သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီကို လက်လုပ်သေနတ်တွေနဲ့ ခုခံနေကြတဲ့ PDF တပ်ဖွဲ့ဝင်များ


လုပ်သေနက်များနဲ ့ခုခံနေကြတဲ့ PDF တပ်ဖွဲ့ဝင်တချို့(ဓာတ်ပုံ- AFP)
လုပ်သေနက်များနဲ ့ခုခံနေကြတဲ့ PDF တပ်ဖွဲ့ဝင်တချို့(ဓာတ်ပုံ- AFP)

(Zawgyi / Unicode)

တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်တဲ့ ဒေသတွေမှာ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ဖို့ လက်ဖြစ်သေနတ်တွေ ထုတ်လုပ်နေကြသလို မြန်မာနိုင်ငံ မြို့ကြီးတွေကနေ ထွက်ပြေးလာကြတဲ့ လူငယ်တွေကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက စစ်သင်တန်းပေးနေတာတွေလည်း ရှိနေပါတယ်။ ဒါပေမယ့်လည်း ဒီလက်ဖြစ်သေနတ်တွေဟာ တကယ့်တိုက်ပွဲကြီးတွေ ဖြစ်တဲ့အခါ ဘယ်လောက်အထိ အားထား တိုက်ခိုက်နိုင်သလဲဆိုတာ အေအက်ဖ်ပီ သတင်းဆောင်းပါးတပုဒ်ကို မခွာညို တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံအနှံ့ အထူးသဖြင့် မြို့ကြီးတွေမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်နေသူတွေကို အင်အားသုံးဖြိုခွဲရင်း လုံခြုံရေးတပ်ဖွဲ့တွေ လက်ချက်နဲ့ သေဆုံးကုန်ကြတာကြောင့် ဒေသခံတွေဟာ ကာကွယ်ရေးတပ်တွေ ဖွဲ့စည်းပြီး ပြန်လည်ခုခံ တိုက်ခိုက်လာကြပါတယ်။

ထိုင်းနိုင်ငံနဲ့ နယ်စပ် ကယားပြည်နယ်က တောထဲမှာ သေနတ်လုပ်တဲ့ အလုပ်ရုံလေးတခု ရှိနေပြီး သေနတ်လုပ်နေသူက ကျွမ်းကျင်ပညာရှင်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် သစ်သားကနေ သေနတ်ဒင်ဖြစ်အောင်ကိုရော သေနတ်ပြောင်း၊ သေနတ်မောင်း၊ ခလုတ် အားလုံး သေနတ်တလက် ဖြစ်လာတဲ့အထိ အဲဒီနေရာမှာပဲ လုပ်ပါတယ်။

လက်ဖြစ်သေနတ်တွေဟာ တိုက်ပွဲတွေမှာသုံးတဲ့ စံချိန်မီတွေတော့ မဟုတ်ပါဘူး။ လက်လုပ်သေနတ်နဲ့ တိုက်ပွဲဝင်ခဲ့သူ ကိုဂျွန်က အအေက်ဖ်ပီကို အခုလို ပြောပြပါတယ်။

“စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ခြိမ်းခြောက်တာလည်း ပါမှာပေါ့။ ပြန်ပစ်မယ်ဆိုတော့လည်း ကျနော့်လူတွေက ယမ်းထောင်းနဲ့ဆိုတော့ ရောက်လည်းမရောက်ဘူးလေ။ သူတို့က ပေ ၂၀၀ ကျော် ၃၀၀ လောက်ဝေးတယ်။ ပြန်ပစ်တော့လည်း လက်လုပ်သေနတ်တွေဆိုတော့ ကျည်မထွက်တဲ့အခါ မထွက်ဘူး။”

အခုလို ဒေသတွင်းမှာ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုးများလာနေပြီး မြို့တွေပေါ်မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကန့်ကွက် ဆန္ဒပြနေကြသူတွေကလည်း စစ်သင်တန်းတက်ဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရှိတဲ့ ဒေသတွေကို ရောက်လာနေကြပါတယ်။

ဒါပေမယ့်လည်း အရှေ့တောင်အာရှမှာ အကြမ်းရမ်းဆုံး၊ အရက်စက်ဆုံးဆိုတဲ့ စစ်တပ်ရှိရာ နိုင်ငံတွေထဲက တခုဖြစ်တဲ့ မြန်မာစစ်တပ်နဲ့ ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲတွေမှာ လက်နက်အင်အားအရ စစ်တပ်ကို မယှဉ်သာဘူး ဆိုတာလည်း ရရာလက်နက် စွဲကိုင် တိုက်ပွဲဝင်နေသူတွေက သိကြပါတယ်။

