သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သမ္မတခရီးစဉ် မြန်မာအတွက် အကျိုးရှိဖို့ အကဲခတ်တွေမျှော်လင့် 


 မြန်မာ-တရုတ် အကြံပြုသုတေသီအဖွဲ့ ဆွေးနွေးပွဲ
မြန်မာ-တရုတ် အကြံပြုသုတေသီအဖွဲ့ ဆွေးနွေးပွဲ

(Zawgyi / Unicode)

နိုင်ငံတကာဖိအားတွေ၊စိန်ခေါ်မှုတွေနဲ့ မြန်မာနိုင်ငံ ရင်ဆိုင်နေရချိန်မှာ လာရောက်တဲ့တရုတ်သမ္မတ ရှီကျင့်ပင့်ရဲ့ခရီးစဉ်ဟာ မြန်မာအတွက် အကျိုးရှိမယ့်ခရီးစဉ်ဖြစ်ကြောင်း ဇန်နဝါရီ ၁၄ရက် ရန်ကုန်မြို့မှာလုပ်တဲ့ မြန်မာ-တရုတ် အကြံပြုသုတေသီအဖွဲ့ရဲ့ ဆွေးနွေးပွဲမှာ တရုတ်ကိုယ်စားလှယ်တွေက ပြောပါတယ်။

မြန်မာကိုယ်စားလှယ်တွေက တော့ တရုတ်နိုင်ငံအနေနဲ့မြန်မာနိုင်ငံအတွက် အကျိုးရှိမယ့် တိုးတက်ဖွံ့ဖြိုးရေးတွေ လုပ်ပေးဖို့ရည်ရွယ်ရင် အဓိက အရင်းမြစ်ဖြစ်တဲ့ လူသားအရင်းအမြစ်ကို အသုံးချပြီးမြန်မာနိုင်ငံသားတွေ အတွက် အလုပ်အကိုင် ဖန်တီးပေးနိုင် ရေးကို ဦးစားပေးဖို့တိုက်တွန်းသွား ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုစည်သူ က ပြောပြပေးမှာပါ။

တရုတ်သမ္မတ ရှီကျင့်ပင် မလာခင်မှာ တရုတ်-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးအတွက် အခုလိုတွေ့ဆုံခွင့်ရတာကျေးဇူးတင်‌ကြောင်း တရုတ်နိုင်ငံနိုင်ငံခြားဘာသာပုံနှိပ်ထုတ်ဝေရေးအဖွဲ့ ဥက္ကဌ မစ္စတာ ဒူဇန်ယွန်းက အဖွင့်မိန့်ခွန်းမှာပြောဆိုသွားတာပါ။

သမ္မတရှီကျင့်ပင်ရဲ့ ၂၀၂၀ အတွက် နိုင်ငံရပ်ခြား ပထမဆုံးခရီးစဉ်ဟာ မြန်မာနိုင်ငံဖြစ်ပြီး ၁၉၅၄ မှာ နှစ်နိုင်ငံကြား သဘောတူညီမှု ရရှိခဲ့တဲ့ ငြိမ်းချမ်းရေးမူ ၅ ချက် အတိုင်း တရုတ်အစိုးရက ဆက်လက် ရပ်တည် သွားမှာ ဖြစ် ကြောင်း ဒီနေ့ ရန်ကုန် Wyndham Garden Hotel မှာ လုပ်တဲ့ မြန်မာ-တရုတ် အကြံပြု သုတေသီ အဖွဲ့များ ရဲ့ ဆွေးနွေးပွဲမှာ တရုတ်- မြန်မာအရေး ကျွမ်းကျင်သူတွေ က ပြောကြားခဲ့ကြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ အတွက် နိုင်ငံတကာ ဖိအားပေးမှုတွေကို ရင်ဆိုင်နေရပြီး စိန်ခေါ်မှုတွေ ကြုံနေရ ချိန်မှာ တရုတ်သမ္မတ လာရောက်မှုဟာ မြန်မာနိုင်ငံအတွက် အကျိုးရှိမယ့် ခရီးစဉ် ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီကနေ့ ၂၀၂၀ ဇန်နဝါရီ ၁၄ရက်ဟာ မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး အနှစ် ၇၀ပြည့် တဲ့ နေ့ဖြစ်ပါတယ်။ မြန်မာနဲ့ တရုတ် ၂ နိုင်ငံဟာ အတူ လက်တွဲခဲ့တဲ့ အိမ်နီးချင်းတွေဖြစ် ကြတဲ့ အတွက် ကြုံတွေ့နေကြရတဲ့ ရှုပ်ထွေးတဲ့ နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲ တွေကြားမှာ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ဖို့ လိုတယ်လို့လည်း ဒီပွဲကို တက်ရောက်လာတဲ့ တရုတ်နိုင်ငံ ကိုယ်စားလှယ်တွေက ပြောပါတယ်။

ဒီပွဲကို တက်ရောက်လာတဲ့ ယူနန်ပြည်နယ်က တရုတ်ပါမောက္ခ တဦးကလည်း မြန်မာနဲ့ အဓိက ထိစပ်နေတဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ထဲမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသား တွေ အတွက် ပညာရေး ဆိုင်ရာမှာ အကူအညီတွေ ပေးနေတယ်လို့လည်း ပြောပါတယ်။

တရုတ်သမ္မတ ရှီကျင်းပင်ရဲ့ နှစ်နိုင်ငံကြား အပြန်အလှန် ယုံကြည်မှုတည်ဆောက်ဖို့ လာရောက်တဲ့ ဒီခရီးစဉ်မှာ ဒေသတွင်း ဆင်းရဲမွဲတေမှု လျှော့ချဖို့အပြင် ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်း ကိစ္စ တွေကို လည်း ဆွေးနွေးသွားဖို့ ရှိတယ်လို့ လည်း ပြောပါတယ်။

မြန်မာ-တရုတ် သုတေသီအဖွဲ့တွေရဲ့ ဒီကနေ့ တွေ့ဆုံပွဲဟာ တရုတ်သမ္မတရဲ့ မြန်မာနိုင်ငံခရီးစဉ်မတိုင်ခင် အကြိုတွေ့ဆုံပွဲတခုဖြစ် ပြီး သမ္မတရဲ့ ဒီခရီးစဉ်မှာ ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချုပ် MOU ၂ ခု လက်မှတ် ရေးထိုးဖို့လည်း စီစဉ်ထားတာပါ။

တရုတ် အလုပ်သမားတွေ တရုတ် ကျွမ်းကျင်လုပ်သားတွေ နဲ့ ပဲ နိုင်ငံ ရပ်ခြားစီးပွါးရေး လုပ်လေ့ရှိတဲ့ တရုတ်နိုင်ငံ အနေနဲ့ မြန်မာ နိုင်ငံအတွက် အကျိုးရှိမယ့် တိုးတက်ဖွံ့ဖြိုးရေးတွေ လုပ်ပေးဖို့ ရည်ရွယ်မယ် ဆိုရင် မြန်မာနိုင်ငံရဲ့ အဓိက အရင်းမြစ် တခုဖြစ်တဲ့ လူသားအရင်းအမြစ်ကို ဦးစားပေး အသုံးပြုဖို့ မြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များ အသင်း တွဲဖက် အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောပါတယ်။

“ မြန်မာနိုင်ငံရဲ့ အားသာချက်က ကျမတို့နိုင်ငံလူဦးရေ ၅၄ သန်းမှာ အလုပ်လုပ်နိုင်စွမ်းရှိတဲ့လူဦးရေဟာ ၅၀%ကျော်ပါတယ်ရှင့်။ ၁၅နှစ်နဲ့ ၅၉နှစ်ကြားထဲမှာ။ တချို့သောလေ့လာမှုတွေ ကျမကြားတဲ့အခါမှာ နောက်၁၀နှစ်၊ အနှစ် ၂၀အထိကို ဒီအလုပ်လုပ်နိုင်တဲ့ လူဦးရေဟာ ရှိနေဦးမယ်လို့ ဆိုပါတယ်ရှင့်။ ဒါကို အခွင့်ကောင်းအနေနဲ့ ယူပြီးတော့ ကျမတို့နိုင်ငံရဲ့ တန်ဖိုးမဖြစ်နိုင်တဲ့ assets ဖြစ်တဲ့ human resource ကိုလည်း အသုံးချပေးပါ။”

မြန်မာနိုင်ငံရဲ့ လူသားအရင်းအမြစ်ကို အသုံးချပြီး မြန်မာနိုင်ငံသားတွေ အတွက် အလုပ်အကိုင် ဖန်တီးပေးနိုင် ရေးကို ဦးစားပေးဖို့ တိုက်တွန်းခဲ့တာပါ။ ဒါ့အပြင် ယူနန်ပြည်နယ်ဟာ မြန်မာနဲ့ အဓိက ကုန်သွယ်နေတဲ့ တရုတ်နယ်စပ်ဒေသ ဖြစ်ပြီး ဒီဒေသမှာ မြန်မာဘက်က တင်ပို့ကုန် တွေတိုးမြှင့်ဖို့ မျှော်လင့်ထားတဲ့ အတွက် တရုတ်ဘက်က သတ်မှတ်ထားတဲ့ ကုန်စည်အရည်သွေး သတ်မှတ်စံနှုန်း AQSIQ မီဖို့ လုပ်ဆောင် နေကြောင်း လည်း ပြောပါတယ်။

မြန်မာနိုင်ငံဟာ တရုတ်ရဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်းကို အဦးဆုံးထောက်ခံကြိုဆိုခဲ့တဲ့ နိုင်ငံတွေထဲကတခု ဖြစ်ပါတယ်။ ပိုးလမ်းမစီမံကိန်းဟာ တရုတ်ဩဇာချဲ့ထွင်ဖို့ ဖြစ်ကြောင်း ဝေဖန်နေကြ ပေမယ့် ဒါဟာဒေသတွင်း စီးပွားရေး တိုးတက်ဖို့ လုပ်ဆောင်တာ ဖြစ်ကြောင်းလည်း ဒီပွဲကိုစီစဉ်တဲ့ တရုတ် မြန်မာ အရေး ကျွမ်းကျင်သူတွေက ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


...................


(Unicode)













XS
SM
MD
LG