သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ရွေးကောက်ပွဲနီးလာချိန် Facebook လုပ်ဆောင်ချက် ဝေဖန်မှုတွေ ထွက်ပေါ်


Facebook သုံးနေသူတချို့ကို ရန်ကုန်မြို့ရှိ လက်ဖက်ရည်ဆိုင်တခုမှာ တွေ့ရ။ (ဒီဇင်ဘာ ၁၈၊ ၂၀၁၈)
Facebook သုံးနေသူတချို့ကို ရန်ကုန်မြို့ရှိ လက်ဖက်ရည်ဆိုင်တခုမှာ တွေ့ရ။ (ဒီဇင်ဘာ ၁၈၊ ၂၀၁၈)

[Zawgyi/Unicode]

ရွေးကောက်ပွဲတွေ ကျင်းပဖို့ သီတင်းပတ်လောက်သာ လိုတော့တဲ့ မြန်မာနိုင်ငံမှာ Facebook လူမှုကွန်ရက်ပေါ်က ရေးသားပြောဆိုမှုတွေကို ကန့်သတ်ပိတ်ပင်တာတွေလည်း တွေ့လာနေရတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပါမယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ လူမှုကွန်ရက်မှာ နိုင်ငံရေး သဘောထားအမြင်တွေ ရေးသားဖော်ပြချက်တွေ များလာနေချိန်မှာပဲ Facebook ကလည်း စောင့်ကြည့် ထိန်းချုပ်မှုတွေ သိသိသာသာ လုပ်လာနေတာပါ။ ဒီရက်ပိုင်းအတွင်းမှာပဲ လူမှုကွန်ရက်ပေါ်က နိုင်ငံရေးနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဝေဖန်ချက်တွေ၊ သတင်းတွေကို ထပ်ဆင့်ဝေမျှတာတွေကို ဖယ်ရှားနေတဲ့အပေါ် ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ အထူးသဖြင့် လက်ရှိအာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ဝေဖန်ပြောဆိုထားတဲ့ စာမျက်နှာတွေကို ပိုပြီးပစ်မှတ်ထား အရေးယူနေတယ်ဆိုတဲ့ ယူဆချက်တွေလည်း ထွက်ပေါ်လာနေတာပါ။ ဒါပေမဲ့လည်း Facebook ကုမ္ပဏီကတော့ အမုန်းစကားဖြန့်ဝေမှုတွေကို ဟန့်တားဖို့ ရည်ရွယ်ချက်နဲ့သာ ဆောင်ရွက်နေတာလို့ စင်္ကာပူရုံးခွဲက မလှမြတ်မွန်က ဗွီအိုအေကို ပြောပါတယ်။

“သတင်းအချက်အလက်အမှားလို့ အန္တရာယ်ဖြစ်စေနိုင်တဲ့ဟာမျိုးတွေကို အဓိကထားပြီး ကျမတို့ဘက်က ဖြုတ်ချတာရှိတယ်၊ လျှော့ချတာရှိတယ်။ ဖြုတ်ချတဲ့ဟာက လုံးဝ သတင်းအမှားနဲ့ အန္တရာယ်ဖြစ်စေတဲ့ဟာ သေချာတယ်ဆိုရင်။ လျှော့ချတယ်ဆိုတဲ့ဟာမျိုးက သတင်းက အမှားလုံးဝ မဟုတ်တာတို့ နောက် တပိုင်းတစ မှားတာတို့ဆို ဒီလို ဒီနေရာ လျှော့ချတဲ့အပိုင်းလေးတွေ ရှိတာပေါ့နော်။ အဲဒါက ကျမတို့ရဲ့ ပုံမှန် တကမ္ဘာလုံး ကျင့်သုံးတဲ့ ပေါ်လစီပေါ့နော်။ မြန်မာပြည်က ရွေးကောက်ပွဲအတွက်ဆိုပြီးတော့ သီးသန့်အနေနဲ့ မူဝါဒအပိုင်းပေါ့... မဲဆန္ဒနယ် မသမာမှုလို့ပဲ ခေါ်မလား အဲဒါနဲ့ပတ်သတ်တဲ့ မူဝါဒအပိုင်း တိုးချဲ့တဲ့အပိုင်းတော့ ရှိပါတယ်။”

ဒီရက်ပိုင်းမှာပဲ ရခိုင်အမျိုးသားပါတီရဲ့ လှုပ်ရှားမှုကို ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြရာမှာ ထောက်ခံတဲ့ သင်္ကေတကို ဖော်ပြခွင့်မရခဲ့တာ တိုင်းရင်းသား နိုင်ငံရေးပါတီတချို့က ကိုယ်စားလှယ်လောင်းတွေရဲ့ ဖော်ပြချက်တွေကို ဖယ်ရှားခံခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။ Facebook လူမှုကွန်ရက်ကနေ တိုက်ရိုက် Live ထုတ်လွှင့်မှု အပါအဝင် အခက်အခဲတွေ ကြုံရတာတွေ ရှိနေတယ်လို့လည်း နိုင်ငံရေးပါတီ တခုဖြစ်တဲ့ ပြည်သူ့ပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ကိုနေယံဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“အခုရွေးကောက်ပွဲ ကာလမှာလည်း Facebook ရဲ့ ကျနော်တို့ live show တွေကို သူတို့ဖြုတ်ချတာ ရွေးကောက်ပွဲစတဲ့နေ့မှာ ကျနော့်ရဲ့ campaign page မှာ ဘာမှစာတွေ မတင်ရအောင် လုပ်တာပေါ့။ မြန်မာ့နိုင်ငံရေးမှာ မြန်မာ့ရွေးကောက်ပွဲမှာ Facebook လို နိုင်ငံခြား ကုမ္ပဏီတစ်ခုက ဝင်ရောက်ခြယ်လှယ်နေတာက ကျနော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီရေး၊ ကျနော်တို့နိုင်ငံရဲ့ အသွင်ကူးပြောင်းရေး အရမ်းစိုးရိမ်စရာအနေအထားမျိုး ရှိပါတယ်။”

မြန်မာနိုင်ငံမှာ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေ ကြုံခဲ့ရတဲ့ အရင်တုန်းက ဖြစ်ရပ်တွေမှာ Facebook လူမှုကွန်ရက်ဟာ အမုန်းစကားတွေ ဖြန့်ဝေမှုအတွက် တာဝန်ရှိခဲ့တယ်ဆိုပြီး ကုလသမဂ္ဂ အရာရှိတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ရာက မကြာသေးခင် နှစ်တွေကစပြီး မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ စာမျက်နှာတွေကို Facebook က အရေးယူတာ စောင့်ကြည့်တာတွေ လုပ်လာခဲ့တာပါ။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စာမျက်နှာကအစ ရခိုင်လက်နက်ကိုင် အဖွဲ့ AA ရဲ့ စာမျက်နှာအဆုံး လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေကိုလည်း ပိတ်ပစ်ခဲ့သလို နောက်ပိုင်းမှာလည်း အကောင့်အတုတွေ၊ သတင်းအတုအယောင်တွေ၊ သတင်းမှားတွေ ဖော်ပြတဲ့ စာမျက်နှာတွေကို ဖယ်ရှားတာတွေလည်း ရှိခဲ့ပါတယ်။

ရွေးကောက်ပွဲထိခိုက်မယ့် ဖော်ပြချက်တွေကို ဖယ်ရှားမယ်ဆိုတာ Facebook က ဩဂုတ်လကုန်ပိုင်းမှာ ကြေညာခဲ့တာဖြစ်ပြီး ၂၀၂၀ မေလကနေ ဩဂုတ်လအထိ သုံးလအတွင်းမှာ လူမျိုးရေး၊ ဘာသာရေးနဲ့ အမုန်းစကားဖြန့်ဝေတဲ့ Facebook စာမျက်နှာပေါင်း ၂၈၀,၀၀၀ လောက်ကို ဖယ်ရှားခဲ့တယ်လို့ ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့လည်း Facebook ရဲ့ ဆောင်ရွက်ချက်တွေဟာ လူမှုကွန်ယက်ပေါ်က သဘောထားအမြင်တွေကို လွပ်လွပ်လပ်လပ် ပြောဆိုနေသူတွေ၊ သတင်း စီးဆင်းမှုတွေမှာ ထိခိုက်မှုတွေ ရှိနေတယ်လို့လည်း ဝေဖန်မှုတွေ ထွက်ပေါ်လာနေပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]










XS
SM
MD
LG