သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးဆိုင်ရာ ရွေးကောက်ပွဲ ဂတိကဝတ်ပြုကြဖို့ တိုက်တွန်း


ရွေးကောက်ပွဲဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ လွတ်လပ်ခွင့်များကို ကာကွယ်ဖို့ တိုက်တွန်းတောင်းဆိုတဲ့ ပိုစတာ။ (ဓာတ်ပုံ - အသံ - Athan - အောက်တိုဘာ ၂၁၊ ၂၀၂၀)
ရွေးကောက်ပွဲဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ လွတ်လပ်ခွင့်များကို ကာကွယ်ဖို့ တိုက်တွန်းတောင်းဆိုတဲ့ ပိုစတာ။ (ဓာတ်ပုံ - အသံ - Athan - အောက်တိုဘာ ၂၁၊ ၂၀၂၀)

[Zawgyi/Unicode]

၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံကြမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ "လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေကို လုံခြုံမှုပေးမယ်။" ဆိုတဲ့ ရွေးကောက်ပွဲ ဂတိကဝတ်ပေးဖို့ AI နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးနဲ့ မြန်မာလူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မဆုမွန်က စုစည်းတင်ပြထားပါတယ်။

(ဓာတ်ပုံ - အသံ - Athan - အောက်တိုဘာ ၂၁၊ ၂၀၂၀)
(ဓာတ်ပုံ - အသံ - Athan - အောက်တိုဘာ ၂၁၊ ၂၀၂၀)

မြန်မာနိုင်ငံတဝန်းမှာ ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပဖို့ သီတင်းပတ် ၂ ပတ်လောက်ပဲ ကျန်တော့ချိန်မှာ ပြည်နယ် တိုင်းဒေသကြီးအသီးသီးမှာ နိုင်ငံရေးပါတီစုံက ကိုယ်စားလှယ်တွေ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးရေး အောင်နိုင်ရေးတွေ ဆောင်ရွက်နေပြီး ရွေးကောက်ပွဲ ကတိကဝတ် ပြုနေချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာပဲ "လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ နိုင်ငံရေးပါတီတွေအနေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကို ကာကွယ်စောင့်ရှောက်ပေးပါ။"လို့ Amnesty International - AI နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးနဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP B)၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှု - အသံအဖွဲ့ကနေရွေးကောက်ပွဲဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို တိုက်တွန်းတောင်းဆိုလိုက်တာပါ။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖော်ထုတ် တင်ပြတောင်းဆိုသူတွေအတွက် အသက်အန္တရာယ် ထိခိုက်လောက်တဲ့အထိ လုံခြုံရေးအခြေအနေဟာ စိုးရိမ်စရာဖြစ်နေတာမို့ ပြည်သူက မဲပေးရွေးချယ်မယ့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကို ကာကွယ်ပေးဖို့ ကတိပြုပါလို့ တောင်းဆိုရတဲ့အကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP B ရဲ့ တွဲဖက်အတွင်းရေးမှူးကိုဘိုကြည်က ပြောပါတယ်။

"အဓိကကတော့ - အခု ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ဒီလိုမျိုး လုပ်ဆောင်ပါမယ် ဆိုတဲ့ ဂတိက ဝတ်မျိုးကို ပေးနိုင်ရင်တော့ သူတို့အတွက်လည်း အားပိုရှိမယ်ထင်ပါတယ်။ ဒါက ကျနော်တို့ ပါတီပေါင်းစုံကို ရည်ရွယ်ပါတယ်။ အဓိက မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်။ ဒီလူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ကာကွယ်ပေးမယ့်သူတွေ နောက် လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်ပြီးတော့ သတင်းအချက်အလက် ကောက်ယူနေတဲ့သူတွေ ရှိတယ်။ ဒီလူတွေရဲ့အသက်အန္တရာယ်နဲ့ ဒီလူတွေရဲ့ လုံခြုံရေးကလည်း အတော့်ကို စိုးရိမ်စရာ အခြေနေမှာ ရှိနေပါတယ်။ ဒါကြောင့်မို့လို့ ဒီရွေးကောက်ပွဲမတိုင်ခင်မှာ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေးအခြေအနေတွေ သိရှိစေဖို့ အဲ့ဒီ့လူ့အခွင့်အရေး အခြေအနေတွေကို ဘယ်လိုကာကွယ်နိုင်မလဲဆိုတာ သူတို့စဉ်းစားပြီးတော့ - သူတို့ လွှတ်တော်အမတ်ဖြစ်ခဲ့တယ် ဆိုရင် ဒီလိုအလုပ်မျိုးတွေကို လုပ်ပေးဖို့လိုအပ်တယ်- လုပ်ပေးမယ်ဆိုတဲ့ စိတ်ဆန္ဒ ဂတိ ဒါကို ကျနော်တို့က အဓိက လိုချင်ပါတယ်။"

မြန်မာနိုင်ငံမှာ လွတ်လပ်စွာ စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ခွင့်၊ လှုပ်ရှားသွားလာပြောဆို ရေးသားခွင့်စတဲ့ အခြေခံ လူ့အခွင့်အရေး ဒီမိုကရေစီစံနှုန်း ပျက်နေတဲ့ အနေအထားဖြစ်လို့ နိုင်ငံတော်အုပ်ချုပ်ရေး ယန္တယားသစ်ကို ဦးဆောင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ဥပဒေပြုရေး ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်ပေးပါလို့ တိုက်တွန်းရတဲ့အကြောင်း အသံအဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ မောင်ဆောင်းခကပြောပါတယ်။

"ဒီသက်တမ်း တလျှောက်မှာ လက်ရှိ အစိုးရသက်တမ်းအတွင်းမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဟာ အတော်လေးကို ချိုးဖောက်ခံရတဲ့ အခြေအနေကို ကျနော်တို့ ကြုံတွေ့နေရပါတယ်။ လက်ရှိအချိန်မှာ ဒေါင်းတို့မျိုးဆက်ဆိုရင်လည်း ဖမ်းဆီး ထိန်းသိမ်းခံထားရတာရှိတယ်။ ဒီရခိုင်အရေးနဲ့ ပတ်သက်တဲ့ ဆန္ဒပြတဲ့ကျောင်းသားတွေဆိုရင်လည်း ထောင်ချခံထားရတာ ရှိတယ်ပေါ့နော်။ အဲ့လိုအခြေအနေမျိုးတွေ ကျနော်တို့ နောင်တက်လာမယ့်အစိုးရသစ်လက်ထက်မှာ မဖြစ်စေချင်ဘူး။ အခု လာမယ့် အစိုးရသစ်လက်ထက်မှာ အဲ့လိုမျိုး နာမည်ဆိုးတဲ့ ကျော်ကြားခဲ့တဲ့ လူ့အခွင့်အရေးကို ချိုးဖောက်တဲ့ ဥပဒေတွေကို မဖြစ်မနေ ပြင်ဖို့လိုတယ်ဆိုတာကို ထောက်ပြချင်တယ်။ ဥပမာဆိုရင် ဒီဘက်အစိုးရ လက်ထက်မှာ ဥပဒေပြုပြင်ပြောင်းလဲရေးတွေ ကိစ္စတွေ အားလုံးဟာ နိဌိတံသွားပြီလို့ပြောလို့ရတယ်။ အစိုးရက ပြင်ဖို့အတွက် မျက်ကွယ်ပြုခဲ့တာကို တွေ့ရတယ်ပေါ့နော်။ အဲ့တော့ အခုယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ပါတီတွေ အထူးသဖြင့်လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို ရွေးကောက်ပွဲ မဲဆွယ် ကမ်ပိန်းတွေမှာ ပြည်သူလူထုကို လူသိရှင်ကြား ဂတိကဝတ်ပြုပေးဖို့အတွက် ကျနော်တို့ ဒီလိုမျိုး တိုက်တွန်းတောင်းဆိုတဲ့ ကမ်ပိန်းကို လုပ်ရခြင်းဖြစ်ပါတယ်ခင်ဗျ။"

ဒါ့အပြင် နိုင်ငံတဝန်းက လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ရဲရဲဝံံ့ဝံ့ဖော်ထုတ်ပေးနေတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကို ဥပဒေပုဒ်မမျိုးစုံနဲ့ စွဲချက်တင် တရားစွဲဆိုထားတဲ့အမှုတွေကို ရုပ်သိမ်းပေးဖို့ ဖမ်းဆီးထားသူတွေကို အမြန်ဆုံးခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့စတဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေကို အကာကွယ်ပေးမယ့်လုပ်ဆောင်မှုတွေ ဆောင်ရွက်ပေးပါမယ်ဆိုတဲ့ ကတိပြုပေးပါလို့လည်း ကိုယ်စားလှယ်လောင်းတွေကို တောင်းဆိုရတာလို့ နိုင်ငံရေးအကျဉ်းသားအရေး လှုပ်ရှားဆောင်ရွက်သူ ကိုဘိုကြည်ကပြောပါတယ်။

