သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘူးသီးတောင်မြို့နယ် လက်နက်ကြီးပေါက်ကွဲမှု ဒေသခံသေဆုံး


ရခိုင်စစ်ဘေးရှောင် ဒုက္ခသည်များ။
ရခိုင်စစ်ဘေးရှောင် ဒုက္ခသည်များ။

(Zawgyi / Unicode)

ဘူးသီးတောင်မြို့နယ် ကင်းတောင်ကျေးရွာမှာ ဒီကနေ့မနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ရိုဟင်ဂျာ အမျိုးသမီး ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီကျေးရွာအနီးမှာ အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တပ်မတော်ဘက်က ပြောဆိုထားပေမယ့် ရခိုင်လက်နက်ကိုင် AA ဘက်ကတော့ သူတို့နဲ့ တိုက်ပွဲဖြစ်တာ မရှိဘူးလို့ ပြောဆိုထားပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုသက်နိုင် တင်ပြထားပါတယ်။

ဘူးသီးတောင်မြို့နယ် ကင်းတောင်ကျေးရွာမှာ ဒီကနေ့မနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ရိုဟင်ဂျာ အမျိုးသမီး ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရရှိသွားသူတွေကို ဆေးရုံ ပို့ဆောင်ထားတယ်လို့ ဘူးသီးတောင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက ပြောပါတယ်။

“ဟုတ်တယ် ဒီမနက် ၂ နာရီ ၁၅ လောက်မှာ ကင်းတောင်ကျေးရွာကို အမြောက်ကြီးကျည်ဆန် ကျလာတယ်။ အဲဒီကျည်ဆန် ပေါက်ကွဲပြီးတော့ ရွာက အမျိုးသမီး ၂ ယောက် သေဆုံးတယ်။ နောက် ၇ ယောက်က ဘူးသီးတောင် ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်။ ဒဏ်ရာအခြေအနေကိုတော့ ဆေးရုံကို သွားမကြည့်ရသေးဘူး။ တိုက်ပွဲဖြစ်သံတော့ မကြားရဘူး။ ဒါပေမယ့် အဲဒီကျေးရွာနဲ့ နီးတာတော့ ခမရ ၅၅၁ နဲ့ နီးတယ်။ တချို့ဒေသခံတွေကတော့ အဲဒီဘက်ကလာတယ်လို့ ပြောကြတယ်။”

အဲဒီကျေးရွာအနီးမှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

“AA ဘက်က လက်နက်ကြီးတွေနဲ့ လာပစ်တာ။ ပစ်တော့ ကျနော်တို့ဘက်ကလည်း ဖုံညိုလိပ်ဘက်က တံတားလုံခြုံရေး ယူထားတဲ့ အဖွဲ့တွေက ပြန်ပစ်တာရှိတယ်။ အဲတော့ ကင်းတောင်ဆိုတဲ့ ဥစ္စာက ချောင်းရဲ့ အနောက်ဘက်ကမ်းမှာ ကျနော်တို့တပ်ကလည်း အနောက်ဘက်ကမ်းမှာ၊ အနောက်ဘက်ကမ်းက ကျည်က အနောက်ဘက်ကမ်းကို ရောက်စရာအကြောင်းကို မရှိဘူး။ ကျနော်တို့ပစ်တာက အရှေ့မြောက်ဘက်ကို ပစ်တာ။ အရှေ့ဘက်ကမ်းကိုပစ်တဲ့ ကျည်ဆန်ကတော့ အနောက်ဘက်ကမ်းကို ကျစရာအကြောင်း မရှိဘူးနော်။ အဲဒီရွာကလည်း တံတားနဲ့ဆိုရင် မီတာ ၇၀၀၊ ၈၀၀ လောက်ဝေးတယ်။”

တပ်မတော်ဘက်က ကင်းတောင်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြောဆိုထားပေမယ့်လည်း ရခိုင်လက်နက်ကိုင် AA အဖွဲ့ကတော့ အဲဒီမှာ တိုက်ပွဲဖြစ်ပွားတာ မရှိဘူးလို့ ပြောဆိုထားပါတယ်။

“မနေ့ညက ကင်းတောင်ကျေးရွာအနားမှာ အခြေပြုထားတဲ့ ခမရ ၅၅၁ က ကင်းတောင်ရွာထဲကို လက်နက်ကြီးတွေနဲ့ ၃ ချက်ပစ်တယ်လို့ သိရတယ်။ အဲဒီမှာ တလုံးက အိမ်တဆောင်ကို ထိတာပေါ့နော်။ အဲဒီမှာ အမျိုးသမီး ၂ ဦး သေတယ်။ ၇ ဦး ဒဏ်ရာရတယ်ဆိုပြီးတော့ သိရတယ်။ အဲတာက ကျနော်တို့နဲ့ ဘာမှ ပတ်သက်မှု မရှိဘူး။ တိုက်ပွဲဖြစ်တာလည်း မရှိဘူး၊ ကျနော်တို့ သွားပစ်တာလည်း မရှိဘူး။”

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ် ထိပ်တူးပေါက် ကျေးရွာမှာ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် ရိုဟင်ဂျာကလေးငယ် ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အခု လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့ ကင်းတောင်ကျေးရွာဟာလည်း ရိုဟင်ဂျာအများစု နေထိုင်တဲ့ကျေးရွာ ဖြစ်ပေမယ့် မြန်မာအစိုးရဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်ခံထားခြင်း မရှိပါဘူး။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ အရပ်သားသေဆုံးသူတွေဟာလည်း တနေ့ထက်တနေ့ ပိုမိုပြားလာတာ ဖြစ်ပါတယ်။ အရပ်သားတွေ သေဆုံးတိုင်းမှာလည်း တပ်နဲ့ AA အဖွဲ့တို့ဟာ တဖက်နဲ့တဖက် အပြန်အလှန် စွပ်စွဲပြောဆိုနေကြတာလည်း ဖြစ်ပါတယ်။

---------------------------------

(Unicode)












တိုက်ရိုက် လင့်ခ်


XS
SM
MD
LG