သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြန်မာနိုင်ငံအတွင်း လူမှုရေးနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွက်နေကြတဲ့ လူမှုသူရဲကောင်းတွေကို ပြည်ပရောက် မြန်မာ လူမှုအသိုင်းဝိုင်းက ဂုဏ်ပြု ချီးမြင့်တဲ့ ၂၀၁၈ နှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို မွတ်စ်လင်ကုသိုလ်ဖြစ်ဆေးရုံနှင့် ဇီဝိတဒါနအသင်းက ရရှိသွားပါတယ်။ တခြား အဖွဲ့အစည်း ၃ ခုကိုလည်း ပြည်သူ့ဂုဏ်ရည် အထူးဆုတွေ ချီးမြင့်ခဲ့ပါတယ်။ အပြည့်အစုံကိုတော့ အခမ်းအနားမှာ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

၂၀၁၈ ခုနှစ် န၀မအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဆုပေးပွဲကို နယူးယောက်ပြည်နယ် Albany မြို့မှာ မေလ ၂၆ ရက်နေ့က ကျင်းပတာပါ။အခမ်းအနားကို မြို့ခံ မြန်မာ မိသားစုတွေအပြင် အနယ်နယ်အရပ်ရပ်က ဧည့်ပရိတ်သတ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

အခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကိုတော့ ရန်ကုန်မြို့မှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ နှစ်ကာလ ရှည်ကြာစွာ ဆောင်ရွက်လာတဲ့ မွတ်စ်လင်ကုသိုလ်ဖြစ်ဆေးရုံနှင့် ဇီဝိတဒါနအသင်းကို ချီးမြင့်လိုက်ပါတယ်။

"ရပ်တည်ပေးခဲ့တဲ့အဖွဲ့အစည်းကတော့ ရန်ကုန်မဟာဗန္ဓုလ ပန်းခြံမှာ တည်ရှိနေတဲ့ မွတ်စ်လင်ကုသိုလ်ဖြစ်ဆေးရုံဖြစ်ပါတယ်။"

ပြည်ပရောက် မြန်မာမိသားစုတွေက ၂၀၁၀ ခုနှစ်မှာ စတင် ချီးမြင့်ခဲ့တဲ့ ဒီ ပြည်သူ့ဂုဏ်ရည်ဆုဟာ အခုဆိုရင် (၉) နှစ် ရှိလာခဲ့ပါပြီ။ ပြည်သူ့ဂုဏ်ရည်ဆု ချီးမြင့်ရခြင်းရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ လက်ရှိမှာ ဥက္ကဋ္ဌတာဝန်ယူထားတဲ့ ဦးကိုကိုလေးက ရှင်းပြပါတယ်။

" ပြည်သူ့ဂုဏ်ရည်ဆုဆိုတာကို ကျနော်တို့စတင်ခဲ့တဲ့ ရည်ရွယ်ချက်က ၁ နေရာ ၊ တဒေသက ၊ တစုတဖွဲ့ဆိုတဲ့ အနေအထာမျိုးမဟုတ်ပဲနဲ့ နိုင်ငံတကာမှာရှိတဲ့ အကြောင်းအမျိုးမျိုးကြောင့် ရောက်လာတဲ့ မြန်မာပြည်ဖွားတိုင်းရင်းသားတွေ စုပေါင်းပြီးတော့ ပြည်တွင်းမှာ ကျနော်တို့ရဲ့ ကိုယ်စား ပြည်တွင်းမှာ ပြည်သူတွေအတွက် ကိုယ်ကျိုးစွန့်လွတ်အနစ်နာခံ လုပ်နေကြတဲ့ လူမှုသူရဲကောင်းတွေကိုကျနော်တို့ တရားဝင်ဖော်ထုတ်ပြီး လူသိရှင်ကြားဖော်ထုတ်ပြီးတော့ ဂုဏ်ပြုချင်တာကြောင့် ကျနော်တို့ ဒေသအသီးသီးမှာရှိတဲ့ ကျနော်တို့နဲ့ ရင်ဘက်ချင်းတူတဲ့ တိုင်းရင်းသားညီအကိုမောင်နှမတွေအားလုံးကို ကျနော်တို့က စုစည်းချင်တာဖြစ်ပါတယ်။"

ဆုရွေးချယ်တဲ့နေရာမှာ အဓိကထား စဉ်းစားတဲ့ အချက်တွေကိုတော့ကို အခုနှစ် Albany မြို့မှာ ပွဲကျင်းပရေးအတွက် အဓိက တာဝန်ယူ လုပ်ဆောင်သူလည်းဖြစ်၊ ပြည်သူ့ဂုဏ်ရည်အဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့ ကိုထွန်းထွန်းက အခုလို ရှင်းပြပါတယ်။

" ပြည်သူ့ဂုဏ်ရည်ဆုရွေးချယ်တဲ့အခါမှာ ပြည်သူ့ဂုဏ်ရည်ဆုကို ကျနော်တို့က အချက် ၄ ချက်နဲ့ ကျနော်တို့ စံနှုန်းတွေနဲ့ ရွေးပါတယ်။ ဘယ်လိုစံနှုန်းလဲဆိုတော့ နံပတ်၁ က ကိုယ်ကျိုးစွန့်အနစ်နာခံမှု စံနှုန်းတွေ၊ အလုပ်တစိုက်မတ်မတ်လုပ်ဆောင်မှုဆိုတဲ့ စံနှုန်း၊ နောက်ပြီး လုပ်ငန်းထိရောက်အောင်မြင်မှုဆိုတဲ့ စံနှုန်းတွေ နောက်ပြီးတော့ နိုင်ငံရဲ့ စံပြဖြစ်မယ့်ဟာ ဒီအချက် ၄ ချက်နဲ့ ညီညွှတ်တယ်ဆိုရင် ကျနော်တို့က ပြည်သူ့ဂုဏ်ရည်ဆုရွေးချယ်ပါတယ် ဒါက ကျနော်တို့မူဝါဒပါပဲ။"

ဒီနှစ် ဆုပေးပွဲအခမ်းအနားမှာ ဒေသခံတွေအပြင် အနယ်နယ်အရပ်ရပ်က ရောက်လာကြတဲ့သူတွေက အတီးအမှုတ်၊ အကအခုန်တွေနဲ့ တက်ရောက်လာတဲ့ ပရိတ်သတ်တွေ မပျင်းရအောင် ဧည့်ခံ ဖျော်ဖြေခဲ့ကြပါတယ်။ ဒီလို ဖျော်ဖြေတဲ့နေရာမှာ လူကြီးတွေတင်သာ မကဘဲ ကလေးငယ်တွေလည်း ပါဝင် ဖျော်ဖြေခဲ့ကြတာပါ။

ပြည်သူ့ဂုဏ်ရည်ဆု စတင် ချီးမြင့်တဲ့ ၂၀၁၀ ခုနှစ်မှာ နာရေး ကူညီမှုအသင်းက ရုပ်ရှင်မင်းသားကြီး ဦးကျော်သူ၊ ၂၀၁၁ ခုနှစ် ဒေါ်ရှု၊ ၁၀၁၂ မှာ ရှမ်းပြည်နယ်မှာ အခြေစိုက်နေထိုင်တဲ့ ကချင် နှစ်ခြင်းအသင်းတော်က လဖိုင်နော်မိန်း ၊ ၂၀၁၃ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်၊ ၂၀၁၄ ခုနှစ်အတွက် ဆရာမ ဒေါ်သန်းမြင့်အောင်၊ ၂၀၁၅ ခုနှစ်အတွက် မဖြိုဖြိုးအောင်၊ ၂၀၁၆ ခုနှစ်အတွက် ဒေါက်တာ သန်းမင်းထွဋ်၊ ၂၀၁၇ ခုနှစ်အတွက် ဖောင်တော်ဦး ပရဟိတသင်ကျောင်းတို့ အသီးသီး ရရှိခဲ့ကြတာဖြစ်ပြီး အခုနှစ်မှာ မွတ်စ်လင် ကုသိုလ်ဖြစ်ဆေးရုံနှင့် ဇီဝိတဒါနအသင်းကို ချီးမြင့်တာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည် အထူးဆုတွေကိုတော့ မြင့်မိုရ်မေတ္တာခိုနားရာ (Single Mother ဂေဟာ) ၊ နွမ်းပါးပညာရေးအလှူအဖွဲ့ (Care To Poor Education Group) နဲ့ ယုံကြည်ရာ အသိပညာပြန့်ပွားရေးအသင်း (မန္တလေး) တို့ ၃ ဖွဲ့ကို ချီးမြင့်ခဲ့ပါတယ်။ အခုနှစ်အတွက် ဆုချီးမြင့်ပွဲအခမ်းအနားကို ကာယကံရှင်တွေကိုယ်တိုင် မတက်ရောက်နိုင်တဲ့အတွက် သူတို့ကိုယ်စား ပြည်သူ့ဂုဏ်ရည်အဖွဲ့က တာဝန်ရှိသူတွေနဲ့ ဒေသခံတွေက လက်ခံ ရယူခဲ့ကြပါတယ်။

ပြည်သူ့ဂုဏ်ရည်အဖွဲ့အနေနဲ့ အထူးဆုတွေကို ၂၀၁၂ ခုနှစ် ပြည်သူ့ဂုဏ်ရည် အထူးဆုပါ ပူးတွဲချီးမြင့်ဖို့ ဗဟိုကော်မီတီက ဆုံးဖြတ်ပြီး နှစ်စဉ် အဖွဲ့မှာ ရှိတဲ့ ရန်ပုံငွေအပေါ်မူတည်ပြီး အဲဒီ အထူးဆုကို အနည်းအများဆုံးဖြတ် ချီးမြင့်ခဲ့တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

ပြည်သူ့ဂုဏ်ရည်ပွဲကို နှစ်စဉ် မတူညီတဲ့မြို့တွေမှာ လှည့်လည် ကျင်းပနေတာမှာ နှစ်စဉ် အိမ်ရှင်အဖြစ် လက်ခံကျင်းပလိုတဲ့မြို့က အဆိုပြု တင်သွင်းရတာ ဖြစ်ပါတယ်။ လာမယ့်နှစ် ၂၀၁၉ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြင့်ပွဲ အခမ်းအနားကိုတော့ Arizona ပြည်နယ်မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲ Albany မှာ ကျင်းပ
please wait

No media source currently available

0:00 0:04:00 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG