သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအချုပ်အခြာပိုင်မှုကို ‌ထောက်ခံ ကူညီသွားမည်ဟု တရုတ်ပြောဆို


တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ စစ်ကောင်စီခန့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ စစ်ကောင်စီခန့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်။

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ "အခြေအနေ ဘယ်လိုပဲပြောင်းသည်ဖြစ်စေ အချုပ်အခြာ အာဏာပိုင်မှု၊ လွတ်လပ်ရေးနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်တာမှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ထောက်ခံသွားမယ်" လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောပါတယ်။

စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တရုတ်နိုင်ငံ၊ Anhui ပြည်နယ်မှာ သောကြာနေ့က တွေ့ဆုံချိန်အတွင်း ဝန်ကြီး Wang Yi က အဲဒီလို ပြောခဲ့တဲ့အကြောင်း တရုတ်အစိုးရအာဘော် ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအခြေအနေတွေနဲ့ ကိုက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို ဖော်ထုတ်တာမှာ တရုတ်က ထောက်ခံသွားမယ်လို့လည်း ဝန်ကြီး Wang Yi က ဆိုပါတယ်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်ဆိုင်ရာ အရှိန်မြှင့်လုပ်ဆောင်ဖို့၊ "ထင်ရှားတဲ့ စီမံကိန်းကြီးတွေ" တည်ဆောက်ရေး အရှိန်မြှင့်ဖို့နဲ့ COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေး လက်တွဲလုပ်ဆောင်မှု ပိုပြီးခိုင်မာအောင်လုပ်ဖို့ ဝန်ကြီး Wang Yi က ပြောခဲ့ပါတယ်။ ထင်ရှားတဲ့ စီမံကိန်းကြီးတွေလို့ ဆိုပေမယ့် ဘာစီမံကိန်းတွေ ဆိုတာကိုတော့ ဆင်ဟွာသတင်းထဲမှာ ရှင်းရှင်းလင်းလင်း ဖော်ပြမထားပါဘူး။

မြန်မာနိုင်ငံမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ အကောင်အထည်ဖော်မယ့် စီမံကိန်းကြီးတွေ အများအပြားရှိပြီး အဲဒီထဲမှာ ကချင်ပြည်နယ်၊ ဧရာဝတီမြစ်ဆုံမှာ တည်ဆောက်နေတဲ့ ရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းက အထူးထင်ရှားပါတယ်။

သဘာဝပတ်ဝန်းကျင် ထိခိုက်မယ့်အရေး စိုးရိမ်ကြတာကြောင့် အဲဒီစီမံကိန်းကို အပြင်းအထန် ကန့်ကွက်ခဲ့တဲ့အတွက် သမ္မတဦးသိန်းစိန် လက်ထက်က မြစ်ဆုံစီမံကိန်းကို ရပ်ထားခဲ့ပြီး အခုချိန်မှာ လုပ်ငန်းတွေ ပြန်စနေပြီလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်လာတဲ့ တရုတ်နိုင်ငံဟာ နိုင်ငံခြားရေးမူဝါဒမှာ ယေဘုယျအားဖြင့် ကိုယ့်အကျိုးစီးပွား ကွက်ကွက်လေးကိုပဲ ဦးစားပေးတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။ သက်ဆိုင်ရာနိုင်ငံရဲ့ လူ့အခွင့်အရေးမှတ်တမ်းတို့၊ နိုင်ငံတကာက ဝေဖန်ထောက်ပြနေတဲ့ တခြားကိစ္စရပ်တို့ကို ထည့်တွက်လေ့ မရှိပါဘူး။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ဆန့်ကျင်သူတွေကို အပြင်းအထန် နှိမ်နင်း ဖြိုခွဲနေတဲ့အပေါ် နိုင်ငံတကာက အပြင်းအထန် ဝေဖန်တဲ့အပြင် ဒဏ်ခတ်အရေးယူထားတာတွေတောင် ရှိပေမယ့်လည်း တရုတ်ကတော့ စစ်ကောင်စီကို အခိုင်အမာ ထောက်ခံနေတာပါ။ စစ်ကောင်စီကလည်း တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ဝေဖန်ပြောဆိုချက်တွေကို လျစ်လျူရှုပြီး ထောက်ခံရပ်တည်လေ့ ရှိပါတယ်။

လက်ရှိမှာ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့အပေါ် တရုတ်က ဝေဖန်တာမျိုး မလုပ်သလို စစ်ကောင်စီကလည်း ဒီကျူးကျော်စစ်ကို ထောက်ခံပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------------

(Unicode)











XS
SM
MD
LG