သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲအကြို အကြမ်းဖက်မှုတွေအရေး USDP ဒုတိယဥက္ကဋ္ဌ-၂ ဦးခင်ရီနဲ့ သီးသန့်မေးမြန်းခန်း


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌ ၂ ဦးခင်ရီ။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌ ၂ ဦးခင်ရီ။

(Zawgyi / Unicode)

မြန်မာနိုင်ငံ ရွေးကောက်ပွဲ ၂ ပတ်ခန့်သာ လိုတဲ့အချိန်မှာ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ကျေးရွာတရွာမှာမျိုး လူသေစေတဲ့အထိ အကြမ်းဖက် တိုက်ခိုက်မှုတွေ များလာတဲ့အပေါ် ဘယ်လိုလျှော့ချနိုင်ဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌ-၂ ကို မေးရာမှာ ရဲချုပ်ဟောင်းလည်းဖြစ်တဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဟောင်း ဦးခင်ရီက ထိပ်ဆုံးအစိုးရအဖွဲ့က အမိန့်ထုတ် တားမြစ်သင့်ပြီး ရွေးကောက်ပွဲကော်မရှင်ကလည်း ကြိုတင် လုံခြုံရေးစီမံ လမ်းကြောင်းလွှဲပေးသင့်တယ်လို့ ဖြေကာ အခုလို စရှင်းပြပါတယ်။

ဦးခင်ရီ - “အခုလည်း ကျနော်တို့ လူမူကွန်ရက်မှာ ဒါတွေ ဖတ်ရတယ်လေဗျာ။ ဒါ ကျနော်တို့ဘက်မှာတော့ မရှိသေးဘူး။ သတင်းထဲမှာတော့ ဒါတွေဖတ်ရတယ်။ ကျနော်တို့လည်း စည်းရုံးရေး ဆင်းနေတာကိုး။ ဒါတွေကတော့ မကောင်းဘူးပေါ့ဗျာ။ မဖြစ်သင့်တဲ့ ကိစ္စတွေပေါ့။ စိတ်မကောင်းဘူးပေါ့။ ဒါတွေက ပါတီတွေအားလုံးကနေပြီးတော့ ထိန်းကျောင်းရမှာပေါ့။ ဝန်းရံသူပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ်၊ ပါတီတံဆိပ်ပါတဲ့ အင်္ကျီတွေ ဝတ်ပြီးတော့ ပါတီအလံတွေ သုံးတယ်ဆိုတည်းက ပါတီမှာတော့ ထိန်းကျောင်းဖို့ တာဝန်ရှိတာပေါ့။”

ကိုဝင်းမင်း - အဲဒီတော့ ပါတီတာဝန်ရှိသူတွေအနေနဲ့ ဘယ်လိုတားသင့်လဲ။

ဦးခင်ရီ - “ကိုယ့်ပါတီဝင်တွေကို မလုပ်နဲ့ဆိုလည်း မလုပ်နဲ့လို့ တားလို့ရတာပေါ့။ သို့သော်လည်း ဝန်းရံသူတွေဆိုတာလည်း ကိုယ့်ပါတီကို အားပေးတဲ့သူတွေ ဆိုတဲ့အခါတော့လည်း ခက်တာပေါ့လေ။ တချို့ကျတော့လည်း လူငယ်ဆိုတော့လည်း ကိုယ့်ဟာကိုယ် မခံချင်စိတ်နဲ့ လုပ်ကြတာပေါ့။ ဒါက ပါတီဆိုတာထက်ကို နိုင်ငံတော်ပိုင်းက ဒီလို စည်းရုံးလှုပ်ရှားမှုတွေဟာ ကိုဗစ်ရောဂါ ဖြစ်တဲ့အချိန်မှာ မလုပ်ရဘူးဆိုပြီး တချက်တည်း အမိန့် အပြတ်ထုတ်လိုက်လို့ရှိရင် ရတယ်ဗျ။ ဒီလို တာဝန်ရှိတဲ့ အာဏာရှိတဲ့ အဖွဲ့ကနေ ပြောမှ ရပ်တန့်မယ့် အခြေအနေမျိုးမှာ ရှိတယ်ဗျ။”

ကိုဝင်းမင်း - ဘယ်အဖွဲ့က အဓိက ပြောသင့်လဲ။

ဦးခင်ရီ - “နိုင်ငံတော်က ပြောရမှာပေါ့ဗျာ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့ အညီပေါ့။ ဒီအချိန်မှာ လူမစုရတို့ ဘာတို့ ကန့်သတ်ချက်တွေက ရှိတာပဲဗျာ။ ဒါတွေကို ကျော်လွန်ပြီး ဆောင်ရွက်နေကြတာပဲ။ အများပြည်သူကိုလည်း စိတ်အနှောင့်အယှက် ဖြစ်စေတာပေါ့။ ဒါကြောင့် ဒီနေ့ကစပြီး မလုပ်ပါနဲ့လို့ တားလိုက်ရင် ရပါတယ်။”

ကိုဝင်းမင်း - ဘယ်အဖွဲ့က ထုတ်သင့်လဲ၊ ဘယ်ဝန်ကြီးဌာနက ထုတ်သင့်လဲ။

ဦးခင်ရီ - “ကျနော်ထင်တာတော့ ကျန်တဲ့ ဘယ်ဝန်ကြီးဌာနထုတ်ထုတ် နိုင်ငံတော်အစိုးရက ထုတ်ရင်တော့ အကောင်းဆုံးလို့ ကျနော်မြင်တယ်။ သူက အဆင့်ဆင့်သော အာဏာပိုင်အဖွဲ့အစည်းတွေ၊ တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးအထိ၊ သြဇာတိက္ကမ သက်ရောက်သွားမှာကိုး။”

ကိုဝင်းမင်း - ဟုတ်ကဲ့၊ အစိုးရရုံးအဖွဲ့ပေါ့နော်၊ ဦးဇော်သန်းသင်းတို့။

ဦးခင်ရီ - “ဟုတ်ကဲ့ မှန်တယ်ခင်ဗျ။ အများ၊ ဒီကလေးတွေအတွက်ရော အများပြည်သူအတွက်ရော အကျိုးကိုရှေ့ရှုပြီးတော့ သူက ရပ်လိုက်ပါလို့ ပြောလိုက်တဲ့နေ့က ရပ်သွားတဲ့နေ့ ဖြစ်မှာပေါ့ဗျာ။”

ကိုဝင်းမင်း - အဲဒီတော့ အခုလက်ရှိ ခုလို ဘာကြောင့်မထုတ်သေးဘူးထင်လဲ။

ဦးခင်ရီ - “အဲ့ဒါတော့ မသိဘူးဗျ။ ကျနော်တို့ဘက်မှာလည်း တချို့နေရာတွေကျတော့ ပါတီတို့ ဘာတို့ကနေ လက်လှမ်းမမီတဲ့ သက်ဆိုင်ရာ ကျေးရွာအလိုက် ထောက်ခံသူတွေက၊ ဝန်းရံသူများက၊ ဒါက သူတို့လုပ်ကြတာ ရှိတယ်လေ။ ဟို တဖက်နဲ့တဖက်က လုပ်ကြကိုင်ကြရင်းနဲ့ စကြ၊ နောက်ကြ၊ ပြီးတော့ အပြိုင်တွေများလာတော့ ဖြစ်ကြတာပေါ့။ အဲ့ဒီတော့ မလုပ်နဲ့ဆိုတဲ့ အမိန့်တရပ်၊ သြဇာကိတ္တမကြီးတဲ့ အမိန့်တရပ် ထုတ်ပြန်ဖို့လိုတယ်။ အဲ့ဒီအမိန့်ကို အသက်သွင်းဖို့လိုတယ်။”

ကိုဝင်းမင်း - အခု ဦးခင်ရီရဲ့ မဲဆန္ဒနယ် ရန်ကုန်က ဆိပ်ကြီးခနောင်တိုမှာ အကြမ်းဖက်မှုတွေ မဖြစ်တာကရော ဘယ်လိုကွာတယ်လို့ထင်လဲ။

ဦးခင်ရီ - “ဒီမှာမဖြစ်ဘူးဗျ။ ကျနော်တို့နယ်မြေမှာ အစတည်းက ဒီလိုမျိုး လှည့်တာပြုတာမျိုး မရှိဘူး။ ကျနော်တို့ပါတီမှာဆို ကျနော်ကပဲ ထွက်ပြီးတော့ အင်တာဗျူးတွေဘာတွေမှာ ထွက်ပြောပြီး ကျနော့်ဟာနဲ့ကျေနာ် တယောက်တည်း ရပ်ပစ်လိုက်တယ်။ ကျေနာ် လက်လှမ်းမမီတဲ့ နေရာတွေလည်း တားတယ်။ အဲ့ဒီတော့ တခြားတဖွဲ့ဖွဲ့က လုပ်တာပြုတာမျိုး ရှိတယ်ဆိုလည်း ချက်ချင်း ကျနော်တို့ ကော်မရှင်ကို လှမ်းပြောတာ ပြုတာရှိတယ်၊ တားကြတယ်။ ကျနော်တို့ ဒီဘက်မှာကတော့ ခိုက်ရန်ဒေါသ ဖြစ်ပွားတယ်ဆိုတာထက် အများပြည်သူတွေက ဒီရောဂါကြောင့် စိတ်ညစ်နေတဲ့အချိန်မှာ ကိုယ်က ဆိုင်းကြီးတွေ ဗုံကြီးတွေနဲ့ လှည့်တာ ပြုတာကျတော့ သူက အကျိုးထက် အပြစ်က ပိုများတယ်လေ။ သူက ချစ်ခင်နှစ်သက်မှုထက် မျက်စိနောက်စရာ အမုန်းတရားက ပိုဖြစ်စေတယ်။ အဲ့ဒါကြောင့် ကျနော်တို့က မလုပ်တာပါ။”

ကိုဝင်းမင်း - အဲ့ဒီတော့ အခြားနေရာတွေမှာ ဒီအကြမ်းဖက်မှုတွေ ဖြစ်တာကို ကြည့်ရင် ဘာကြောင့် အဓိကဖြစ်ရပြီး အဲ့ဒါကို လျှော့ချဖို့ ဘယ်လိုအကြံပေးချင်လဲ။

ဦးခင်ရီ - “ဒါကတော့ အပြန်အလှန်ပဲဗျ၊ အပြန်အလှန် Attack (တိုက်ခိုက်မှု)။ တယောက်ကလုပ်ရင် တယောက်က မခံနိုင်ဘူး။ တယောက်က ၁၀ ယောက်လုပ်ရင် နောက်တယောက်က အယောက် ၂၀ ပြန်ပြီးလုပ်မယ်။ လူငယ်များရဲ့ ပြိုင်ဆိုင်မှုပေါ့ဗျာ။”

ကိုဝင်းမင်း - အဲ့ဒီတော့ ဘာကြောင့် ဒီတခေါက်မှာ ပြိုင်ဆိုင်မှု များလာတယ်ထင်လဲ၊ အရင်တခေါက် ရွေးကောက်ပွဲထက်စာရင်။

ဦးခင်ရီ - “ခက်တာကတော့ အမြဲတမ်းတော့ ဒီလိုကိစ္စမျိုးက ဖြစ်လေ့ဖြစ်ထ ရှိတာပဲလေ နီးလာလို့ရှိရင်၊ အင်အားတွေပြကြတာပေါ့။ ဒါပေမယ့် သိပ်တော့ အရင်ကတော့ ရန်မဖြစ်ကြဘူး။ နောက်တခုက ရန်ဖြစ်စေတဲ့ အကြောင်းရင်းတွေ ဖန်တီးနေဟန်တူတယ်။”

ကိုဝင်းမင်း - ဘယ်လိုအကြောင်းတွေမျိုး ဖန်တီးလာတာ သတိထားမိလဲ။

ဦးခင်ရီ - “ရန်မဖြစ် ဖြစ်အောင်ပေါ့ဗျာ။ ရန်မဖြစ် ဖြစ်အောင် တယောက် တယောက် စကြ နောက်ကြတယ်၊ မခံချင်အောင်ပြောတယ်၊ ဒါမျိုးတွေဖြစ်တာပေါ့။ နောက်တခုကလည်း တာဝန်ရှိတဲ့သူတွေက ကျနော်တို့ သိသလောက်တော့လေ ဒါမျိုးတွေက လှည့်လည်အင်အားပြမယ်ဆိုရင် ရွေးကောက်ပွဲကော်မရှင်ကို တင်ရတယ်ဗျ။ ကျနော်တို့ တင်တယ်။ ရွေးကောက်ပွဲကော်မရှင်က ဒါတွေကိုကြည့်ပြီး အချိန်တို့ လမ်းကြောင်းတို့ သတ်မှတ်ပြီးတော့ လွှဲပေးတယ်ဗျ။ တဖွဲ့ကိုဆိုင်းထား၊ တဖွဲ့ကို လမ်းကြောင်းပြောင်းတယ်ဗျ၊ ကျနော်တို့ ထိပ်တိုက်မတွေ့တော့ အင်အားပြတာပဲရှိတယ်၊ ရန်မဖြစ်ဘူးပေါ့။ တကယ်က ထိပ်တိုက်တိုးစရာ အကြောင်းမှ ရှိမှမရှိတာချည်း။ ဒါ မတင်ပြဘဲနဲ့များ သွားနေကြတာလား။ မတင်ဘဲနဲ့ သွားနေရင်တော့ ရွေးကောက်ပွဲကော်မရှင်က အရေးယူလို့ ရတယ်လေ။ ဟိုအရင်တုန်းကဆိုရင် တရက်ကြို အကြောင်းကြားရတယ်။ အခုဟာ ဒါတွေက မလုပ်မဖြစ်တဲ့ သဘောပေါ့။”

ကိုဝင်းမင်း - အဲ့ဒီတော့ အခုဟာက ကြိုပြီးတော့ မတားနိုင်ခဲ့ဘူးပေါ့၊ အဲ့ဒီတော့ ဖြစ်လာခဲ့တဲ့ အနေအထားမှာရော။

ဦးခင်ရီ - “ဖြစ်လာရင်တော့ ဖြစ်လာတဲ့အတိုင်းပဲ၊ ဒါကျတော့လည်း ဥပဒေကြောင်းအရ ပါလာတာပေါ့ဗျာ။ အရေးယူခံရ၊ ဘာခံရ ဖြစ်လာတော့တာပေါ့။ ဖြစ်လာပြီးမှတော့ သာမန်ကိစ္စက အကြောင်းမရှိဘူးလေ၊ ဒါ ရိုက်ကြတယ်၊ ပြုကြတယ်၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ ဒါ ဥပဒေကြောင်းအရ အရေးယူခံရမယ်။ ဒီလူတွေဟာ တကယ်တမ်းကြတော့လည်း ပါတီအရောင်အသွေး ကွဲတယ်ဆိုပေမယ့် တရွာတည်းမှာ နေကြတဲ့ မိတ်ဆွေ သူငယ်ချင်းတွေပဲလေ။”

ကိုဝင်းမင်း - ဒီနေရာမှာ ရဲတပ်ဖွဲ့အနေနဲ့ အချိန်မီတားနိုင်တာမျိုးရော။

ဦးခင်ရီ - “ဒီတခုတော့ ရှိတာပေါ့ဗျာ။ ခုနက ပြောသလိုပေါ့၊ ဘယ်နေရာကို သွားမယ်ဆိုတာ သိထားရင်တော့ တမျိုးပေါ့။ ဒါပေမယ့် သူတို့ ရဲတွေကိုယ်တိုင်လည်း သိချင်မှသိမှာ။ တချို့ရွာတွေမှာဆိုရင် ရဲကင်းလောက်သာ ရှိတာလေ။ သူတို့ လှည့်တာတွေက ကျေနာ် ဒီ လူမူကွန်ရက်မှာ တွေ့တာတွေက သောင်းဂဏန်းတောင် မကဘူးထင်တယ်၊ သွားနေကြတာ။ ရဲကင်းဆိုတာ လေးငါးခြောက်ယောက်လောက်သာရှိတာ၊ သိပ်မလွယ်ဘူးပေါ့။”

ကိုဝင်းမင်း - အဲ့ဒီတော့ ဒီနေရာမှာ ရဲအနေနဲ့ရော အင်အားကြိုဖြည့်တာတို့ အခုကာလမှာလေ။

ဦးခင်ရီ - “အမှန်ကတော့ ခုနကပြောသလိုလေ၊ ဒီ လုံခြုံရေး အစီအမံတွေအားလုံးကို စီမံပိုင်ခွင့်ရှိတဲ့ ပုဂ္ဂိုလ်ကသာလျှင် လုပ်ရမှာ။ အဲ့ဒီကျ ခွင့်ပြုချက်နဲ့သာ လုပ်တာတို့၊ လမ်းကြောင်းလွှဲတာတို့၊ ဖြစ်နိုင်ခြေရှိတဲ့ နေရာတွေမှာ လုံခြုံမှုအဖွဲ့အစည်းကို ကြိုတင်ပြီးတော့ အကြောင်းကြားထားတာတို့၊ ဟန့်တားထားတာတို့ ဒါတွေဖြစ်ရမှာ။ ဖြစ်မှ နောက်က လိုက်ပြီး အရေးလိုက်ယူတယ် ဆိုတာကတော့ ကြိုတင်တွက်ဆမှု အားနည်းတယ်လို့ မြင်တယ်။ ကောင်းတာကတော့ မဖြစ်အောင် လုံခြုံရေးအစီအမံတွေ၊ ကာကွယ်ရေးအစီအမံတွေ ဘယ်လိုချမယ်ဆိုတာ တာဝန်ရှိအဖွဲ့အစည်းက ကြိုတင်စဉ်းစားသင့်တယ်။ ဒီကိစ္စမျိုးက ကြိုတင်ကာကွယ်လို့ ရပါတယ်။”

ကိုဝင်းမင်း - ကျေးဇူးအများကြီးတင်ပါတယ် ဦးခင်ရီ ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)





























XS
SM
MD
LG