မကြာသေးခင်က တိုက်ပွဲတွေမှာ စစ်တပ်ဘက်က လက်နက်အရေအတွက်နဲ့ အရည်အသွေးတွေကြောင့် သူတို့ အရေးမလှခဲ့ရပုံကိုလည်း ကိုဂျွန်က အခုလို ပြောပြပါတယ်။

“ဒါကြောင့် လက်ဖြောင့်သေနတ်သမား ၂ ယောက်ကို အကူအညီ တောင်းရတယ်။ ၈ တောင့်ပစ်တယ်။ ၆ တောင့်ထိသွားတယ်။ အဲဒီတော့မှ သေနတ်သံတွေ တိတ်သွားတယ်။ တိတ်သွားပြီးတော့မှ တက်သိမ်းမယ်ဆိုပြီးတော့မှ ပြည်သူက လုပ်တဲ့အချိန်မှာ သူတို့က ဟယ်လီကော်ပတာတွေနဲ့ လာတယ်။”

မကြာသေးခင် ရက်ပိုင်းအတွင်း ကယားပြည်နယ်ထဲမှာ တိုက်ပွဲတွေ အရှိန်မြင့်လာနေပြီး စစ်တပ်ဘက်က ရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကြောင်း ဒေသခံတွေက စွပ်စွဲပြောဆိုထားပါတယ်။

စစ်တပ်ဘက်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ ရွာထဲထိ ကျလာနေတာကြောင့် ဒေသခံပြည်သူတွေဟာ လွန်ခဲ့တဲ့ သီတင်း ၂ ပတ်ကျော်ကတည်းက တောထဲ ထွက်ပြေးလာရပြီး ကျောက်ကမ်းပါးယံဘေးမှာ ဖြစ်သလို ရွက်ဖျင်တဲထိုးပြီး နေနေကြရပါတယ်။ သူတို့အတွက် ဆီ၊ ဆန်၊ ဆား စတဲ့ အမာခံရိက္ခာတွေ လိုအပ်နေပြီး ဟင်းစားအနေနဲ့ကတော့ ငှက်ပျောပင်နဲ့ ပိန္နဲသီးရှိရင် ရပါပြီလို့လည်း စစ်ဘေးရှောင် ပြည်သူတယောက်က အေအက်ဖ်ပီကို ပြောပြပါတယ်။

ကရင်ပြည်နယ်အတွင်း KNU ထိန်းချုပ်နယ်မြေမှာ စစ်သင်တန်းတက်နေတဲ့ လူငယ်တယောက်ကလည်း အခုလို ပြောပါတယ်။

“၁၉၆၂ ကနေ အခု ၂၀၂၁ အထိကို အာဏာရှင်ရဲ့ အမွေဆိုးကို နောက်မျိုးဆက်တွေကို လက်ဆင့်ကမ်းဖို့၊ အဲဒီအနေအထားကို ကျနော်တို့ အဖြစ်မခံနိုင်တော့ဘူး။ ကျနော်တို့မျိုးဆက်နဲ့ ကျနော်တို့နိုင်ငံကို ကောင်းစားစေချင်တယ်၊ တိုးတက်စေချင်တယ်။ ကမ္ဘာ့အလယ်မှာ နိမ့်ကျနေတဲ့ ကျနော်တို့နိုင်ငံဟာ ကျနော်တို့ အသုံးမကျလို့ မဟုတ်ပါဘူး။ အာဏာရှင်ရဲ့ စီမံခန့်ခွဲမှုညံ့လို့ ဖြစ်တာ။ ဒါကြောင့် စစ်အာဏာရှင်စနစ်ကို ကျနော်တို့က အမြစ်ပြတ်အောင် တွန်းလှန်မယ်။ အဲဒီအပေါ်မှာလည်း ကျနော်တို့က အရိုးကြေကြေ အရေခန်းခန်း တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။”

ဟိုတုန်းက သေနတ်သံဆိုတာ တခါမှ မကြားခဲ့ဘူးကြောင်းနဲ့ အခု ဒီသေနတ်သံနဲ့ အရမ်းကို ရင်းနှီးနေပြီ ဖြစ်ကြောင်းကိုလည်း သူက ပြောပါတယ်။ အဲဒီနောက် အရိုးကြေကြေ အရေခန်းခန်း အဆုံးထိ တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းလည်း သူက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ၂၀၂၀ ရွေးကောက်ပွဲ မဲလိမ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်တပ်က ထိန်းသိမ်း ဖယ်ရှားလိုက်ခဲ့ချိန်ကစလို့ မြန်မာပြည်တွင်း အခြေအနေတွေဟာ ပရမ်းပတာဖြစ်လာပြီး စီးပွားရေးလုပ်ငန်း အားလုံးလည်း တုံ့ဆိုင်း ရပ်တန့်ကုန်ပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------

(Unicode)

















XS
SM
MD
LG