သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အခက်အခဲကို ကြံ့ကြံ့ခံပြီး CDM ဆက်လုပ်နေကြတဲ့ အလုပ်ပြုတ် ရေနံမြေဝန်ထမ်းများ


ဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပါဝင်ဖို့ တောင်းဆိုတဲ့ ရန်ကုန်မြို့က ဆန္ဒပြမြင်ကွင်း။ (ဖေဖော်ဝါရီ ၁၄၊ ၂၀၂၁)
(Photo by YE AUNG THU / AFP)
ဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပါဝင်ဖို့ တောင်းဆိုတဲ့ ရန်ကုန်မြို့က ဆန္ဒပြမြင်ကွင်း။ (ဖေဖော်ဝါရီ ၁၄၊ ၂၀၂၁) (Photo by YE AUNG THU / AFP)

(Zawgyi/Unicode)

မကွေးတိုင်း ၊ မင်းဘူးမြို့နယ် ထောက်ရှာပင်ရေနံမြေက CDM ဝန်ထမ်း ၅၀၀ ကျော် အလုပ်ကနေထုတ်ပယ် ခံရပါတယ်။ အလုပ်ထုတ်ခံရတဲ့ ရေနံမြေအလုပ်သမားတွေအနေနဲ့ တခြားအလုပ်တွေ လုပ်နိုင်ဖို့လည်း အခက်အခဲတွေရှိနေကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုခင်မောင်စိုးမင်း ကတင်ပြပါမယ်။

စစ်တပ်အာဏာသိမ်းမှုကို လက်မခံကြောင်း ပြသတဲ့အနေနဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှု လုပ်နေကြတဲ့ ဝန်ထမ်းတွေကို စစ်ကောင်စီက ရာထူးတာဝန်တွေ ရပ်ဆဲနေတာမှာ မကွေးတိုင်းထဲက ထောက်ရှာပင်ရေနံမြေ ဝန်ထမ်း ၅၀၀ ကျော်က အလုပ်က ထုတ်ပယ်ခံခဲ့ရပါတယ်။ ထောက်ရှာပင်ရေနံမြေဝန်ထမ်း အများစု CDM ကြောင့် အလုပ်ဖြုတ်ခံခဲ့ရပြီး အခက်အခဲ ရင်ဆိုင်နေကြတယ်လို့ ဝန်ထမ်းတယောက်က ခုလို ပြောပြပါတယ်။

“ခက်ခဲတယ်ဗျ၊ ခက်ခဲတယ်ဆိုတာက ဝန်ထမ်းတွေ အကုန်လုံးက နဂိုဝန်ထမ်းအထဲမှာမရှိတော့ ဝန်ထမ်းလစာဆိုတာမရတော့ဘူး။ အလုပ်မှာ ထုတ်တဲ့အကြောင်း စာကဝင်လာတော့ ပိုပြီးခက်ခဲတော့ ခက်ခဲတာပေါ့၊ ပြီးတော့(CDM ဝန်ထမ်း) ၅၀၀ ကျော်လုံးက အကုန်လုံးဖြုတ်ခံ ဖြုတ်ထားတယ်။ ဟုတ်ကဲ့။ ပြန်ဝင်တာမပါဘူး လက်ရှိ CDM ဆက်လုပ်နေတာကို ၅၀၀ ကျော်ခင်ဗျ။”

ဝန်ထမ်း ၅၀၀ ကျော်ကို အလုပ်ကနေ ထုတ်ပယ်ခဲ့ပြီးနောက် စစ်ကောင်စီက ဝန်ထမ်းသစ် ၇၀ လောက်ကို ခန့်ထားတယ်လို့သူက ပြောပါတယ်။

ထောက်ရှာပင်ရေနံမြေက ဝန်ထမ်း ၇၀၀ ကျော် CDM လှုပ်ရှားမှုမှာ စတင်ပါဝင်ခဲ့ကြတာပါ။ အဲဒီထဲက ၂ ရာနီးပါးလောက်ကတော့ အခက်အခဲတွေကြောင့် လုပ်ငန်းခွင် ပြန်ဝင်နေကြပါတယ်။

“တချို့ပြန်ဝင်တဲ့ လူတွေတော့ ၁ လကျော်ကျော်လောက်တော့ ရှိပြီးခင်ဗျ၊ ၁၀၀ ကျော်လောက်တော့ ပြန်ဝင်တာပေါ့၊ ၁၀၀ ကျော် ၂၀၀ နီးပါးလောက်တော့ ပြန်ဝင်တာပေါ့။”

