒါက အာရှ ပစိဖိတ်ဒေသ ဒီမြေပုံထဲမှာ ပါတဲ့ ဒီဒေသကို အသံလွှင့်တဲ့ ဌာနပေါ့။ အသံလွှင့်တာကို ကြီးကြပ်ရတဲ့ဟာ။ အဲဒီထဲမှာ ဗမာ ဌာန အပါအဝင် ဗမာ အပါအဝင် စုစုပေါင်း ၁၀ ခု ရှိတယ်။ စတူရီယို ၂၉ ခု ရှိတယ် ရေဒီယို စတူဒီယို။ နောက်ပြီးတော့ တယ်လီဗေးရှင်း စတူဒီယို စုစုပေါင်း ၁၁ ခု ရှိတယ်။ အဲဒီတော့ ဒီလို စတူဒီယိုတွေပေါ့နော် တယ်လီဗေးရှင်း၊ ရေဒီယို စတူဒီယိုတွေ စုထားတဲ့ အကြီးဆုံး ကမ္ဘာပေါ်မှာ အကြီးဆုံး အဆောက်အအုံလို့ ပြောလို့ ရတယ်။ ”
မြန်မာနိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကို ခေတ္တလာရောက်ကြသူတွေထဲမှာ အစိုးရချင်း ချိတ်ဆက်ပြီးဌာနဆိုင်ရာ လုပ်ငန်းတွေနဲ့ ပတ်သတ်လို့ လာရောက်လေ့လာဖို့ ဖိတ်ကြားခံရသူတွေ၊ Fulbright ပညာတော်သင်ဆုနဲ့ ခေတ္တလာရောက်တဲ့ ကျောင်းသားတွေ၊ ပညာရှင်တွေနဲ့ YSEALI အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင် အစီအစဉ် စတာတွေဟာ လူသိများပါတယ်။ အခုလို ခရီးသွားလုပ်ငန်းကနေတဆင့် လာရောက်လည်ပတ်သူ အရေအတွက်ကတော့ အခုနှစ်ဟာ စံချိန်တင်များပြားတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။