သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖလမ်းမြို့လေယာဉ်ကွင်းသစ် စတင်လည်ပတ်


ဖလမ်းမြို့လေယာဉ်ကွင်းသစ် (ဓါတ်ပုံ- Falam Airport, Chin State Myanmar
ဖလမ်းမြို့လေယာဉ်ကွင်းသစ် (ဓါတ်ပုံ- Falam Airport, Chin State Myanmar

(Zawgyi/Unicode)

လမ်းပမ်းဆက်သွယ်ရေး ခက်ခဲတဲ့ ချင်းပြည်နယ်မှာ ပထမဆုံးအကြိမ် တည်ဆောက်ပြီးစီးသွားတဲ့ လေယာဉ်ကွင်းသစ်မှာ လေယာဉ်တစင်းကိုလည်း စမ်းသပ်ပျံသန်းခဲ့တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က စုစည်းတင်ပြထားပါတယ်။

ကုန်းလမ်းခရီးကို အဓိကထားနေရတဲ့ ချင်းပြည်နယ်မှာ ခရီးသည်တင် လေယာဉ်တွေ ပြေးဆွဲနိုင်မယ့် ဆူရ်ဘုန်လေယာဉ်ကွင်းကို ဖလမ်းမြို့မှာ ၂၀၁၅ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး အောက်တိုဘာ ၂၇ ရက်နေ့ မနက် ၁၀နာရီခွဲအချိန်မှာ ပထမဆုံးလေယာဉ် စတင်ဆင်းသက်ခဲ့တာ ဖြစ်ပါတယ်။

ပထမဆုံး လေယာဉ် စမ်းသပ်ပျံသန်းခဲ့တဲ့ အခြေအနေကိုချင်း ပြည်နယ်အစိုးရအဖွဲ့က စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က VOA ကို အခုလိုပြောပါတယ်။

“အောင်အောင်မြင်မြင်ဆင်းပါတယ်ခင်ဗျ။ ATR 72 လေယာဉ်ဆင်းပါတယ်ခင်ဗျ။ လေယာဉ် Crew က ၉ယောက်ပါပါတယ်။ Pilot တွေနဲ့ လေယာဉ်မယ်တွေ ၉ယောက်လောက်ပါပြီးတော့ အဲဒီက ဝန်ဆောင်မှုလုပ်တဲ့ အဖွဲ့တွေအားလုံး ၂၅ယောက်လောက် လိုက်လာပါတယ်ခင်ဗျ။ မနက် ၁၀နာရီခွဲ ဆင်းပြီးတော့ ၁၂နာရီ ၁၅မှာ ပြန်တက်သွားပါတယ်ခင်ဗျ။”

ပထမဆုံး စမ်းသပ် ဆင်းသက်တဲ့ လေယာဉ်ကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ မိသားစု၊ ချင်းပြည်နယ် ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့အပါအဝင် ဒေသခံတွေက လာရောက်ကြိုဆိုခဲ့ကြပါတယ်။

လေယာဉ်ကွင်းသစ် ဖွင့်လှစ်နိုင်မယ့်အခြေအနေနဲ့ လေယာဉ်တွေ စတင်ပြေးဆွဲမယ့်အခြေအနေကိုတော့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန လေကြောင်းပို့ဆောင်ညွှန်ကြားမှုဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးကျော်စိုးက အခုလို ပြောပါတယ်။

“ကျနော်တို့ ဖွင့်ပွဲလုပ်ဖို့ ကိစ္စကိုတော့ ကျနော်တို့ဘက်ကနေပြီးတော့ အစီအစဉ်တွေ၊ စီမံချက်တွေ ပြင်ဆင်ထားပြီးဖြစ်ပါတယ်။ COVID ကာလဖြစ်တဲ့အတွက် လူစုလူဝေးနဲ့ မဖြစ်အောင်လို့ ၊ COVID ကာလငြိမ်သက်သွာလို့ရှိရင် ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ ရာသီဥတုကောင်းမယ့် အချိန်၊ လူစုလူဝေးနဲ့လုပ်လို့ ရတဲ့အချိန်မှာ စည်စည်ကားကားကျင်းပဖို့အတွက် စီစဉ်ထားပါတယ်။ Airline တွေ ဆွဲဖို့ကိစ္စကတော့၊ Airline တွေနဲ့ ကျနော်တို့ ဝန်ကြီးဌာနမှာ ရှိတဲ့ လေကြောင်း ဦးစီးဌာနနဲ့ ညှိနှိုင်းပြီးလို့ ရှိရင် ကျနော်တို့ Air route တွေ ပြန်လည်ရေးဆွဲမယ်။ တစ်ပတ်အတွင်းမှာ ဘယ်နှစ်ကြိမ် ဆွဲနိုင်မလဲ၊ စီးမယ့်သူအရေအတွက်နဲ့ သွားမယ့် ခရီးသည် လမ်းကြောင်းပေါ် မူတည်ပြီးတော့ ကျနော်တို့ အစီအစဉ်တွေ ညှိနှိုင်းရေးဆွဲသွားပြီး ဆောင်ရွက်မှာဖြစ်ပါတယ်။”

ချင်းပြည်နယ်ဟာ တခြား ဒေသတွေနဲ့ ဆက်သွယ်ရာမှာ ကုန်းလမ်းတစ်ခုတည်းသာ အားကိုး နေရပြီး မိုးတွင်းအခါမှာဆို မကြာခန တောင်ပြိုတာကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ဒေသဖြစ်ပါတယ်။

လေယာဉ်ခရီးစဉ်တွေ စတင်ပြေးဆွဲနိုင်ပြီဆိုရင် ချင်းပြည်နယ်ရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးသာမက ခရီးသွားလုပ်ငန်းပါ တိုးတက်လာမယ်လို့မျှော်လင့်ကြောင်းလည်း ပြည်နယ် ဝန်ကြီး ဦးစိုးထက်က ဆက်ပြောပါတယ်။

“ ဖွင့်ပွဲလုပ်ပြီးတော့ ၊ လေယာဉ် Schedule တွေလုပ်ပြီးတော့ သွားလာနိုင်မယ်ဆိုရင်တော့ ကျနော်တို့ ပြည်တွင်းခရီးစဉ်တွေ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အဲဒီကို နာရီပိုင်းအတွင်း သွားလာနိုင်ဖို့ ဖြစ်ပါမယ်။ နောက်ပြီးတော့ ကျနော်တို့ ပညာရေး၊ ကျန်းမာရေးကိစ္စတွေ၊ လူမှုရေးကိစ္စတွေ နောက်ပြီးတော့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့ကိုလည်း မျှော်လင့်ပါတယ်။ ကျနော်တို့ ချင်းပြည်နယ်ကို တော်ယုံတန်ယုံလူတွေက ရောက်ဖို့ မလွယ်ဘူးခင်ဗျ။ လေယာဉ်ခရီးစဉ် ရှိမယ်ဆိုရင်တော့ ကျနော်တို့ ချင်းပြည်နယ်ရဲ့ ရိဒ်ရေကန်တို့၊ ချင်းပြည်နယ်တခွင်မှာပေါ့ သဘာဝတောအလှတွေ အဲဒါတွေ ကြည့်ဖို့အတွက်ကို ပြည်တွင်းခရီးသွားပဲဖြစ်ဖြစ်၊ ပြည်ပ ခရီးသွားပဲဖြစ်ဖြစ် ရောက်လာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်ခင်ဗျ။”

ပုံမှန်အားဖြင့် မော်တော်ယာဉ်နဲ့ သွားမယ်ဆိုရင် ဟားခါး၊ ဖလမ်းကနေ မန္တလေးကို ၁၀နာရီ၊ နေပြည်တော်ကို ၁၃နာရီ၊ ရန်ကုန်ကို နာရီ ၂၀ကျော်လောက် ကြာမြင့်ကြောင်းလည်း ပြောပါတယ်။

ဆူရ်ဘုန်လေယာဉ်ကွင်းဟာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၆၀၀၀ကျော်မှာ တည်ရှိပြီး မြန်မာနိုင်ငံမှာ အမြင့်ဆုံးလေယာဉ်ကွင်းတစ်ခု ဖြစ်ပါတယ်။ လေယာဉ်ပြေးလမ်းကတော့ ပေ ၆၀၀၀ ကျော်နဲ့ ပြေးလမ်းအကျယ်က ပေ ၁၀၀ရှိပြီး အထူးသဖြင့် ATR 72 လေယာဉ်တွေ ဆင်းသက်နိုင်ဖို့ ပြင်ဆင်ထားပါတယ်။

လောလောဆည်မှာတော့ ချင်းပြည်နယ် မတူပီမှာ နိုင်ငံတကာအကူအညီနဲ့ ပြေးလမ်း ပေ ၃၀၀၀ လောက်ရှိမယ့် လေယာဉ်ကွင်းငယ်တစ်ခု တည်ဆောက်နေသလို ဟားခါး၊ ထန်တလန်၊ တီးတိန်၊ မင်းတပ်၊ ပလက်၀ စတဲ့ မြို့တွေမှာလည်း အလားတူ လေယာဉ်ကွင်းငယ်တွေ ဆောက်လုပ်ဖို့ လျာထား တာရှိနေပါတယ်။

ပလက်ဝမြို့မှာတော့ အရင်က လေယာဉ်ကွင်းငယ်တစ်ခုရှိခဲ့သလို ၁၉၇၈ခုနှစ်ကနေ ၁၉၈၃ခုနှစ်လောက်အထိ တွင်အော်တာလေယာဉ်တွေ ပျံသန်းခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်


...............


(Unicode)















XS
SM
MD
LG