သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီဇင်ဘာရွေးကောက်ပွဲရလဒ် လက်ခံကြဖို့ ကက်တလန်ခေါင်းဆောင်ဟောင်း တိုက်တွန်း


ဘယ်လ်ဂျီယံနိုင်ငံမှာ ရောက်နေတဲ့ ကက်တလန် သမ္မတဟောင်း Carles Puigdemont
ဘယ်လ်ဂျီယံနိုင်ငံမှာ ရောက်နေတဲ့ ကက်တလန် သမ္မတဟောင်း Carles Puigdemont

Catalan ပြည်နယ်မှာ ဒီဇင်ဘာလအတွင်း ကျင်းပမယ့် ရွေးကောက်ပွဲ ရလာဒ်ကို စပိန်နဲ့ ဥရောပသမဂ္ဂတို့ အသိအမှတ်ပြုဖို့ ဘယ်လ်ဂျီယံနိုင်ငံကို ထွက်ပြေးတိမ်းရှောင်နေတဲ့ Catalan သမ္မတဟောင်း Carles Puigdemont က မနေ့ စနေနေ့က ပြောကြားလိုက် ပါတယ်။ ခွဲထွက်ရေးသမားတွေဘက်က အနိုင်ရခဲ့မယ်ဆိုရင် Catalan ပြည်နယ်အပေါ် စပိန်အစိုးရရဲ့ တိုက်ရိုက်အုပ်ချုပ်မှုကို အဆုံးသတ်စေမှာဖြစ်တယ်လို့လည်း Mr. Puigdemont ကပြောပါတယ်။

ရာထူးကဖြုတ်ချခံရပြီးနောက် နိုဝင်ဘာလ အစောပိုင်းက သမ္မတဟောင်း Carles Puigdemont ဟာ တရားရုံးမှာ သူအပေါ်စွဲချက်တွေကို မရင်ဆိုင်ဘဲ ဘယ်လ်ဂျီယံကို တိမ်းရှောင်ခဲ့တာဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ကျင်းပမယ့် Catalan ပြည်နယ် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ စနေနေ့က ဘယ်လ်ဂျီယံမှာ ပြုလုပ်တဲ့အခမ်းအနားအတွင်း သူက မိန့်ခွန်းပြောကြားရာမှာ Catalan ပြည်သူတွေဟာ သူတို့ရဲ့ စွမ်းဆောင်ရည်နဲ့ သီးခြားလွတ်လပ်တဲ့နိုင်ငံဖြစ်လာဖို့ စိတ်ဆန္ဒတွေကို ကမ္ဘာကို ထုတ်ဖေါ် ပြသခဲ့ပြီး ဖြစ်ကြောင်း သမ္မတဟောင်း Carles Puigdemont ကပြောပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ကနေ သီးခြားလွတ်လပ်တဲ့ နိုင်ငံအဖြစ် Catalonia လွှတ်တော်က အောက်တိုဘာလ ၂၇ ရက်နေ့က ကြေညာခဲ့ပြီးနောက် စပိန်အစိုးရက အဲဒီလွှတ်တော်ကို ဖျက်သိမ်းလိုက်သလို ပြည်နယ်အစိုးရ အဖွဲ့ကိုလည်း ရာထူးတာဝန် တွေကနေ ဖယ်ရှားလိုက်တာပါ။ စပိန်ဝန်ကြီးချုပ် Mariano Rajoy ကတော့ Catalonia ပြည်နယ်မှာ ရွေးကောက်ပွဲအသစ်ကျင်းပပေးမှာဖြစ်ပြီး သမ္မတဟောင်း Puigdemont လည်း ပါဝင်ယှဉ်ပြိုင်ခွင့်ရှိကြောင်း ပြောပါတယ်။

နောက်လကျင်းပမယ့် ရွေးကောက်ပွဲမှာ ခွဲထွက်ရေးလိုလားတဲ့ ပါတီတွေဘက်က အနိုင်ရဖို့ ရှိနေပေမယ့် လွှတ်တော်မှာ အများစုဖြစ်ဖို့ လိုနေသေးကြောင်း လူထု သဘောထား စစ်တမ်းကောက်ယူမှုတွေကပြနေပါတယ်။

Catalonia ပြည်နယ်သီးခြားခွဲထွက်ရေး ကြိုးပမ်းမှုကို ဥရောပသမဂ္ဂခေါင်းဆောင်တွေက အလွန်အလွန့် သတိထားနေတာဟာ စပိန်နိုင်ငံကျော်ပြီး ဒေသတွင်း ခွဲထွက်ရေး စိတ်တွေကို လှုံဆော်ပေးခဲ့တာကြောင့်ဖြစ်တယ်လို့ Mr. Puigdemont ကပြောပါတယ်။ ဒီအတောအတွင်း ဒီလအတွင်း စပိန်နိုင်ငံကို ရောက်ရှိလာတဲ့ ဥရောပကော်မရှင် ဥက္ကဌ Jean-Claude Juncker ကလည်း ဥရောပမှာ ခွဲထွက်ရေးဝါဒီတွေကို ဆန့်ကျင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG