သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်သူနာပြု အမျိုးသမီး ဗိုလ်ကြီးတဦးရဲ့ အာဏာသိမ်းမှု ဆန့်ကျင်ရေး အတွေ့အကြုံ 


စစ်သူနာပြု အမျိုးသမီး ဗိုလ်ကြီးတဦးရဲ့ အာဏာသိမ်းမှု ဆန့်ကျင်ရေး အတွေ့အကြုံ
စစ်သူနာပြု အမျိုးသမီး ဗိုလ်ကြီးတဦးရဲ့ အာဏာသိမ်းမှု ဆန့်ကျင်ရေး အတွေ့အကြုံ

မြန်မာ့တပ်မတော် အမျိုးသမီး စစ်သူနာပြုတဦးဖြစ်တဲ့ ဗိုလ်ကြီးခင်ပပထွန်းဟာ စစ်အာဏာသိမ်းမှု ဆန့်ကျင်လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး အခုနောက်ဆုံး လွတ်မြောက်နယ်မြေကို တိမ်းရှောင်လာပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အတွေ့အကြုံတွေကိုတော့ ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း ထားပါတယ်။

စစ်သူနာပြု အမျိုးသမီး ဗိုလ်ကြီးတဦးရဲ့ အာဏာသိမ်းမှု ဆန့်ကျင်ရေး အတွေ့အကြုံ

{{Zawgyi/Unicode}}
မြန်မာ့တပ်မတော် အမျိုးသမီး စစ်သူနာပြုတဦးဖြစ်တဲ့ ဗိုလ်ကြီးခင်ပပထွန်းဟာ စစ်အာဏာသိမ်းမှု ဆန့်ကျင်လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး အခုနောက်ဆုံး လွတ်မြောက်နယ်မြေကို တိမ်းရှောင်လာပါတယ်။ စစ်သူနာပြု ဗိုလ်ကြီး ခင်ပပထွန်းဟာ၊ မှော်ဘီမှာရှိတဲ့ တပ်မတော် ဆေးဘက်ဆိုင်ရာ ပညာသင်ကျောင်းမှာ တာဝန်ထမ်းဆောင်နေစဉ် CDM အာဏာဖီဆန်ရေးမှုမှာ ပါဝင်ခဲ့ပြီးနောက် ဧပြီလထဲမှာပဲ တိမ်းရှောင်လာခဲ့တာပါ။ လွတ်မြောက်နယ်မြေကို ရောက်လာတဲ့ ပထမဆုံး အမျိုးသမီး စစ်အရာရှိ တဦးရဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အတွေ့အကြုံတွေကိုတော့ ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း ထားပါတယ်။

ဗိုလ်ကြီး ခင်ပပထွန်း ။. ။ ဟုတ်ကဲ့ ထွက်လာရတာကတော့ တပ်ထဲမှာ မတရားမှုတွေများတယ်၊ ဘက်လိုက်မှုတွေများတယ်။ ထွက်ဖို့ကလည်း မလွယ်ဘူးရှင့်။ ကျမတို့က စာချုပ်စာတမ်းနဲ့ ။ နောက်ပိုင်းကြတော့ ပိုဆိုးတယ်။ ဒီလိုပဲ ကြိတ်မှိတ်နေခဲ့ပြီးတော့ အာဏာစသိမ်းခဲ့တော့ မတရား အာဏာသိမ်းတာကိုလည်း ကျမတို့ကသိတယ်။ သိပေမယ့် နောက်ပိုင်း ထွက်လို့ကလည်း အဆင်မပြေတော့အခါကြတော့ ဒီလိုပဲနေခဲ့ကြတယ်။ နောက်ပိုင်း ဆန္ဒပြတဲ့လူငယ်တွေကို ပစ်တယ်။ မတရားသဖြင့် ဖမ်းတယ်။ နိုပ်စက်တယ်။ အခု ရွာတွေကိုလည်း အလကားနေလိုက်ပြီး မီးတွေရှို့တယ်။ မတရားသဖြင့် အနိုင်ကျင့်တာတွေမြင်ရတဲ့အခါကြတော့ တော်တော်စိတ်မကောင်းဘူး။ နောက်ပြီး မတရားတဲ့အဖွဲ့အစည်းထဲမှာ ကျမနေနေရတာကိုလည်း လိပ်ပြာမလုံဘူး။ ယူနီဖောင်းဝတ်ထားရတာကိုလည်း စိတ်မသန့်ဘူး။ လိပ်ပြာမလုံဘူး။ ဘာပဲပြောပြော ဒီအဖွဲ့အစည်းထဲမှာနေရတာ ကျမမလုပ်ပေမယ့်လည်း ကျမက Support လုပ်နေသလိုခံစားရတယ်ပေါ့နော်။ ကျမက ဆက်ပြီးတော့ Support မလုပ်ချင်တော့ဘူး။ အဲဒီအတွက် ကျမထွက်ချင်တယ်။ မနေချင်ဘူး။ မိသားစုကလည်းရှိပြန် ကိုယ်တယောက်တည်းထွက်ဖို့ကလည်း အဆင်မပြေဘူး။ ကိုယ်လွတ်ရုန်းပြီးထွက်လာဖို့ကလည်း အဆင်မပြေပြန်ဘူး။ အဲဒါနဲ့ အချိန်က ကြာသွားတာပေါ့နော်။ ကျမတို့ အမျိုးမျိုး စီစဉ်ခဲ့ပါတယ်။ အမျိုးသားနဲ့ တိုင်ပင်ပြီးမှ ထွက်လာခဲ့ကြတာပါ။

ကိုဝင်းမင်း ။. ။ ဟုတ်ကဲ့ ။ ဆရာဗိုလ်ကြီး က ပထမဦးဆုံး စစ်တပ်က CDM လုပ်ခဲ့တဲ့ အမျိုးသမီးအရာရှိပေါ့နော်။

ဗိုလ်ကြီး ခင်ပပထွန်း ။. ။ ဟုတ်ကဲ့။ CDM လုပ်တာ ကျမတို့ အမျိုးသမီးအရာရှိတွေထဲမှာ မရှိကြသေးဘူး။ ကျမတို့က အမျိုးသမီးတွေလည်းဖြစ်တယ်။ နောက်ပြီးတော့ မိသားစုတွေရှိတယ်။ သားသမီးတွေရှိတယ်။ အဲဒီလိုပဲ တခြားလူတွေလည်း စိတ်ထဲမှာ ဘယ်လိုပဲ မနှစ်မြို့ပေမယ့် ငဲ့ညှာရတာတွေရှိမှာပေါ့နော်။ ကျမလည်း ပထမဆုံးလုပ်ရတာဆိုတော့ တော်တော်ခက်တာပေါ့နော်။ ဒါပေမယ့် စိတ်ထဲမှာ တော်တော်မနှစ်မြို့ဘူး။ ဒါပေမယ့် ဘယ်လိုမှ မခံစားနိုင်တော့ဘူး။ စိတ်လည်း တော်တော်ဆင်းရဲပါတယ်။ နောက်လူတစုအတွက်ပေါ့နော်။ နိုင်ငံဝန်ထမ်းတယောက်က နိုင်ငံအတွက်လုပ်ရမှာကို လူတစုအတွက် တာဝန်ထမ်းဆောင်နေတာလို့ မြင်လာတဲ့အတွက်ကြောင့် ကျမ မလုပ်နိုင်တော့လို့ ထွက်လာခဲ့တာပါ။ နောက်ပြီးတော့ ပြည်သူမုန်းတဲ့အဖွဲ့အစည်းထဲမှာ ကျမဆက်ပြီး တာဝန်မထမ်းဆောင်ချင်တော့ဘူး။

ကိုဝင်းမင်း ။. ။ အခုလိုလုပ်ဖို့ အခက်အခဲဆုံး က ဘာလဲဆိုတာ ဘယ်လိုရှင်းပြချင်ပါလဲ။

ဗိုလ်ကြီး ခင်ပပထွန်း ။. ။ အခက်ခဲဆုံးက ကျမတို့လာရမယ့် လမ်းခရီးပေါ့နော်။ လမ်းခရီးလုံခြုံမှုက သိပ်မရှိဘူးလေ။ ကျမတို့လူကြီးတွေအတွက်က ကိစ္စမရှိဘူး။ ကလေးတွေအတွက် အများကြီး စဉ်းစားရတာပေါ့နော်။ ဒီလိုပဲ ဖြစ်ချင်ရာ ဖြစ်တော့ ဆိုပြီး ဘယ်လိုမှ ဆက်မနေနိုင်တော့တဲ့ အသိုင်းအဝိုင်းမှာ ဖြစ်ချင်ရာ ဖြစ်တော့ ဆိုပြီး ဆက်ထွက်လာခဲ့ကြရတာပါ။

ကိုဝင်းမင်း ။. ။ နောက်ဆုံး တာဝန်ကျနေတဲ့ သင်တန်းကျောင်းမှာ အမှတ်ရနေတာ ဆိုရင်ကော အဓိက ဘာကိုထောက်ကြချင်ပါလဲ။

ဗိုလ်ကြီးခင်ပပထွန်း ။. ။ သင်တန်းကျောင်းမှာ ရိုက်သွင်းတာတွေကတော့ အများကြီးပဲ။ အဓိက NLD အုပ်ချုပ်ရင်ကိုပဲ တခြားဘာသာခြားတွေက အုပ်ချုပ်တော့မယ်၊ နိုင်ငံခြားတွေကပဲ လွှမ်းမိုးတော့မယ်ပေါ့။ အရင်မဲထဲ့တဲ့ ကာလတုံးကတော့ သင်တန်းသူ သင်တန်းသားတွေကို ပွင့်ပွင့်လင်းလင်းပြောရရင်တော့ သူတို့ ကြံ့ခိုင်ရေးကို မဲပေးခိုင်းတာပေါ့။ အရာရှိကြီးတွေက အဲဒီလို သင်တန်းသူ သင်တန်းသားတွေကို ဖိအားပေးတာပေါ့နော်။ နောက်ပြီး ကိုဗစ်ဖြစ်တဲ့အခါမှာတော့ ကျမ ကိုဗစ်စင်တာမှာ တာဝန်ထမ်းဆောင်တဲ့အခါမှာ ကျမတို့ ဂျူတီထွက်ပြီပေါ့နော်။ တကယ်က မဲသွားပေးလို့ရတယ်။ ကျမကို မဲမထဲ့ခိုင်းပဲနဲ့ ကြိုတင်မဲဆိုပြီးလုပ်တယ်။ NLD ထဲ့ပြီး သူတို့ဖတ်မရအောင် စာအိပ်ကို ပိတ်လိုက်တယ်။ မဲတာဝန်ခံလက်မှတ်မထိုးရလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့ပြန်ဖောက်တယ်။

ကိုဝင်းမင်း ။. ။ အာဏာသိမ်းပြီးမှာကော

ဗိုလ်ကြီး ခင်ပပထွန်း ။. ။ မဲမသမာလို့ အာဏာသိမ်းရတယ်။ သူတို့စစ်ဆေးမယ်ဆိုတာကို NLD က လက်မခံလို့ အာဏာသိမ်းရပါတယ်ဆိုတာကို သူတို့ တပ်ထဲကလူတွေကို ဆွေးနွေးပွဲတွေမှာပြောတယ်။ ဗွီဒီယိုနဲ့လည်း ပြောတယ်။ အဲဒါလည်း မတက်ချင်ချင် နားမထောင်ချင်ချင် တက်ရ နားထောင်ရတယ်။ လူတွေက စိတ်ရှုပ်တာကို။ စိတ်ရှုပ်ပေမယ့်လည်း တပ်ထဲမှာ လိုက်လုပ်လို့မှ မရတာ။ ဘယ်သူမှားတယ် ။ မှန်တယ်ဆိုတာကို သိနေတာပဲ။ ဘယ်သူလက်ထက်မှာ တိုင်းပြည်တိုးတက်လဲ။ ဆုတ်ယုတ်လည်းဆိုတာ ငြင်းလို့မှမရတာ။

ကိုဝင်းမင်း ။. ။ ဒီကို ထွက်မလာခင်မှာ သြစတေးလျှနိုင်ငံက CDM အရာရှိတချို့ကို လက်ခံတာကိုကော ကြားရသလား။

ဗိုလ်ကြီး ခင်ပပထွန်း ။. ။ ဒီကိုထွက်လာမယ်လို့ ဆုံးဖြတ်ချက်ချပြီးမှ ကြားတာပါ။ တိတိကျကျ သိတာတော့မရှိဘူးပေါ့နော်။ လက်ရှိရောက်တဲ့အနေအထားမှာတော့ လိပ်ပြာသန့်သွားပြီ။ မတရားတဲ့အဖွဲ့အစည်းထဲမှာ မရှိတော့ဘူး။ ပြည်သူမုန်းတဲ့ ယူနီဖောင်းကို မဝတ်ရတော့ဘူးဆိုတော့ လိပ်ပြာသန့်ပါတယ်။ တိုင်းပြည်နဲ့ ပြည်သူအပေါ်မှာပဲ
သစ္စာစောင့်သိရမယ်။ ဒီလူစုဟာ တိုင်းပြည်ကိုလည်း ဖျက်ဆီးတယ်။ ကိုယ့်အဖွဲ့အစည်းကိုလည်း ဖျက်ဆီးနေတယ်လို့ ကျမမြင်တယ်လေ။ အာဏာသိမ်းတာကိုလည်း လက်မခံပါဘူး။ တော်လှန်ရေးလုပ်နေတဲ့လူတွေကိုလည်း ကျမကတော့ အားပေးပါတယ်။ ကိုယ်နိုင်ငံကိုယ် အတွက် ကျမတတ်နိုင်တဲ့ဖက်က ကူညီမယ်။ အားပေးမယ်။ ရှေ့ဆက်ပြီးတော့ ကျမတို့ တတ်နိုင်တဲ့ဖက်က ပါဝင်မယ်လို့ ဆုံးဖြတ်ထားပါတယ်။

ကိုဝင်းမင်း ။. ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။

တိုက်ရိုက် လင့်ခ်

.................................................


{{Zawgyi/Unicode}}













XS
SM
MD
LG