စစ်တပ်အာဏာသိမ်းပြီး ဖေဖော်ဝါရီလအစောပိုင်းထဲက အစိုးရဝန်ထမ်းတော်တော်များများ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပြီး တချို့လည်း အခြေအနေ အမျိုးမျိုးကြောင့် ပြန်လည် တာဝန်ထမ်းဆောင်နေကြပါတယ်။

ထောက်ရှာပင်က ဆက်ပြီး CDM လုပ်နေကြတဲ့ဝန်ထမ်းတွေဟာ ဝင်ငွေလည်း မရှိ ကူညီထောက်ပံ့မှုလည်း မရတာကြောင့် စားဝတ်နေရေးကျပ်တည်းနေကြပါတယ်။ တခြားအလုပ်တွေ လုပ်ဖို့အတွက်ကလည်း အခက်အခဲတွေ ရှိတယ်လို့ အလုပ်ထုတ်ခံရတဲ့ CDM ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“တော်တော်များများ အကုန်လုံးနီးပါးလောက်က အကုန်လုံး ရရာအလုပ်ကို လုပ်တယ်လေး တချို့ဆိုရင် ဈေးရောင်းတဲ့လူလည်း ရှိတယ် တချို့ဆိုရင် ဖယ်ရီမောင်းတဲ့ လူလည်း ရှိတယ် အဲ့လိုမျိုးပေါ့ အခက်အခဲအမျိုးမျိုးပေါ့၊ အခုချိန်မှာ တချို့ဝန်ထမ်းတွေကတော့ ပညာအရည်အချင်းမရှိဘူးဗျာ ပညာအရည်အချင်းမရှိတော့ သူတို့မှာ အပြင်အလုပ်ကျတော့ အခုနောက်ပိုင်းခေါ်တာက ဘယ်နှစ်တန်းအောင်မှ ဘယ်လောက်ဘွဲ့ရမှ အဲ့ဒါကျတော့ တချို့ဝန်ထမ်းကတော့ အရမ်းခက်ခဲတာပေါ့။”

CDM လုပ်နေကြတဲ့ အစိုးရဝန်ထမ်းတွေကို ထောက်ပံ့သူတွေအပေါ် စစ်ကောင်စီက ဖမ်းဆီး အရေးယူတာတွေ ရှိနေတာကြောင့် ကူညီရဖို့ ခက်ခဲနေကြတာပါ။ သူတို့အနေနဲ့ကတော့ စစ်တပ်အာဏာသိမ်းထားတာကို လက်မခံနိုင်တဲ့အတွက် အခက်အခဲကြားက ယုံကြည်ချက်အတိုင်း ဆက်လက် ရပ်တည်သွားမယ်လို့ CDM ဝန်ထမ်းတွေက ပြောပါတယ်။

“အစိုးရရယ် ဘယ်ပါတီညာပါတီတွေ ပါတီစွဲတော့ ကျနော်တို့ဝန်ထမ်းထဲမှာ မရှိဘူးပေ့ါ၊ ဒါပေမယ့် ကျနော်က ဒီစစ်အာဏာရှင် အုပ်ချုပ်မှုကို မလိုလားလို့ ဆက်ပြီးတော့ ကျနော်က CDM လုပ်တာခင်ဗျ၊ ဒါပေမယ့် ကျနော်တို့ CDM တော့ ဆက်လုပ်သွားမယ် သို့သော်ငြားလည်း ကျနော်တို့မှာ supporting ထောက်ပံ့မှုတွေ နည်းနည်းအရမ်းနည်းတော့ကျတော့ ဝန်ထမ်းအင်အားလည်း များတဲ့အခါကျတော့ supporting များရရင်တော့ ပိုအဆင်ပြေမယ်လို့ ထင်ပါတယ်ခင်ဗျ။”

စစ်အာဏာသိမ်းပြီးနောက် မကွေးတိုင်းထဲက ထောက်ရှာပင်အပါအဝင် ရေနံချောင်း၊ ချောက်စတဲ့ ရေနံမြေတွေက ဝန်ထမ်းတွေ CDM လုပ်ကြတဲ့အတွက် ရေနံမြေ ၁၃ ခုလုံးက ထုတ်လုပ်မှုတွေ ယာယီ ရပ်ဆိုင်းသွားခဲ့ပါတယ်။

ချောက်ရေနံမြေက အလုပ်သမား ၁ ထောင်ကျော် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပါတယ်။ အခုတော့ နေရေး စားရေးအခက်အခဲကြောင့် ၄၀၀ ကျော် အလုပ်ပြန်ဝင်ပြီး ၆၀၀ ကျော် CDM ဆက်လုပ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်


..............


(Unicode)














XS
SM
MD
LG