သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာက နိုင်ငံရေးပါတီ ၄ ခုကို တရုတ်နိုင်ငံ ဖိတ်ကြား


ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ် နှစ် ၇၀ ပြည့်အခမ်းအနားပြင်ပ၌ သမ္မတ(ငြိမ်း) ဦးသိန်းစိန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့တွေ့ဆုံ။
ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ် နှစ် ၇၀ ပြည့်အခမ်းအနားပြင်ပ၌ သမ္မတ(ငြိမ်း) ဦးသိန်းစိန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့တွေ့ဆုံ။

မြန်မာနိုင်ငံမှာ တရား၀င်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့အတွက်ဆိုပြီး နိုင်ငံရေးပါတီ ၄ ခု ကို တရုတ်ကွန်မြူနစ်ပါတီက သီးသန့် ဖိတ်ကြားထားပါတယ်။ တပတ်ကြာမယ့် ခရီးစဥ်အတွင်း တရုတ်ကွန်မြူနစ်ပါတီနဲ့ ဆက်ဆံရေး တိုးမြှင့်နိုင်မယ်လို့မျှော်လင့်ကြောင်း ဖိတ်ကြားခံရတဲ့ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဗွီအိုအေကို ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို အခြေခံပြီး မဆုမွန်က ပြောပြမှာပါ။

ဇူလိုင် ၂၀ ရက်ကနေ ၂၇ ရက်နေ့အထိ သီတင်းတပတ်ကြာ တရုတ်နိုင်ငံကို သွားရောက်လေ့လာမယ့်ခရီးစဥ်မှာ လက်ရှိ စစ်ကောင်စီလက်အောက်မှာ နိုင်ငံရေးပါတီအဖြစ် တရားဝင် တည်ရှိနေကြတဲ့ ပါတီ ၄ ခုရဲ့ ခေါင်းဆောင်တွေကိုပဲ တရုတ်ကွန်မြူနစ်ပါတီက ဖိတ်ခေါ်ထားတာပါ။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ကနေ မှတ်ပုံတင်ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီ ၅၀ နီးပါးထဲက ရွေးချယ်ဖိတ်ကြားခံရတဲ့ ပါတီ ၄ ကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ပါတီ၊ ရခိုင့်ဦးဆောင်ပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) တို့ဖြစ်ပါတယ်။

ခရီးစဉ်အတွင်း တရုတ်ကွန်မြူနစ်ပါတီက ဒုတိယ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ ဖိတ်ကြားခံရတဲ့ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ဗွီအိုအေကို ပြောပါတယ်။ ခရီးစဉ်အတွင်းလေ့လာဖြစ်မယ့် အခြေအနေနဲ့ပတ်သတ်လို့ သူက အခုလို ပြောကြားခဲ့ပါတယ်။

"ကျနော်တို့က ယူနန်မှာ ၂၄မနက်ပိုင်းထိရှိနေမယ်။ ဒီကနေ ၂၀ရက်နေ့သွားမယ်။ ၂၄ မှာလေယာဉ်စီးပြီး ဘေဂျင်းရောက်မယ် ၊၂၇ ပြန်လာမယ်။ ယူနန်မှာကျတော့ တရုတ်ကွန်မြူ နစ်ပါတီ ကျေးလက်ပါတီတည်ဆောက်ပုံကို လေ့လာမယ်။ သူတို့ပါတီစီးပွားရေးဘာညာကအစပေါ့။ ပြီးရင် တောင်အာရှပြပွဲတက်မယ်။ အဲကနေ ဘေဂျင်းသွားမယ်။ ဘေဂျင်းမှာတော့ နိုင်ငံတကာဆက်ဆံရေးဌာန တရုတ်ကွန်မြူနစ်ပါတီက နိုင်ငံခြားရေးဒုဝန်ကြီးနဲ့တွေ့မယ်။ ပါတီချင်းဆက်ဆံရေး တိုးမြင့်ဖို့အကြမ်းဖျင်းဒီလိုဘဲ သတ်မှတ်ထားပါတယ်။"

ဖိတ်ကြားစာမှာတော့ ခရီးစဉ်အတွင်းမှာ ယူနန် ကျေးလက်ဒေသဖွံ့ဖြိုးရေး အခြေအနေ၊ ကျေးလက်ဒေသတွေမှာ ပါတီရပ်တည်မှု အခြေအနေ၊ ပိုးလမ်းမ စီမံကိန်း အကောင်အထည်ဖော်ရေး တရုတ်နိုင်ငံက ကျွမ်းကျင်သူတွေနဲ့ အမြင်သဘောချင်း ဆွေးနွေးဖလှယ်သွားဖို့အတွက် စီစဉ်ထားတယ်လို့ ဖော်ပြထား ပါတယ်။

ဒေါက်တာ အေးမောင်ကတော့ တရုတ်ခရီးစဥ်ကနေ ရလဒ်ကောင်း အတွေ့အကြုံကောင်းတွေ ရလာနိုင်မယ်လို့ မျှော်လင့်ထားတယ်လို့ဆိုပါတယ်။

တရုတ်-မြန်မာ နယ်နမိတ်ချင်းထိစပ်နေတဲ့ နေရာတလျှောက်မှာ တိုက်ပွဲတွေ ပြင်းထန်လာနေချိန်နဲ့ တပြိုင်နက်တည်းမှာဘဲ တရုတ်ဘက်က မြန်မာအရေးကို ပိုပြီး ထဲထဲဝင်ဝင် ပါဝင်လာနိုင်ဖို့ ကြိုးစားတဲ့အနေနဲ့ စစ်ဘက်ခေါင်းဆောင်ပိုင်းအပါအ၀င် စစ်ကောင်စီက ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီတွေနဲ့ ထိစပ် လုပ်ဆောင်နေတယ်ဆိုတာကို တရုတ်က ပေါ်ပေါ်တင်တင် ပြသလာတာ ဖြစ်တယ်လို့ အကဲခတ်တွေက ပြောပါတယ်။

ဒါ့အပြင် တရုတ်က လတ်တလောမှာ ပြည်တွင်းခေါင်းဆောင်ပိုင်းတွေနဲ့ တွေ့ဆုံတာ ခပ်စိတ်စိတ်လုပ်လာတာတွေက မြန်မာနိုင်ငံရေးမှ သက်ရောက်မှု တစုံတရာရှိလာနိုင်တယ်လို့ သုံးသပ်ချက်တွေရှိနေပါတယ်။ တရုတ်နဲ့မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကတော့ အနောက်နိုင်ငံတွေထက်စာရင် အိမ်နီးချင်းတရုတ်က မြန်မာ့အရေးတွေ ပိုဝင်ပါလာနိုင်ဖွယ်ရှိနေတယ်လို့ သုံးသပ်ပြောဆိုလာပါတယ်။

"ဗမာပြည်အရေးကိုအခုမှပြောလာတာတော့မဟုတ်ဘူး အစောထဲကပြောတာခုကပိုပြီးတော့ သွက်သွက်လက်လက်ဖြစ်လာတာပေါ့ ဘာလို့ဆို တရုတ်က သူ့မဟာဗျူဟာလမ်းတွေ မဟာဗျူဟာစီမံကိန်းတွေဖြစ်တဲ့ ပိုးလမ်းမလိုဟာမျိုး ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုအဆိုပြုချက်လိုဟာမျိုး ဒါတွေကအောင်မြင်နေသလိုဖြစ်တာပေါ့ အဲ့ဒီမှာ ဗမာပြည်ကနောက်ကျကျန်ခဲ့သလိုဖြစ်တယ်။ အဲဒါကြောင့်ဗမာပြည်အရေး ဗမာပြည်အေးချမ်းဖို့ကို သူပြောတာ ကတော့ဗမာပြည်ပြည်တွင်းစစ်အေးချမ်းဖို့ကူညီမယ်ပေါ့ နည်းရှာမယ်ပေါ့ အနောက်အုပ်စုကတော့ သူ့ကိစ္စနဲ့သူရှုပ်နေတာလေ။ တရုတ်ကတော့ အာရှနိုင်ငံတွေ မှာ ခြေမြန်လက်မြန်နဲ့ အာရှ ၁၀နိုင်ငံနဲ့တတ်နိုင်သမျှ ရနိုင်သမျှမှာ ဝင်ပြီးတိုးပြီးလုပ်နေတဲ့သဘောပေါ့ ဗမာပြည်အရေးလဲ ပိုပြီးတိုးလုပ်လာလိမ့်မယ်ထင်တယ်။"

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကလည်း သမ္မတဟောင်း ဦးသိန်းစိန်ကို တရုတ်အစိုးရက ဖိတ်ကြားခဲ့သလို ဇူလိုင် ၆ ရက်နေ့ကလည်း စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ တရုတ်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင့်ကိုယ်တိုင်ကလည်း မြန်မာ့ အကျပ်အတည်းကို ဖြေရှင်းဖို့ တရုတ်အနေနဲ့ လုပ်ဆောင်မယ်လို့ အတိအလင်း ပြောဆိုခဲ့သလို မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းတွေ စတင်လုပ်ကိုင်နိုင်အောင် တရုတ် ပါဝင်သွားမယ်လို့ ပြောဆိုထားတာပါ။

နောက်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း တာဝန်ပြီးဆုံးလို့ပြန်လည်ထွက်ခွာတော့မယ့် တရုတ်သံအမတ်ကြီး ချန်ဟိုင်ဟာ နေပြည်တော်မှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လာနှုတ်ဆက်ပြီး အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်နေတာတွေကို ဆွေးနွေးခဲ့တာရှိသလို စစ်ကောင်စီဘက်ကလည်း ရွေးကောက်ပွဲလုပ်နိုင်ရေး တရုတ်အကူအညီ ရယူမယ်လို့ ပြောဆိုထားပါတယ်။

နိုင်ငံရေးပါတီတွေကို တရုတ်ကွန်မြူနစ်ပါတီက ဖိတ်ကြားမှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တုန့်ပြန် ပြောဆိုတာ မရှိသေးပါဘူး။

အရင် NLD အစိုးရလက်ထက်ကလည်း တရုတ်အစိုးရက NLD ပါတီနဲ့ တခြား နိုင်ငံရေးပါတီက တာဝန်ရှိသူတွေကို လေ့လာရေးခရီးစဉ်အဖြစ်နဲ့ ဖိတ်ကြားခဲ့ဘူးပါတယ်။​

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG