သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင်း တရုတ်စီမံကိန်းတွေအကာအကွယ်ရဖို့ တရုတ်သံတမန်တွေကြိုးပမ်း


တရုတ် ပိုးလမ်းမစီမံကိန်းမြေပုံ။ (Courtesy: CJ)
တရုတ် ပိုးလမ်းမစီမံကိန်းမြေပုံ။ (Courtesy: CJ)

တရုတ်သံအမတ်ကြီးသစ်အနေနဲ့ မြန်မာစစ်ကောင်စီတာဝန်ရှိသူတချို့နဲ့တွေ့ဆုံရာမှာ တရုတ်စီမံကိန်းတွေနဲ့ တရုတ်နိုင်ငံသားဝန်ထမ်းတွေကို အကာအကွယ်ပေးရေးကိစ္စတွေ ဆွေးနွေးပြောဆိုခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံ နေရာအနှံ့မှာ တိုက်ပွဲတွေဖြစ်လာတာနဲ့အတူ တရုတ်စီမံကိန်းလုပ်ငန်းတွေကို ထိခိုက်လာမှာကို တရုတ်ဘက်က စိုးရိမ်နေပုံရတယ်လို့ လေ့လာသူတွေက ရှုမြင်ပါတယ်။ ဒီသတင်း ရန်ကုန် သတင်းပေးပိုတာကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကို အသစ်ရောက်လာတဲ့ တရုတ်သံအမတ်ကြီး မစ္စမာကျားဟာ ဒီသီတင်းပတ်အတွင်း စစ်ကောင်စီဝန်ကြီးတချို့နဲ့ တွေ့ဆုံချိန်မှာ တရုတ်စီမံကိန်းလုပ်ငန်းတွေ အကာအကွယ်ပေးရေးကိစ္စအလေးပေး ပြောခဲ့တာပါ။ ဒီသတင်းတပတ်အတွင်းမှာတင် စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနဲ့နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး တို့နဲ့ တရုတ်သံအမတ်တွေ့ဆုံခဲ့တယ်လို့ အမည်မဖော်လိုတဲ့ နေပြည်တော်အရင်းအမြစ်က ဆိုပါတယ်။ မြန်မာနိုင်ငံအနှံ့မှာ တိုက်ပွဲတွေဖြစ်နေပြီးတိုင်းရင်းသားတပ်တွေနဲ့ တော်လှန်ရေးတပ်တွေဘက်က မြို့တချို့ကိုပါ သိမ်းယူထားတာပါ။ ဒီလိုအချိန်မှာ တရုတ်ဘက်က သူ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ထိခိုက်လာမှာ စိုးရိမ်ပုံရတယ်လို့ လေ့လာသူတချို့က မြင်ပါတယ်။ ဒါကြောင့်လည်း တရုတ်သံတမန်တွေဘက်က မြန်မာနိုင်ငံတွင်း စစ်ပွဲတွေ ရပ်စဲပြီး ဆွေးနွေးပွဲနဲ့စကားပြောလာအောင် တွန်းတွန်းတိုက်တိုက်လုပ်လာနိုင်တယ်လို့ အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာသူတဦးကပြောပါတယ်။

“နိုင်ငံရေးအရ စစ်ကောင်စိကဖြေရှင်းဖို့ လုပ်ဖြစ်အောင်ပေါ့ တွန်းအားပေးနေတာ။ ခုထိတော့ သူတို့ပြောတဲ့အတိုင်းဆိုရင်တော့ စစ်ကောင်စီက အားလုံးနဲ့တွေ့ ဆုံဆွေးနွေးပြီးတော့ ၂၀၀၈ (ဖွဲ့စည်းပုံဥပဒေ) အောက်ကနေ နိုင်ငံရေးအရဖြေရှင်းပြီးတော့ ရပ်တည်စေချင်တာကို လူသိရှင်ကြား ပြောတယ်။ ဒ့ါအတွက် ဆက်ကြိုးစားနေတဲ့ ခြေလှမ်းတခုဖြစ်လိမ့်မယ်။ ခုဆိုရင် နယ်စပ်မှာစစ်ရေးလေ့ကျင့်တယ်။ နယ်စပ်ဂိတ်တွေပိတ်တယ်။ မြောက်ပိုင်းက နယ်မြေထိစပ်နေတဲ့အဖွဲ့တွေတိုက်နေခိုက်နေတာကို သိပ်သဘောမကျတာ ပြတာ။ ဒီလို ပြမှလည်း သူ့အကျိုးစီးပွားတွေကို ကာကွယ်နိုင်မှာကို။အဲတော့ အဲအပေါ် ဘယ်လောက်ရိုက်ခတ်မလဲဆိုတော့ ဖြစ်နေတဲ့တိုက်ပွဲတွေအေးတာ၊ အရှိန်လျော့တာဖြစ်နိုင်တယ်။ ဆက်လည်းဖြစ်နေနိုင်တာပဲ။”

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးဘက်က ထုတ်ပြန်ချက်တွေမှာတော့ စစ်ကောင်စီရဲ့ဝန်ကြီးဌာနတချို့နဲ့တွေ့ချိန် မှာတရုတ်စီမံကိန်းတွေကို အကာအကွယ် ပေးရေးကိစ္စအပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိရဲ့ ခရီးစဉ်အတွင်းသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ ဦးတည်ဆွေးနွေးခဲ့သလို နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေးကိုပါထည့်သွင်းပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

တရုတ်သံအမတ်ကြီး မစ္စမာကျားနဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့တွေ့ဆုံချိန်မှာ စစ်ကောင်စီအနေနဲ့ တရုတ် စီမံကိန်း တွေကို အစွမ်းကုန် ကာကွယ်သွားမယ်လို့ ပြောဆိုထားခဲ့ပါတယ်။

ပြီးခဲ့တဲ့တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ခရီးစဉ်မှာလည်း စစ်ခေါင်းဆောင်နဲ့တွေ့ချိန်မှာ မြန်မာနိုင်ငံက တရုတ်စီမံကိန်းတွေ၊ တရုတ် ဝန်ထမ်းတွေနဲ့ တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်အေးချမ်းရေးကို လက်တွေ့ကျကျ ကာကွယ်ပေးဖို့ပြောဆိုခဲ့တာရှိပါတယ်။ နောက်ပြီးသြဂုတ်လ ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့တုန်းကလည်း တရုတ်နိုင်ငံကိုရောက်နေတဲ့ အမေရိကန် အမျိုးသား လုံခြုံရေးအကြံပေး Jake Sullivan နဲ့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးWang Yi တို့ မြန်မာ့အရေးစိုးရိမ်ချက်တွေကို ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ထားပါတယ်။

တရုတ်မြန်မာနိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကတော့ တရုတ်ရဲ့စိုးရိမ်ချက်ကနေ ပြည်တွင်းမှာစားပွဲဝိုင်းဆွေးနွေးပွဲတွေ ပေါ်ထွက်လာဖို့ တွန်းတွန်းတိုက်တိုက်ကြိုးပမ်းလာနိုင်ဖွယ်ရှိပေမယ့် စစ်ခေါင်းဆောင်ကကိုယ်ကျိုးကြည့် ဆက်လက်ခေါင်းမာနေတာမို့ ပြည်တွင်းစစ်ရေး ကြောင့်ပြည်သူတွေ ဒုက္ခဆက်ကြုံဦးမယ်လို့သူကပြောပါတယ်။

“သူ့ပိုးလမ်းမစီမံကိန်းက ဗမာပြည်မှာပဲ ခက်နေတာ။ ကျန်တဲ့နေရာမှာတော်တော်အဆင်ပြေနေတာပေါ့နော်။ ဗမာပြည်က ပရောဂျက်တွေပဲ ခက်ခဲနေတာဖြစ်တော့ ဗမာပြည်ကိုပဲ ပိုဖိအားပေးတာပေါ့။ ဒါပေမယ့် သူတို့မဟာဗျူဟာက အဓိက,က စစ်ကောင်စီကို ဆွေးနွေးစားပွဲပေါ် ရောက်အောင် တွန်းပို့တာ။ အဲအတွက် ဟိုဘက်ကတွန်းလိုက် ဒီဘက်ကတွန်းလိုက် တွန်းနေတာ။ အားလုံးပါဝင်ပြီးဆွေးနွေးနိုင်ဖို့ တွန်းနေတာ။ အဲဒါကို စစ်ကောင်စီကလျှော့မပေးတော့ ဟိုဘက်ကပြောလိုက် ဒီဘက်ကပြောလိုက် ပြောတာလည်းဖြစ်နိုင်တယ်။ ဗမာပြည်နိုင်ငံရေးကို အဆုံးအဖြတ်ပေးမှာ ဗမာလူမျိုးပဲ။ တရုတ်ကဘာပြောပြော စစ်ကောင်စီက ခုထိ ခေါင်းမာနေတုန်းပဲ။ တရုတ်ဘာလုပ်လုပ် ဘာမှအကျိုး ထူးလာမယ်မထင်ပါဘူး။”

မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP - Myanmar) ကထုတ်ပြန်ချက်အရ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ဆက်စပ်ဒေသတွေမှာ တရုတ်စီမံကိန်း ဆယ်ခုကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAOs) တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက အပြည့်အဝ ထိန်းချုပ်ထားနိုင်တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG