တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်က စက်ရုံတချို့မှာ မြန်မာအလုပ်သမားတွေကို နားရက်မပေးဘဲ အလုပ်ခိုင်းနေပြီး လစာမမှန်တာတွေရှိတယ်လို့ အလုပ်သမားအရေး လှုပ်ရှားနေသူတွေက ပြောပါတယ်။ စက်ရုံတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းကြပေမဲ့ ပြေလည်မှုမရဘူးလို့လည်း ပြောပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်းကို တင်ဆက်ထားပါတယ်။
ရွှေလီ၊ ရင်ကျန်း၊ မန်စီ၊ ကျန်းဖုန်း၊ ထိန်ချုံး စတဲ့ ယူနန်နယ်စပ်မြို့တွေမှာ အလုပ်သွားလုပ်ကြတဲ့ မြန်မာအများစု ဟာ လစာအပြည့်အဝမရဘဲ ပိတ်ရက်မရှိ တရက်ကို နာရီပေါင်းများစွာ အလုပ်လုပ်နေရကြောင်း အလုပ်သမား တွေက ဗွီအိုအေကို ပြောပါတယ်။ တရားမဝင်လာလုပ်တဲ့ အလုပ်သမားတွေလို့ တရုတ်က သတ်မှတ်ထား တာကြောင့် တရုတ်စက်ရုံပိုင်ရှင်တွေနဲ့ ဥပဒေအရ ညှိနှိုင်းဖို့လည်းမဖြစ်နိုင်ကြောင်း ရွှေလီမြို့က အလုပ်သမားအရေး ဆောင်ရွက်နေသူက ဗွီအိုအေကို ပြောပါတယ်။
"ရွှေလီ၊ ကျန်းဖုန်းလို့လည်းခေါ်တယ်။ လုံချွမ်းလို့လည်ခေါ်တယ်၊ ရင်ကျန်း၊ မန်စီ ရှိသမျှ အထည်ချုပ်စက်ရုံတွေ မှန်သမျှ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတော့ စက်ရုံတိုင်းနီးပါးပဲ။ ပြီးခဲ့တဲ့နှစ်ကလည်း ရွှေလီမှာ အလုပ်သမားတွေ ဖိအားဒဏ်မခံနိုင်လို့ တိုက်ပေါ်ကခုန်ချပြီး ဆုံးသွားတာရှိတယ်။ ဒါပေမဲ့ ကျနော်တို့ ဘာမှ သွားကူညီလို့ မရဘူး။ ကျနော်တို့ကို ဆက်သွယ်လာပေမဲ့ ကျနော်တို့ ဘာမှလုပ်ပေးလို့မရဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် အထဲမှာ တရားသူကြီး (ရှေ့နေ) တောင် ငှားခွင့်မရှိတဲ့ အဓိပ္ပာယ်မျိုးတွေ ကျနော်တို့ကို ပြန်ပြောလာ တယ်။ အဲဒါကြောင့် အထည်ချုပ်စက်ရုံကို လာမဲ့သူမှန်သမျှ ကိုယ့်ကိုအလုပ်ခေါ်တဲ့သူတွေကို ဗွီဒီယို record တွေ သေချာယူထားပါ။ အလုပ်ချိန်ဘယ်လောက်လဲ၊ အထည်အရေအတွက် သတ်မှတ်ထားတာရှိလား။ မလာနဲ့လို့ပြောရင်လည်း မြန်မာနိုင်ငံရဲ့ အခြေအနေအရ လာကြမှာတော့ တပုံတခေါင်းကြီးပဲ။"
မန်စီမြို့က Xinmei (ကျင်းမိန်) အထည်ချုပ်၊ Handa အထည်ချုပ် စက်ရုံတွေမှာ မြန်မာအလုပ်သမား ရာနဲ့ချီပြီး လစာတွေ အပြည့်မရကြောင်း၊ ပိတ်ရက်မရှိကြောင်း အလုပ်သမားတွေက ဗွီအိုအေကို အွန်လိုင်းကနေ ဆက်သွယ်ပြောပြခဲ့ပါတယ်။ ရွှေလီမြို့ Aohe အထည်ချုပ်က မြန်မာအလုပ်သမား ၇၀၀ ကိုလည်း တရုတ်ရဲက ဒီရက်ပိုင်းထဲမှာ ဖမ်းဆီးခဲ့ပါတယ်။ အကြောင်းကတော့ စက်ရုံပိုင်ရှင်ကို လုပ်အားခတိုးပေးဖို့၊ အချိန်ပြည့်အလုပ် မခိုင်းဖို့ တောင်းဆိုခဲ့တာကြောင့်လို့ ပြောပါတယ်။
"မြန်မာပြည်ဘက်ကနေ ပွဲစားတွေကခေါ်လာတယ် သူတို့က တပတ်ကတ်တွေနဲ့ ဝင်လာတယ်။ တပတ်ကတ်က တရုတ်ပြည်မှာ အလုပ်လုပ်ခွင့် မရှိဘူးလို့ သူတို့ရဲ့နည်းဥပဒေမှာ ရေးထားတယ်။ အဲဒီအတွက် အလုပ်သမားတွေက ဒီထဲဝင်လာပြီဆိုရင် ဒီစက်ရုံထဲမှာပဲ အကျယ်ချုပ်မိသလို ဖြစ်တာပေါ့။ အပြင်လည်း ထွက်လို့မရဘူး၊ ဘယ်သူနဲ့မှလည်း သူတို့ ဆက်သွယ်လို့မရဘူး။ ကျနော်တို့ သွားကူညီမဲ့သူလည်း အထဲကို ဝင်လို့မရဘူး။ ပြီးရင် အထည်ချုပ်စက်ရုံထဲကို ရောက်သွားပြီဆိုရင် သူတို့သတ်မှတ်ထားတဲ့ အရေအတွက် မပြည့်မီဘူးဆိုရင် လုပ်ခမရတာ လုပ်ခလျှော့တာတွေ ဖြစ်လာတယ်။ အဲဒီတော့ ၁၂၀၀ လို့ပြောထားတဲ့ အလုပ်သမားတယောက်က တခါတလေ ၁၀၀၀ တွေဖြစ်ရော၊ ၈၀၀ တွေဖြစ်ရော။ အဲလိုမျိုး ချိုးဖောက်ခံနေရတာတွေ အများကြီးပဲ။"
ဒီလိုသတင်းတွေကို ကြားနေရပေမဲ့လည်း နယ်စပ်ဖြတ်ပြီး အလုပ်သွားလုပ်တဲ့သူက နေ့တိုင်း အများအပြား ရှိနေပါတယ်။ နယ်စပ်ဖြတ်ခွင့်ရဖို့ မူဆယ်မြို့မှာ စောင့်ဆိုင်းနေသူတွေကလည်း သောင်းချီရှိနေပါတယ်။ ယူနန်ပြည်နယ်၊ ရင်ကျန်းမြို့က အထည်ချုပ်စက်ရုံ ၂ခုမှာ မြန်မာအလုပ်သမား ၁,၀၀၀ ကျော်က အခွင့်အရေး တချို့ရဖို့ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ဦးပိုင်းမှာ ဆန္ဒပြ တောင်းဆိုခဲ့ဖူးပါတယ်။ အလုပ်ရှင်တွေက တောင်းဆိုချက်တွေကို မလိုက်လျောခဲ့သလို အလုပ်သမား ၂၀၀ လောက် ကိုလည်း ချက်ချင်း နေရပ်ကို ပြန်ပို့ခဲ့ဖူးပါတယ်။
Forum