သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွိုင်ကော်မြို့နယ်မှာ မြန်မာစစ်တပ်နဲ့ကရင်နီပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွါး ရွာသားထောင်ချီစစ်ရှောင်နေရ


ကရင်နီ ညွန်းပေါင်းအဖွဲ့က မြန်မာစစ်တပ်ထံမှ သိမ်းဆည်းရမိသော စစ်လက်နက်အသုံးအဆောင်များ (ဓာတ်ပုံ - Courtesy)
ကရင်နီ ညွန်းပေါင်းအဖွဲ့က မြန်မာစစ်တပ်ထံမှ သိမ်းဆည်းရမိသော စစ်လက်နက်အသုံးအဆောင်များ (ဓာတ်ပုံ - Courtesy)

(Zawgyi/Unicode)

ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှာ ကရင်နီပူးပေါင်းတပ်ဖွဲ့နဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ပွဲ ၂ ရက်ဆက် ဖြစ်ခဲ့တယ်လို့ KNDF ဘက်က ပြောပါတယ်။ တိုက်ပွဲကြောင့် ဒေသခံ ရွာသား (၅၀၀၀) ကျော် နေရပ်ကနေ တိမ်းရှောင် နေရပါတယ်။ ဒီအခြေအနေကိုဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ကယားပြည်နယ်လွိုင်ကော်မြို့နယ် တီးလုံကျေးရွာအုပ်စု၊ ကွန်နားကျေးရွာနဲ့ ဒေါတ‌‌‌ဟေးကျေးရွာဘက်မှာ သြဂုတ်လ (၂၈) ရက်နေ့နဲ (၂၉) စနေ၊ တနင်္ဂနွေနေ့ေတွေမှာ ကရင်နီအမျိုးသား ကာကွယ်ရေးအဖွဲ့ KNDF၊ ကရင်နီ တပ်မ တော် KA ပူးပေါင်း တပ်ဖွဲ့နဲ့ မြန်မာစစ်တပ်တို့တိုက်ပွဲဖြစ်ပွါးခဲ့တာပါ။

မနေ့ကသြဂုတ်လ (၂၉) ရက် ညနေ (၅) နာရီခန့် ဒေါတ‌‌‌ဟေးကျေးရွာအနီး ဖြစ်တဲ့တိုက်ပွဲမှာ မြန်မာစစ်တပ်ရဲ့ လက်နက်ငယ် (၃)လက်၊ ကျည်ဆံနဲ့ စစ်အသုံးအဆောင်ပစ္စည်းအချို့ကိုသိမ်းဆည်းရမိခဲ့တယ် လို့ ကရင်နီအမျိုး သားကာကွယ် ရေးအဖွဲ့ KNDFပြန်ကြားရေး တာဝန်ရှိသူတဦးကပြောပါတယ်။

“ ည(၅)နာရီလောက်မှာဖြစ်တာဗျ။ ကျွန်တော်တို့လက်နက်(၃)လက် ကျည်ဆံတချို့ကျွန်တော်တို့ရတယ်။ စစ်ကောင်စီ ဘက်ကနေကျွန်တော်တို့ရလိုက်တဲ့ပစ္စည်းတွေပါဗျ။ ဒေါတ‌‌‌ဟေးရွာ ငါးထပ်ကြီးကန်အနားမှာ လွိုင်ကော်မြို့နယ် လွိုင်လင်လေးပေါ့။ တီးလုံအုပ်စုပေါ့ဗျာ။”

ညပိုင်းမှာတော့ စစ်ကောင်စီဘက်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် အိမ်ခြေတချို့ပျက်စီးခဲ့ တယ်လို့ သူကဆက် ပြောပါတယ်။

“ မနေ့ညတုန်းက စစ်ကောင်စီကလက်နက်ကြီးတွေရမ်းသန်းပစ်လို့ ကျေးရွာ(၁၀)အိမ် (၁၀)လုံး(၁၁)လုံးလောက် ပျက်စီးသွားတာတွေ့ရတယ်။ လူထုတွေကတော့တိမ်းရှောင်ရောက်သွားပြီးပေါ့နော်။ ”

သြဂုတ်လ(၂၈)ရက်နေ့မှာလဲ လွိုင်ကော်မြို့နယ် ကွန်နားကျေးရွာ၊ နောင်လုံရေကန်အနီး မနက် (၈) နာရီမှာတစ်ကြိမ်၊ ဒေါတ‌‌‌ဟေးကျေးရွာအနီး နေ့လည်နဲ့ ညနေပိုင်းမှာ သုံးကြိမ် နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲအတွင်းစစ်ကောင်စီဘက်က ကျဆုံးမှုတွေရှိခဲ့ပြီး လက်နက် ခဲယမ်းအချို့ကို သိမ်းဆီးရရှိခဲ့တယ်လို့ KNDF ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

လွိုင်ကော်မြို့နယ်အတွင်း ဖြစ်ပွါးတဲ့တိုက်ပွဲအခြေအနေကိုသိရှိဖို့ စစ်ကောင်စီပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။

လွိုင်ကော်မြို့နယ်ထဲမှာ ခုလိုဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံရွာသား (၅၀၀၀) ကျော် စစ်ဘေးတိမ်းရှောင်နေရ တယ်လို့ ကရင်နီ လူ့အခွင့်အရေးဖွဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။

“ အခုကတော့ အဲဒီမှာစစ်ရှောင်တွေကတော့ ကျွန်တော်တို့ စစ်ရှောင်တော်တော်များများတောထဲရောက်ကုန်ပြီး။ အနည်း ဆုံး တော့(၅၀၀၀)ကျော်ကျော်လောက်မှာရှိပါတယ်။ ကျွန်တော်တို့က(၇)ရွာလို့တော့ပြောတယ်။ ဒါပေမဲ့(၇)ရွာ ထက် များနိုင်တယ်။ ဘာဖြစ်လဲဆို တိုက်ပွဲဖြစ်တဲ့နေရာက တီးလုံအုပ်စုရဲ့အလယ်ပိုင်းမှာကျတော့ အဲဒီဖက်မှာရွာတော် တော်ရှိတယ်။ အဓိကတိုက်ပွဲဖြစ်တာက အဲဒီ ဒေါတ‌‌‌ဟေး ကွန်နားနဲ့ ကွန်နားရှမ်းပိုင်းပေါ့။ ”

လက်ရှိကယားပြည်နယ်ထဲက လွိုင်ကော် ဒီးမော့ဆို၊ ဖရူဆို၊ ဘော်လခဲနဲ့ ရှမ်းပြည်နယ်ဖယ်ခုံမြို့နယ်မှာ ကရင်နီပူးပေါင်း တပ်ဖွဲ့နဲ့ မြန်မာစစ်တပ်တို့အကြား ဆက်တိုက်ဆိုသလို တိုက်ပွဲတွေဖြစ်ပွားနေတာပါ။ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေ ချိန်လည်းဖြစ်တာကြောင့် ဩဂုတ်လ ၂၄ ရက်နေ့ကစပြီး ကယားပြည်နယ် မြို့တော်လွိုင်ကော်မြို့မှာ ည(၈)နာရီမှ နံနက်(၄)နာရီအတွင်း ညမထွက်ရလို့ စစ်အုပ်ချုပ်ရေးကောင်စီက အမိန့်ကို ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မိုးဗြဲ၊ လွိုင်ကော်၊ ဒီမော့ဆို အစရှိတဲ့မြို့နယ်တွေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက်ဆန္ဒပွဲတွေအတွင်း စစ်တပ်ဘက်ကအကြမ်းဖက်ဖြိုခွင်းခဲ့တာကြောင့် ဒေသခံကာ ကွယ်ရေးတပ်ဖွဲ့တွေက ရရာလက်နက်စွဲကိုင်ပြီးတော့ စစ်ကောင်စီတပ်တွေအပေါ် မေလကစလို့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒေသခံ တသိန်းနီးပါးလောက် အိုးအိမ် စွန့်ပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

.............................................................................................



(Unicode)













XS
SM
MD
LG