သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ပတ်သက်လို့ လိမ်ညာသလိုဖြစ်ခဲ့လို့ Carlsberg ဝန်ခံ


 Carlsberg ဘီယာ
Carlsberg ဘီယာ

ဒိန်းမတ်နိုင်ငံ အခြေစိုက် Carlsberg ဘီယာကုမ္ပဏီအနေနဲ့ မြန်မာမှာ စီမံခန့်ခွဲမှုအမှားတွေ လုပ်ခဲ့မိတယ်လို့ ဝန်ခံလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ နဝတ စစ်အစိုးရလက်ထက်က မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှု လုပ်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့ Carlsberg လုပ်ငန်းကြီးက လူသိရှင်ကြား ထုတ်ပြန်ခဲ့ပေမဲ့ သွယ်ဝိုက်တဲ့နည်းနဲ့ ရင်းနှီးမြှပ်နှံခဲ့မိတယ်လို့ Carlsberg Group က ဩဂုတ်လ ၃၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ပြောကြားလိုက်တာပါ။ Justice for Myanmar အဖွဲ့ရဲ့ မေးခွန်းထုတ်မှုကြောင့် ကုမ္ပဏီတွင်း စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့တာမှာ ခုလို သိရှိရတာဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကုမ္ပဏီတွင်း စုံစမ်းမှုတွေအရ ၁၉၉၆ ခုနှစ်တုန်းက Carlsberg က မလေးရှားနိုင်ငံက မိတ်ဖက်လုပ်ငန်းတခုကို ငွေထုတ်ချေးကြောင်းနဲ့ အဲဒီမိတ်ဖက်က Brewinvest ဆိုတဲ့ကုမ္ပဏီကို တည်ထောင်ပြီး မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နဲ့ Myanmar Golden Star ကုမ္ပဏီတို့နဲ့ ဖက်စပ်ကာ ဒဂုံဘီယာလုပ်ငန်းကို တည်ထောင်ခဲ့တာ တွေ့ရှိတယ်လို့ ပြောပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံမှာ အဲဒီအချိန်က ရင်းနှီးမြှပ်နှံလုပ်ငန်းလုပ်ဖို့ မရှိဘူးဆိုတဲ့ လူသိရှင်ကြား ပြောကြားချက်ကို ဆန့်ကျင်နေတယ်လို့ Carlsberg Group က ဝန်ခံလိုက်တာဖြစ်ပါတယ်။

ဒါတင်မက Carlsberg ကုမ္ပဏီက Brewinvest ကုမ္ပဏီ ရှယ်ယာတချို့ကို၂၀၀၄ ဧပြီလမှာ ဝယ်ယူခဲ့တာကိုလည်း ကုမ္ပဏီတွင်း စုံစမ်းမှုတွေမှာ တွေ့ရှိတယ်လို့လည်း ဝန်ခံပါတယ်။ အဲဒီလို အစုရှယ်ယာတွေ ဝယ်ခဲ့ပြီး မကြာခင် ၂၀၀၄ ခုနှစ် အောက်တိုဘာ ၂၄ ရက်မှာ ဒဂုံဘီယာလုပ်ငန်းအပါအဝင် စစ်အစိုးရနဲ့ဆက်စပ်တဲ့ လုပ်ငန်းတွေအပေါ် EU က ဒဏ်ခတ်ပိတ်ဆို့ခဲ့တာကြောင့် ၂၀၀၄ နိုဝင်ဘာမှာ အဲဒီရှယ်ယာတွေကို MEC ကိုရောင်းချခဲ့တယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ အနှစ် ၃၀ နီးပါးက အဲဒီလို လုပ်ရပ်တွေ လုပ်ခဲ့တဲ့ Carlsberg ကုမ္ပဏီအုပ်ချုပ်ရေးအဖွဲ့ကိုလည်း ပြင်းပြင်းထန်ထန် အပြစ်တင်တယ်လို့လည်း ကုမ္ပဏီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီလုပ်ရပ်တွေနဲ့ ပတ်သက်နေတဲ့ မန်နေဂျာတွေလည်း Carlsberg ကုမ္ပဏီမှာ ဆက်ရှိမနေတော့ဘူးလို့ ပြောပါတယ်။

အဲဒီအချိန်က ကုမ္ပဏီရဲ့ စီးပွားရေးလုပ်ဆောင်တဲ့ စံချိန် စံနှုန်းတွေဟာ လက်ရှိထားတဲ့ စံနှုန်းတွေနဲ့ ကိုက်ညီမှုမရှိတာကို အခုစုံစမ်းမှုတွေအရ ဖော်ထုတ်နိုင်ခဲ့တယ်လို့ Carlsberg လုပ်ငန်းရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာ Myanmar Golden Star ကုမ္ပဏီနဲ့ ဖက်စပ်လုပ်ပြီး မြန်မာနိုင်ငံကို Carlsberg လုပ်ငန်းတွေ ပြန်လည်ဝင်ရောက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG