သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်သမ္မတနဲ့ ကန်အောက်လွှတ်တော်ဥက္ကဋ္ဌတွေ့ဆုံမှု တရုတ်တုံ့ပြန် 


ထိုင်ဝမ်သမ္မတ Tsai Ing-wen နှင့် အောက်လွှတ်တော်ဥက္ကဋ္ဌ Kevin McCarthy တို့ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား၊ Simi Valley ရှိ Ronald Reagan Presidential စာကြည့်တိုက်တွင် အတူတွေ့ရစဉ် (ဧပြီ ၅၊ ၂၀၂၃)
ထိုင်ဝမ်သမ္မတ Tsai Ing-wen နှင့် အောက်လွှတ်တော်ဥက္ကဋ္ဌ Kevin McCarthy တို့ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား၊ Simi Valley ရှိ Ronald Reagan Presidential စာကြည့်တိုက်တွင် အတူတွေ့ရစဉ် (ဧပြီ ၅၊ ၂၀၂၃)

ထိုင်ဝမ်သမ္မတ Tsai Ing-wen နဲ့ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ Kevin McCarthy တို့ ကယ်လီဖိုးနီးယား ပြည်နယ်မှာ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ထိုင်ဝမ်အပေါ် ထောက်ခံမှုဟာ မယိမ်းမယိုင် ခိုင်မာပြီး ပါတီကြီးနှစ်ရပ်စလုံးရဲ့ သဘောထား ဖြစ်တယ်လို့ အောက်လွှတ်တော် ဥက္ကဋ္ဌ Kevin McCarthy က ပြောကြားခဲ့ပါတယ်။

ထိုင်ဝမ်ပြည်သူတွေ အပေါ် အလေးအနက်ထား ထောက်ခံတယ် ဆိုတာကို ကျနော်တို့ ဒီနေ့ ရှင်းရှင်းလင်းလင်း ပြောဆိုလိုက်သလို၊ တသံတည်း ထုတ်ဖော် ပြောဆိုမယ်ဆိုတာကို အခိုင်အမာ ပြလိုက်တာပါ။ အမေရိကန်ပြည်ထောင်စုနဲ့ ထိုင်ဝမ်ရဲ့ ဆက်ဆံရေးဟာ ကျနော့်ဘဝမှာ အခိုင်အမာဆုံး အနေအထားကို တွေ့ရတာပါလို့ အောက်လွှတ်တော်ဥက္ကဋ္ဌက Kevin McCarthy ပြောဆိုသွားတာပါ။ မနေ့က ထိုင်ဝမ်သမ္မတ Tsai Ing-wen နဲ့ တွေ့ဆုံရာမှာ အမေရိကန် ပါတီကြီးနှစ်ရပ်စလုံးက လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ ပါဝင်ခဲ့ပါတယ်။

ထိုင်ဝမ်ကို သူ့ပိုင်နယ်အဖြစ် တရုတ်နိုင်ငံဘက်က စစ်ရေးအရ ခြိမ်းခြောက်နေတဲ့ အခြေအနေဟာ လျှော့တွက်လို့ မရဘူးလို့ ထိုင်ဝမ်သမ္မတ Tsai ကပြောပါတယ်။ ထိုင်ဝမ်ဟာ သီးခြား တဦးတည်း ရပ်တည်နေတာ မဟုတ်ဘူးလို့လည်း ပြောကြားခဲ့ပါတယ်။ ထိုင်ဝမ်သမ္မတခရီးစဉ်ဟာ သူ့အစီအစဉ်နဲ့သူ လာရောက်တဲ့ သီးသန့်ခရီးစဉ်ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken ကပြောပါတယ်။

တရုတ်နိုင်ငံ ဘက်ကတော့ ထိုင်ဝမ်သမ္မတရဲ့ အမေရိကန် ခရီးစဉ်ကို အပြင်းအထန် ကန့်ကွက်နေပါတယ်။ အမေရိကန်ပြည်ထောင်စုကို ထိုင်ဝမ်သမ္မတ ရောက်နေတဲ့အချိန်မှာပဲ တိုက်ပွဲအစစ်ပုံစံ လေ့ကျင့်ဖို့ ဆိုပြီး တရုတ်ရေတပ် စစ်သင်္ဘောတွေ၊ ကင်းလှည့် ရေယာဉ်တွေနဲ့ လေယာဉ်တင် သင်္ဘောတွေ ထိုင်ဝမ်ရေလက်ကြား မြောက်ဘက် အလယ်ပိုင်းနဲ့ အရှေ့ တရုတ်ပင်လယ်ပြင်မှာ ဖြန့်ချ စေလွှတ်ထားပါတယ်။ ထိုင်ဝမ်ဟာ တရုတ်ပြည်မကြီးရဲ့ အစိတ်အပိုင်း ဖြစ်တယ်ဆိုတဲ့ တပြည်ထောင်စနစ်ကို အမေရိကန် ပြည်ထောင်စုက အသိအမှတ် ပြုထားပါတယ်။ ဒါပေမဲ့လည်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကာကွယ်ရေးအတွက် စစ်ရေး အပါအဝင် အကူအညီတွေ ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG