သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်နဲ့စစ်ရေးကြောင့် ပလက်ဝမှာ စားနပ်ရိက္ခာပြတ်


ချင်းပြည်နယ် ပလက်ဝမြို့။ (ဓာတ်ပုံ - khonumthung.news )
ချင်းပြည်နယ် ပလက်ဝမြို့။ (ဓာတ်ပုံ - khonumthung.news )

[Zawgyi/Unicode]

ကိုဗစ်ကပ်ရောဂါနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အသွားအလာ ကန့်သတ်ထားတဲ့အတွက် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ ကြုံနေရတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ပြောပြပါမယ်။

ကပ်ရောဂါနဲ့ စစ်ဘေးသင့်နေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ လမ်းပန်းဆက်သွယ်ရေး ကန့်သတ်ချက်တွေကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရပြီး အထူးသဖြင့် စစ်ရှောင်ဒုက္ခသည်တွေ အခက်တွေ့နေပါတယ်။

တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်လာသူ ၁၀,၀၀၀ ကျော်လောက်ရှိတဲ့ ပလက်ဝမြို့နယ်မှာ ဒီတပတ်ကစပြီး အခြေခံစားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ပလက်ဝမြို့နယ် စစ်ရှောင်ကူညီးရေးအဖွဲ့ပြောခွင့်ရ ဦးကျော်အောင်က ပြောပါတယ်။

"လက်ရှိအနေအထားကတော့ ဒီလ ၂၀ ကျော်ကျော်လေးကနေ စားနပ်ရိက္ခာတွေ အဓိကတော့ ဆန်ပေါ့နော် ပြီးတော့ အခြေခံ စားသောက်ကုန်တွေ တစ်ဘက်မှာလည်း ကုန်ဈေးနှုန်း မြင့်တက်တာတွေ ခံနေရတယ်။ပြီးတော့ နောက်တစ်ခု ကဆန်တွေ ပြတ်လပ်နေတယ်။ ဒီလကုန်လို့မှ ဆန်တွေ မရောက်ဘူးဆိုရင်တော့ တစ်မြို့နယ် လုံးမှာ ပြတ်လပ်မယ့် အနေအထားရှိနေတယ်။ အခုလည်း ဝယ်လို့တောင် မရတော့တဲ့ အနေအထားမှာ ရှိနေ တယ်။ ဆန်နဲ့ အခြေခံစားသောက်ကုန်တွေ တော်တော်လေးကို အခက်အခဲဖြစ်နေတယ်။"

ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ တပ်မတော်ကြား စစ်ရေးတင်းမာမှုဒဏ် ခံနေရတဲ့ ပလက်ဝမြို့နယ်မှာ ကပ်ရောဂါကြောင့် အသွားအလာတွေ ကန့်သတ်ထားတဲ့အတွက် ကုန်စည်စီးဆင်းမှုတွေမှာ အခက်အခဲတွေ ကြုံနေရတာပါ။ ရခိုင်ပြည်နယ်ကစပြီး ကိုဗက်ကပ်ရောဂါ တကျော့ပြန် ကူးစက်မှုတွေ အရှိန်မြင့်လာနေချိန်မှာပဲ ပလက်ဝမြို့နယ်မှာ အရင်ကလို အစိုးရနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ အကူအညီတွေ မရတော့တာဟာလည်း စားနပ်ရိက္ခာပြတ်လပ်ရတဲ့ အဓိကအကြောင်းရင်းတခု ဖြစ်နေတယ်လို့ ဦးကျော်အောင်က ပြောပါတယ်။

"အရင်တုန်းကတော့ ရှိတယ်။ ချင်းပြည်နယ် အစိုးရအဖွဲ့ကလည်း တော်တော်လည်းကို ပံ့ပို့ပေးတယ်။ တစ်ခြား လူမှုအဖွဲ့အစည်းတွေကလည်း ပံ့ပို့ပေးကြတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းကတော့ ကိုဗစ်ကလည်း ဖြစ်တဲ့အခါမှာ ပြည်မဘက်ကလည်း သွားဖို့၊ လာဖို့လည်း အခက်အခဲရှိတယ်။ ပြီးတော့နောက် တစ်ခုက မြို့နယ်အတွင်းမှာ သွားဖို့လာဖို့ တော်တော်ခက်ခဲနေတယ်။ တစ်ဘက်မှာ ကိုဗစ်လည်းပါတယ်။ ပြီးတော့ တိုက်ပွဲတွေကလည်း ရှိနေတော့ အခုနောက်ပိုင်းမှာ အလှူချင်တွေလည်း မရောက်တော့ဘူးလို့ ကျနော်တို့ ပြောလို့ရပါတယ်။"

အသွားအလာနဲ့ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေကြောင့် ပလက်ဝမြို့နယ်မှာ ခိုလှုံနေကြတဲ့ စစ်ရှောင်ဒုက္ခသည်တွေ အတွက်သာမက ဒေသခံတွေပါ ရိက္ခာပြတ်လပ်မှုနဲ့ ကြုံနေရတယ်လို့လည်း ချင်းပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။

"လမ်းကြောင်းတွေက ရေကြောင်း၊ ကုန်းကြောင်းအကုန် ပိတ်ဆို့ထားတာတဲ့အခါကျတော့ IDP ကန့်တွေမှာ ရောက်နေတဲ့ သူတွေကတော့ စားနပ်ရိက္ခာအသင့်အတင့် ရှိသေးပေမဲ့ ကန့်တွေကို မရောက်တဲ့ ဆမီး ပလက်ဝ စတဲ့ပြည်သူတွေကတော့ ဝယ်စရာနေရာလည်းမရှိ ဝယ်ဖို့ငွေလည်းမရှိ၊ အဲလို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာကတော့ အမှန်ပဲ။ အဲဒီအခက်အခဲကို ကျော်လွားနိုင်အောင်လည်း ဆောင်ရွက်နေပါတယ်။"

စားနပ်ရိက္ခာပြတ်လပ်မှု အခြေအနေကိုတော့ အခုအခါ ပြည်ထောင်စုအစိုးရ အကူအညီနဲ့ ဖြေရှင်းနိုင်ဖို့ ကြိုးစားနေတယ်လို့လည်း ဝန်ကြီး ဦးစိုးထက်ကပြောပါတယ်။

"ကျနော်တို့ကတော့ ပြည်ထောင်စုကနေချပေးတဲ့ လူကယ်ပြန်ကနေ ချပေးတဲ့ ဆန်ဆီဆား ပဲအဲတာတွေ ရှိတယ်။ နောက်တစ်ခုက WFP က ဆန်ဆီဆားပဲ ထောက်ပံံံ့ထားတာတွေရှိတယ်။ အဲတာတွေကို သက်ဆိုင်ရာလမ်းကြောင်းအတိုင်း ဆမီးကို ရောက်အောင် ပလက်ဝကို ရောက်အောင် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့တွေနဲ့ ပြည်ထောင်စုအစိုးရနဲ့ ညှိနှိုင်းပြီးတော့ ပို့နေတယ်လောလောဆယ်တော့လေ။"

လူဦးရေ ၁၀၀,၀၀၀ ကျော်လောက်ရှိတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ တောင်ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်စားသောက်ကြပေမဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် လုံခြုံရေးစိုးရိမ်ရတဲ့အတွက် လုပ်ငန်းတော်တော်များများလည်း ရပ်ဆိုင်းနေပါတယ်။ တချိန်တည်းမှာပဲ လုံခြုံရေးနဲ့ ကပ်ဘေးကြားမှာ ပလက်ဝမြို့နဲ့ အဓိက ကုန်စည်စီးဆင်းရာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နဲ့လည်း အဆက်အသွယ်တွေ ပြတ်တောက်နေပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]

ကိုဗဈနဲ့စဈရေးကွောင့ျ ပလကျဝမှာ စားနပျရိက်ခာပွတျ












XS
SM
MD
LG