သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kirin ကုမ္ပဏီ ဦးပိုင်နဲ့ အဆက်ဖြတ်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆို 


(Zawgyi/Unicode)

ဂျပန်နိုင်ငံက Kirin ကုမ္ပဏီအနေနဲ့ မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက် MEHL နဲ့ စီးပွားရေး ပူးတွဲ လုပ်ဆောင်နေတာကို အဆုံးသတ်သင့်ပြီလို့ HRW အပါအဝင် အခြားလူ့အခွင့်အရေး အဖွဲ့တွေက တောင်းဆိုလိုက်ကြပါတယ်။ မြန်မာ့တပ်မတော်ဟာ လူ့အခွင့်ရေး ချိုးဖေါက်မှု မှာရော စစ်ရာဇဝတ်မှု ကျူးလွန်ရာမှာပါ တာဝန်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဲဒီလို တောင်းဆိုနေကြတာပါ။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ဘီယာနဲ့ အဖျော်ယမကာတွေထုတ်တဲ့ ဂျပန် Kirin 'ကီရင်း'ကုမ္ပဏီဟာ မြန်မာစစ်တပ်ပိုင် MEHL ဦးပိုင်လိမိတက်နဲ့ ပေါင်းပြီး မြန်မာဘီယာနဲ့ မန္တလေးဘီယာတွေ မြန်မာနိုင်ငံမှာ ထုတ်လုပ်နေတာပါ။

လူ့အခွင့်ရေး ချိုးဖေါက်မှု ၊ စစ်ရာဇဝတ် ကျူးလွန်မှုတွေနဲ့ပတ်သက်လို့ နိုင်ငံတကာမှာ အပြင်းအထန် ပြစ်တင်ဝေဖန် ခံနေရတဲ့ မြန်မာစစ်တပ်နဲ့ စီးပွားရေး ပေါင်းလုပ်နေတာကို အဆုံးသတ်သင့်ပြီးလို့ HRW ခေါ် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ဇန်နဝါရီလ(၈)ရက်နေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ တောင်းဆိုထားပါတယ်။

ဦးပိုင်လိမိတက်နဲ့ပေါင်းပြီး စီးပွားရေး လုပ်နေခြင်းဟာ မြန်မာစစ်တပ်က လူ့အခွင့်အရေး ချိုးဖေါက်မှု ပိုလုပ်နိုင်အောင် ထောက်ပံ့ပေးသလို ဖြစ်နေတယ်လို့ HRW အဖွဲ့ အာရှဒေသ လက်ထောက် ဒါရိုက်တာ Phil Robertson က VOA နဲ့ သီးသန့် ဆက်သွယ်မေးမြန်းစဉ်မှာ စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

“ မြန်မာစစ်တပ်ပိုင် MEHL ဦးပိုင်လိမိတက်နဲ့ စီးပွားရေး ပူးတွဲလုပ်နေတာတွေကို Kirin ဂျပန်ကုမ္ပဏီက ရပ်သင့်ပြီလို့ ကျနော်တို့ တောင်းဆိုလိုပါတယ်။ မြန်မာစစ်တပ်ဟာ အဲဒီလုပ်ငန်းတွေကနေ အကျိုးအမြတ် တိုက်ရိုက်ရရှိနေပြီး ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်း သုတ်သင်တာမျိုး ၊ အခြား တိုင်းရင်းသားဒေသတွေမှာလည်း စစ်ရာဇဝတ်မှု ကျူးလွန်တာမျိုး လုပ်နေပါတယ်။ ဒါကြောင့် Kirin ကုမ္ပဏီက လူ့အခွင့်အရေးကို လေးစားလိုက်နာတယ်ဆိုတာ ပြသတဲ့အနေနဲ့ ၊ ပွင့်လင်းမြင်သာမှု တာဝန်ယူမှု မရှိတဲ့ ဦးပိုင်လိမိတက်နဲ့ ပေါင်းပြီး ဘီယာ ထုတ်နေတဲ့လုပ်ငန်းကို ရပ်လိုက်ဖို့ အချိန်တန်ပါပြီ။”

