သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗျူဟာမြောက် ဥရောပလုပ်ငန်းကြီးတွေ တရုတ်လက်ထဲ ရောက်မသွားအောင် EU ကြိုးပမ်း


ဥရောပ ကော်မရှင်နာမင်းကြီး Margrethe Vestager.
ဥရောပ ကော်မရှင်နာမင်းကြီး Margrethe Vestager.

(Zawgyi / Unicode)

အစိုးရ အထောက်အပံ့ရနေတဲ့ နိုင်ငံရပ်ခြား ကော်ပိုရေးရှင်းတွေက မဟာဗျူဟာကျတဲ့ ဥရောပကုမ္ပဏီကြီးတွေကို ဝယ်ယူမှာကို ဥရောပသမဂ္ဂအဖွဲ့ (EU) က တားဆီးဖို့ ကြိုးစားနေပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံက ကော်ပိုရေးရှင်းကြီးတွေ ဥရောပကုမ္ပဏီတွေကို ဝယ်ယူမှာကို ပိတ်ပင်လိုတာပါ။ အဲဒီလိုပိတ်ပင်ဖို့ ပထမခြေလှမ်းအနေနဲ့ ဥရောပကော်မရှင်က စက္ကူဖြူစာတမ်းတစောင် ထုတ်ပြန်ထားတဲ့အကြောင်း Alfonso Beato ဘာစီလိုနာမြို့ကနေ သတင်းပေးပို့ထားတာကို ကိုရဲမင်းထွန်း တင်ပြပေးထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘဏ္ဍာရေး အခက်ကြုံတွေ့နေရတဲ့ ဥရောပ ကုမ္ပဏီကြီးတွေကို တရုတ်ရင်းနှီးမြှုပ်နှံသူတွေက လျှော့ဈေးနဲ့ ဝယ်ယူမှာကို ဥရောပခေါင်းဆောင်တွေ စိုးရိမ်နေကြပါတယ်။

ဒါကြောင့် ဥရောပကုမ္ပဏီတွေနဲ့ ဒေသပြင်ပ ရင်းနှီးမြှုပ်နှံသူတွေအကြား ရရှိတဲ့ သဘောတူညီချက်တွေ၊ အထူးသဖြင့် အစိုးရတွေဆီကနေ အထောက်အပံ့ ရရှိနေတဲ့ ဒေသပြင်ပက ရင်းနှီးမြှုပ်နှံသူတွေနဲ့ ဥရောပကုမ္ပဏီတွေအကြား ရရှိတဲ့ သဘောတူညီချက်တွေအပေါ် စည်းကမ်းချက်တွေ ချမှတ်ဖို့ EU က လိုလားနေတာ ဖြစ်ပါတယ်။

“တခုတည်းသော ဈေးကွက်ဆိုတာက ဥရောပကြီးပွားရေးအတွက် သော့ချက်ကျတဲ့ အရာပါ။ ဒါပေမယ့် ဈေးကွက်မှာ အဆင့်တူ ယှဉ်ပြိုင်မှ အလုပ်ဖြစ်တာ။ ဥရောပကော်မရှင် အနေနဲ့ အစိုးရ အထောက်အပံ့ပေးထားတဲ့ ကုမ္ပဏီတွေရဲ့ ရန်ကနေ အကာအကွယ်ပေးဖို့နဲ့ အဆင့်တူချင်း ယှဉ်ပြိုင်နိုင်အောင် ဦးစားပေး ဆောင်ရွက်နေပါတယ်” လို့ ဥရောပ ကော်မရှင်နာမင်းကြီး Margrethe Vestager က ပြောပါတယ်။

အခုပဲ တရုတ်ကုမ္ပဏီတွေ ဥရောပဈေးကွက်မှာ အဓိက နေရာယူထားပြီး ဖြစ်ပါတယ်။ သူတို့က လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း အမေရိကန်ဒေါ်လာ ၁၈၀ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။

တရုတ်နိုင်ငံကို ကမ္ဘာ့အကြီးဆုံး ကားထုတ်လုပ်သူအဖြစ် အပြည်ပြည်ဆိုင်ရာ မော်တော်ကားထုတ်လုပ်သူများ အဖွဲ့အစည်းက အဆင့်သတ်မှတ်ထားပါတယ်။ EU၊ အမေရိကန်နဲ့ ဂျပန် အားလုံး စုပေါင်းထားတဲ့ ပမာဏထက် ပိုကြီးပါတယ်။ ဒါတင်မကပဲ တရုတ်နိုင်ငံက ဥရောပမှာ ဒီထက်ပိုပြီး ရင်နှီးမြှုပ်နှံဖို့ကိုလည်း ဆန္ဒပြင်းနေတယ်လို့ Yuan Ji Zheng က ပြောပါတယ်။

“သာဓကအားဖြင့် Volvo ကားကုမ္ပဏီကို လိုချင်တာမျိုး၊ မာစီးဒီးစ် ဘန့်ဇ် ကုမ္ပဏီကို လိုချင်တာမျိုးပါ။ တကယ်တော့ သူတို့က ကားထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေသာ မကဘူး၊ မဟာဗျူဟာကျတဲ့ လုပ်ငန်းမျိုးတွေမှာလည်း ဝင်ရောက်လုပ်ကိုင်နိုင်ဖို့ ကြိုးစားနေကြပါတယ်။”

အဲဒီလို မဟာဗျူဟာကျတဲ့ လုပ်ငန်းတွေထဲ စပိန်နိုင်ငံက URBASER လို ကုမ္ပဏီကို တရုတ်အုပ်စုတစုဖြစ်တဲ့ Firion Investments က ဝယ်ယူထားတာမျိုးလည်း ပါပါတယ်။ အဲဒီအုပ်စုက တရုတ်အစိုးရနဲ့ စွန့်ပစ်ပစ္စည်းဆိုင်ရာ ကန်ထရိုက်စာချုပ်တွေ ချုပ်ဆိုထားတာပါ။ အခုလို နိုင်ငံခြားအစိုးရ ကျောထောက်နောက်ခံ ကုမ္ပဏီတွေက ဥရောပအပေါ် လွှမ်းမိုးလာတာနဲ့ ပတ်သက်ပြီး EU က အဖြေရှာဖို့ ကြိုးစားတဲ့အပေါ် စီးပွားရေး လေ့လာသုံးသပ်သူ Antonio Liu Yang က သူ့ရဲ့အမြင်ကို အခုလိုပြောပါတယ်။

“EU ရဲ့ လုပ်ဆောင်ချက်က တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကို ရပ်တန့်ပစ်လိုက်နိုင်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ပမှာ ရင်းနှီးမြှုပ်နှံနေတဲ့ တရုတ်ကုမ္ပဏီ အများစုက နိုင်ငံပိုင် ကော်ပိုရေးရှင်းကြီးတွေ ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် တရုတ်အစိုးရ ပါဝင်ပတ်သက်နေတဲ့ ကုမ္ပဏီတွေ ဖြစ်နေတာကြောင့်ပါ။”

လောလောဆယ် EU ရဲ့ အဓိကတာဝန်က ကပ်ရောဂါက နိုးထချိန်မှာ နိုင်ငံခြားအစိုးရ အထောက်အပံ့ရနေတဲ့ ကော်ပိုရေးရှင်းကြီးတွေ ဥရောပဈေးကွက်ထဲ မမျှမတနဲ့ အသာစီး ရမသွားဖို့အရေး နည်းလမ်းတွေ မှန်မှန်ကန်ကန် ရှာကြံသွားနိုင်ဖို့ပဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------------

(Unicode)







ကျဆင်းနေတဲ့ တရုတ်စီးပွားရေး
please wait

No media source currently available

0:00 0:03:44 0:00
တိုက်ရိုက် လင့်ခ်






XS
SM
MD
LG