ကချင်ပြည်နယ်နဲ့ဆက်နေတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်ပေါင်း လေးခုထက်မနည်းကို တရုတ်က လုံခြုံရေးအကြောင်းပြုပြီး ပိတ်ပစ်လိုက်တဲ့နောက် မြစ်ကြီးနားအပါအဝင် နယ်စပ်မြို့တချို့မှာ ကုန်ပစ္စည်းတချို့ ပြတ်လပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက မန္တလေးက တရုတ်ကောင်စစ်ဝန်ရုံး ဖောက်ခွဲခံရပြီးနောက် တရုတ်က နယ်စပ်မှာရှိတဲ့ သူ့နိုင်ငံသားတွေကို လုံခြုံရေး ဂရုစိုက်ဖို့ သတိပေးပြီး တရုတ်−မြန်မာ နယ်စပ်ဂိတ်တွေကိုလည်း လုံခြုံရေးအကြောင်းပြ ပိတ်လိုက်တာပါ။
မန္တလေးမြို့က တရုတ်ကောင်စစ်ဝန်ရုံးရဲ့ အဆောင်တခု အခုလ ၁၈ရက်မှာ ဖောက်ခွဲ၊ တိုက်ခိုက်ခံရအပြီး တရုတ်က ကချင်ပြည်နယ် နယ်စပ်တကြောမှာရှိတဲ့ နယ်စပ်ဂိတ်လေးခုထက်မနည်းကို ပိတ်လိုက်ကြောင်း ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ လက်ရှိမှာ လိုင်ဇာ၊ လိုင်စင်၊ ခရှန်၊ မိုင်ဂျာယန်၊ ကန်ပိုက်တီ၊ ပန်ဝါအပါအဝင် နောက်ထပ်ဂိတ်တချို့ကို တရုတ်က ပိတ်ထားတာ ဖြစ်ပါတယ်။ လူသုံးကုန်၊ စားသောက်ကုန်နဲ့ စက်သုံးဆီတွေ မြန်မာဘက် ပို့တာတွေကို တရုတ်က အဓိက ပိတ်လိုက်တာလို့ မြစ်ကြီးနားမြို့က အရပ်ဘက်အဖွဲ့တခုရဲ့ တာဝန်ခံက ပြောပါတယ်။
" တရုတ်ဘက်ကတော့ လောလောဆယ်တော့ မြစ်ကြီးနားကို စက်သုံးဆီက ဒီနေ့ကနေစပြီး ကျပ်လာတယ် တချို့ဆိုင်မှာပေါ့နော်။ ဒီမြစ်ကြီးနားလောက်က သူတို့က တရက်ကို ဆီတင်တဲ့ကားက (ပုံမှန်ဆို) လေးစီး အဲသလောက်ဝင်တယ်။ တရုတ်က ကျနော့အမြင်ကြ ပိတ်တယ်ဆိုတာက ခဏတဖြုတ်ပိတ်ပြီး အခြေအနေကြည့်ပြီး လုံးဝ သူ့ဘက်က ညှိနှိုင်းမှုတခုခု လုပ်ပြီးတော့ မရတော့ဘူးဆိုရင် သူ့လူတွေ၊ တရုတ်လူမျိုးတွေသူ ခေါ်ရလိမ့်မယ်လို့ ကျနော်အဲလို ထင်တယ်။ သူ့နိုင်ငံသားတွေ အရင်ကလိုမျိုးတော့ အသွားအလာတွေကတော့ အဆင်မပြေတော့ဘူးပေါ့။ အဲလိုမျိုးကြ သူတို့လည်း နည်းနည်းတော့ စိတ်ပူမဲ့သဘောတော့ ရှိတယ်။"
ကချင်ပြည်နယ် နယ်စပ်မြို့တွေမှာ ဒေသခံတွေက တရုတ်ဘက်လာတဲ့ စားသောက်ကုန်တွေကို အဓိက မှီခိုနေရတာပါ။ တရုတ်ကတော့ သစ်၊ ကျောက်စိမ်း၊ မြေရှားသတ္တုနဲ့ တစ်ရှုးငှက်ပျောတွေကို သူ့နိုင်ငံထဲသယ်ယူဖို့ ဒီနယ်စပ်ဂိတ်တွေထဲက တချို့ကို အသုံးပြုပါတယ်။ အခုဂိတ်တွေကို ပိတ်တယ်ဆိုတာမှာလည်း မြန်မာဘက်ကို တင်သွင်းခွင့် ပိတ်လိုက်တာဖြစ်ပြီး တရုတ်နိုင်ငံထဲကိုတော့ ကုန်တွေ ဝင်ခွင့်ပေးထားပါတယ်။
အခုလိုတရုတ်-မြန်မာ နယ်စပ်ဂိတ်ပေါင်း လေးခုထက်မနည်းကို တရုတ်က လုံခြုံရေးအကြောင်းပြုပြီး ပိတ်လိုက်တဲ့အခြေအနေ မြန်မာစစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
တရုတ်ကောင်စစ်ဝန်ရုံးမှာ ဖြစ်တဲ့ ပေါက်ကွဲမှုကိစ္စအပါအဝင်၊ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်တွေဟာ တရုတ်ဘက်က ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေး ကစားမှုတခုသာဖြစ်နိုင်တယ်လို့ ကချင်ဒေသခံတချို့က သူတို့အမြင် ဗွီအိုအေကို ပြောပြပါတယ်။
" အဓိကတော့ လက်ရှိ ကချင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေးက စစ်ကောင်စီရဲ့ လက်အောက်မှာ မရှိဘူးလေ၊ KIA ရဲ့လက်အောက်မှာ ရှိတာလေ။ ဆိုတော့ အဓိက မြေရှားတို့ကတော့ သူ့လမ်းသူရှိပြီးသား။ အခုက ကုန်သွယ်မှုဂိတ်ကို ပိတ်တာ။ နိုင်ငံရေးညှိနှိုင်းမှု သူတို့မပြီးသေးလို့ အဲလိုပဲပြောတာ။ ဆိုပါစို့ (မြန်မာထဲက) တရုတ်(လူမျိုး)အတွက် စိုးရိမ်ရလားပေါ့ ဒါကတော့ တသီးပုဂ္ဂလ အမြင်နဲ့ဆိုရင် စစ်ကောင်စီနဲ့တရုတ်က ပိုပြီး နီးကပ်သွားမှာပေါ့။ အခုက သူတို့က ပိုနီးကပ်တဲ့လမ်းကြောင်းကို သွားနေတာကိုး။ ဒီလုပ်ကွက် ရေရှည်သွားမဲ့ လုပ်ကွက်မျိုး မဟုတ်ဘူးလေ၊ အတိုးအလျှော့ကစားနေလို့ လုပ်တဲ့ အကွက်ပဲဆိုတာ သိသာတယ်။"
မြန်မာနိုင်ငံအခြေစိုက်တရုတ်သံရုံးကတော့ မြန်မာနိုင်ငံထဲက စီမံကိန်း လုပ်ငန်းတွေမှာ အလုပ်လုပ်နေတဲ့ သူ့နိုင်ငံသားတွေကို လုံခြုံရေးအတွက် ကြိုတင်ကာကွယ်ကြဖို့ သတိပေးထားပါတယ်။ ရန်ကုန်၊ မန္တလေးက စက်မှုဇုံတွေ၊ ကြေးနီစီမံကိန်းလို တရုတ်စီမံကိန်းတွေ ရှိတဲ့နေရာတွေမှာတော့ ထူးထူးခြားခြား လုံခြုံရေး တိုးမြှင့်တာတွေ မတွေ့ရသေးဘူးလို့ နီးစပ်သူတချို့က ပြောပါတယ်။
တရုတ်-မြန်မာ နယ်စပ်က ကချင် အထူးဒေသ(၁)မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်း၁၀ခုထက်မနည်းကို ကချင် လွတ်မြောက်ရေးတပ်မတော် KIA က မကြာသေးခင်က သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီနောက် အခု အောက်တိုဘာလ၊ ၁၇ရက်မှာ တရုတ် အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက ယူနန်ပြည်နယ်၊ ရင်ချန်းမြို့မှာ KIA ခေါင်းဆောင်တချို့ကို ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။ "KIA ရဲ့ထိုးစစ်တွေကို လက်ရှိရောက်နေတဲ့ နေရာမှာ ရပ်ထားလိုက်ဖို့" တရုတ်က ဖိအားပေးခဲ့တယ်ဆိုပြီး ဒေသတွင်းသတင်းအများစုက ဖော်ပြခဲ့တာပါ။
တရုတ်နိုင်ငံက အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက KIO ဒုဥက္ကဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်ကို ခေါ်ယူတွေ့ဆုံပြီး တရုတ်နယ်စပ်ဒေသမှာ စစ်ဆင်ရေးတွေ မလုပ်ဖို့ တည်ငြိမ်အေးချမ်းရေးကို ဦးစားပေးဖို့၊ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်စေချင်ကြောင်း တိုက်တွန်းပြောဆိုခဲ့ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက VOA ကို အတည်ပြုပြောဆိုထားပါတယ်။
Forum