"ကျနော်တို့နိုင်ငံမှာ မတရားသဖြင့် လုပ်နေတဲ့ မတရားတဲ့ဥပဒေတွေကလည်း အများကြီးရှိတယ်။ ကျနော်တို့နိုင်ငံရဲ့ ဥပဒေတွေကလည်း တကယ့်ကိုခေတ်မမှီတော့ဘူး။ ဒါကြောင့် ဒီဥပဒေတွေကို ဖျက်သိမ်းဖို့ လိုတယ်ပေါ့နော်။ ဆိုတဲ့အခါကျတော့ နောက်တက်လာမယ့်အစိုးရနဲ့ လွှတ်တော်ရဲ့ တာဝန်က ဒီတည်ဆဲဥပဒေတွေကို ဖျက်သိမ်းပေးဖို့လိုတယ်၊ သို့မဟုတ် ဆိုင်းငံ့ပေးဖို့ လိုတယ်။ နောက်တခုက နိုင်ငံရေးအကျဉ်းသားတွေဆိုတာက အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တိုက်ရိုက် သက်ဆိုင်နေတယ်။ အခုက ဖမ်းဆီးတယ်ဆိုတဲ့အခါမှာ အစိုးရနဲ့ တပ်မတော်တင် မဟုတ်ဘဲနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကပါ လူတွေကို ဖမ်းဆီးတာတွေ ပိုတိုးလာတယ်။ ဆိုတဲ့အခါကျတော့ အခြေအနေကြီးက အရမ်းရှုပ်ထွေးလာတယ်။ ဒါကြောင့်မို့လို့ ဒီလိုကိစ္စတွေကို ရပ်တန်းကရပ်ဖို့လိုတယ်။ ပါတီပေါင်းစုံက ကိုယ်စားလှယ်လောင်း ဘယ်လောက်ကနေပြီးတော့ ဒီလိုမျိုးဂတိကဝတ် ပေးမလဲ။ ပေးမယ်ဆိုရင်တော့ သူတို့အတွက်လည်းကောင်းတယ် တိုင်းပြည်ရဲ့အနာဂတ် အတွက်လည်း ကောင်းနိုင်တယ်လို့ ကျနော်တို့ မျှော်လင့်ရမှာပေါ့။"

အခုလို ၂၀၂၀ရွေးကောက်ပွဲဝင်မယ့်နိုင်ငံရေးပါတီတွေ ကိုယ်စားလှယ်လောင်းတွေတင်မဟုတ်ဘဲ မဲပေးခွင့်ရှိသူ နိုင်ငံသားတွေအပါအဝင် ပြည်သူလူထုအနေနဲ့- မိမိအနေနဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေကို လုံခြုံစေချင်ပါတယ်။ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေဟာ ပိုမိုကောင်းမွန်တဲ့မြန်မာပြည် တည်ဆောက်ရေးကြိုးပမ်းသူတွေဖြစ်ပါတယ်။ သူတို့ကို ထောင်ဒဏ်အစား လုံခြုံမှု ကာကွယ်မှု လွတ်လပ်မှုရှိသင့်ပါတယ်။ ကိုယ်တိုင်ရော မိသားစုအတွက် အသက်အန္တရာယ်ကိုတောင်မငဲ့ဘဲ အားလုံးရဲ့လူ့အခွင့်အရေးရဖို့ လုပ်ဆောင်နေသူတွေကို အကာအကွယ်ပေးပါ လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေ အတွက်ကိုလည်း ပြန်လည်ကုစား လျော်ပေးတဲ့အလေ့အထနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းနဲ့အညီ ပြဋ္ဌာန်းပေးပါစတဲ့ တောင်းဆိုချက်တွေနဲ့ ဒီလှုပ်ရှားမှုကမ်ပိမ်းမှာ ပါဝင်လှုပ်ရှားကြဖို့ကိုလည်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့အပါအဝင် မြန်မာ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြည်သူကို တိုက်တွန်းနေပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]



(ဓာတ်ပုံ - အသံ - Athan - အောက်တိုဘာ ၂၁၊ ၂၀၂၀)
(ဓာတ်ပုံ - အသံ - Athan - အောက်တိုဘာ ၂၁၊ ၂၀၂၀)







(ဓာတ်ပုံ - အသံ - Athan - အောက်တိုဘာ ၂၁၊ ၂၀၂၀)
(ဓာတ်ပုံ - အသံ - Athan - အောက်တိုဘာ ၂၁၊ ၂၀၂၀)



XS
SM
MD
LG