နိုင်ငံတကာမှာ ပြောနေတဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုတော့ မြန်မာအစိုးရကရော စစ်တပ်ကပါ လက်မခံ ပယ်ချထားပြီး ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်သ ွားကြတဲ့ ဒုက္ခသည်တွေ ပြန်လာနိုင်ရေးအတွက် မြန်မာအစိုးရက နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နေဆဲ ဖြစ်ပေမယ့် ကိုဗစ်ကာလ လုပ်ငန်းတွေ ရပ်ဆိုင်းနေပါတယ်။

၂၀၁၅ ခုနှစ်ကစပြီး ဦးပိုင်လိမိတက်ရဲ့ ဘီယာချက် လုပ်ငန်းမှာ Kirin ကုမ္ပဏီက အစုရှယ်ယာ ၅၅ % ပိုင်ဆိုင်လာခဲ့တာပါ။

ဒါပေမဲ့ ၂၀၁၇ ရခိုင်မြောက်ပိုင်းအရေး ပေါ်ပေါက်ခဲ့ချိန်ကစပြီး မြန်မာစစ်တပ်ရဲ့ လူသားထုပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာကပါ ပြစ်တင်ရှုတ်ချ လာသလို ၊ မြန်မာစစ်တပ်နဲ့ ပေါင်းပြီး စီးပွားလုပ်နေတဲ့ Kirin ကုမ္ပဏီကိုလည်း မြန်မာနိုင်ငံက ပြန်ထွက်သွားဖို့ ဖိအား ပေးလာကြပါတယ်။

တခါ ဦးပိုင်လိမိတက်နဲ့ မြန်မာစစ်တပ်အကြား စီးပွားရေး ၊ ငွေးကြေးပိုင်းမှာပါ ဆက်စပ်မှုတွေ ရှိတယ်လို့ ကုလသမဂ္ဂက စွပ်စွဲပြောကြားအပြီးKirin ကုမ္ပဏီကလည်း Deloitte Tohmatsu ဆိုတဲ့ ငွေကြေးဆိုင်ရာ အကြံပေးကုမ္ပဏီကို ငှားရမ်း စစ်ဆေး အကဲဖြတ်ခိုင်းခဲ့တာပါ ။

Kirin အနေနဲ့ တာဝန်ခံမှုရှိရင် အဲဒီ အစီရင်ခံစာ အသေးစိတ်ကို အများသိအောင် ထုတ်ပြန်ပေးသင့်တယ်လို့ Phil Robertson က ပြောပါတယ်။

“ စစ်ဗိုလ်ချုပ်တွေနဲ့ ဦးပိုင်လိမိတက် တာဝန်ရှိသူတွေက လိုအပ်တဲ့ သတင်းအချက်အလက်ကို အပြည့်အဝ ထောက်ပံ့ခြင်း မရှိသလို၊ ဦးပိုင်ကို ဘယ်လို လည်ပတ်နေတယ် ဆိုတာကိုလည်း ပွင့်လင်းစွာ ချပြခဲ့ခြင်း မရှိပါဘူး။ ဒါကြောင့် Deloitte က ထုတ်ပြန်တဲ့ အစီခံစာဟာလည်း ပြည့်စုံမှု မရှိပဲ ဖြစ်နေတယ်လို့ Kirin ကုမ္ပဏီဘက်က ပြောနေပေမယ့် အဲဒီအစီရင်ခံစာကိုလည်း အများသိအောင် ထုတ်ပြန်ပေးသင့်ပါတယ်။”

အလားတူ Justice for Myanmar အဖွဲ့ကလည်း Deloitte ရဲ့ အကဲဖြတ် အစီရင်ခံစာအကျဉ်း ဇန်နဝါရီ ၇ ရက်မှာ ထွက်ပေါ်လာပေမယ့် အသေးစိတ်ကို ထုတ်ပြန်ပေးဖို့ တောင်းဆိုထားသလို၊ Kirin ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာနိုင်ငံက ထွက်သွားဖို့ကိုလည်း တောင်းဆိုထားပါတယ်။

ကမ္ဘာမှာပါ နာမည်ရှိတဲ့ Kirin အနေနဲ့ စီးပွားရေးလုပ်ငန်းနဲ့အတူ လူ့အခွင့်အရေးကိစ္စကိုပါ ထည့်သွင်း စဉ်းစားသင့်တယ်လို့ ရန်ကုန်အခြေစိုက် ညီမျှခြင်းမြန်မာရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက တိုက်တွန်းပါတယ်။

" Kirin ဘီယာအနေနဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ လုပ်ဆောင်နေပါတယ်ဆိုတဲ့ မည်သည့် အဖွဲ့အစည်းမျိုး ဌာနမျိုးနဲ့မှ လုပ်ဆောင်ဖို့ မသင့်ပါဘူး။ အထူးသဖြင့် ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ရှိနေတဲ့ - လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ စွပ်စွဲ ခံနေရတဲ့ စစ်တပ်က အများဆုံးပိုင်တဲ့ ဦးပိုင်ကုမ္ပဏီနဲ့ လုပ်ဆောင်ခြင်းက သူတို့အတွက် ဂုဏ်သိက္ခာ ကျစေပါတယ်။ စီးပွားရေး လုပ်တယ်ဆိုတဲ့ အမြတ်အစွန်း ခေါင်းစဉ်တခုထဲကို မကြည့်ပဲနဲ့ ... ကိုယ်လုပ်လိုက်တဲ့ အမြတ်အစွန်းတခုက လူ့အခွင့်အရေး ချိုးဖေါက်မှုကို အားပေးရာ ရောက်နေမလားပေါ့။"

" ဒါကြောင့်မို့လို ဒီလိုမျိုး စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်နေတဲ့ ကိစ္စတွေကို ရပ်တန်းကရပ်ဖို့ လိုအပ်ပါတယ်။ နောက်တခါ .. တကယ်လို့များ ကိုယ့်ဘက်က ဒီကိစ္စကို ဆက်ပြီးလုပ်ဆောင် နေရမယ် ဆိုရင်တောင် သူတို့က ငွေကြေးကို ဘယ်လိုနေရာမျိုးမှာ သုံးစွဲမှုရှိနေသလဲ ၊ လူ့အခွင့်အရေး ချိုးဖေါက်မှုနဲ့ ဆက်စပ်နေတဲ့ အကြောင်းအရာတွေကို အများသိအောင် ထုတ်ဖေါ် ပြောဆိုဖို့လည်း လိုအပ်ပါလိမ့်မယ်။ ဒါမှသာ လူ့အခွင့်အရေး ချိုးဖေါက်ခံရတဲ့ သူတွေအပေါ်မှာ တာဝန်ရှိမှု ၊ တာဝန်သိမှုတွေ ဖြစ်လာမှာ ဖြစ်ပါတယ်ခင်ဗျား။ "

မြန်မာစစ်တပ်ကတော့ နိုင်ငံတကာက စွပ်စွဲနေတဲ့ လူ့အခွင့်အရေး ချိုးဖေါက်တဲ့ ကျူးလွန်မှုတွေကို ငြင်းပယ်ထားပြီး ရိုဟင်ဂျာလက်နက်ကိုင် ARSA ရဲ့ စီးနင်းတိုက်ခိုက်မှုကြောင့် မြန်မာစစ်တပ်က ရခိုင်ပြည်နယ်မှာ နယ်မြေရှင်းလင်းရေး လုပ်ခဲ့ရတယ်လို့သာ တုန့်ပြန်လေ့ရှိပါတယ်။

အဲဒီ ဖြစ်စဉ်အတွင်း ရိုဟင်ဂျာမူဆလင်တွေ အပေါ် လူမျိုးတုန်း ရှင်းလင်းတယ် ၊ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲ ပြစ်တင်မှုတွေနဲ့ မြန်မာစစ်တပ် ထိပ်ပိုင်း ခေါင်းဆောင်တချို့ကို နိုင်ငံတကာက ဒဏ်ခတ် ပိတ်ဆို့ထားပါတယ်။

တိုက်ရိုက် လင့်ခ်


................


(Unicode)


















XS
SM
MD
LG