သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွိုင်ကော်တိုက်ပွဲ၊ KNDF နဲ့ စစ်ကောင်စီ ပြောဆိုချက်ကွဲလွဲ


KNPP တပ်ဖွဲ့ဝင်တချို့ (ဓာတ်ပုံ - Kantarawaddy Times / AFP)
KNPP တပ်ဖွဲ့ဝင်တချို့ (ဓာတ်ပုံ - Kantarawaddy Times / AFP)

(Zawgyi/Unicode)

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်မှာ ကရင်နီပူးပေါင်းတပ်ဖွဲ့နဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ KNDF ဘက်ကပြောပါတယ်။ စစ်ကောင်စီကတော့ လွိုင်ကော်ဘက် တိုက်ပွဲဖြစ်ခဲ့တာမရှိဘူးလို့ ပြောပြီး ဒီးမော့ဆိုမြို့နယ်မှာ တပ်မတော်ပိုင် Mytel ဆက်သွယ်ရေးတာဝါတိုင် ဖျက်စီးခံရတယ်လို့ပြောပါတယ်။ ဒီအခြေအနေကို ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းဆွတ်ကျေးရွာဘက်မှာ စစ်ကြောင်းချီတက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက မနေ့က တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးအဖွဲ့ (KNDF) ပြန်ကြားရေး တာဝန်ရှိသူတဦးကပြောပါတယ်။
“ကျနော်တို့ ၇ နာရီ မိနစ် ၄၀ လောက်မှာပေါ့လေ။ KNDFနဲ့ KA ပူးပေါင်းပြီးတော့မှ စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီအဖွဲ့ကို သူတို့က မိုင်းခွဲတယ်။ မိနစ် ၃၀ ဝန်းကျင်ခန့်လောက် သူတို့ပစ်တာပေါ့လေ။ အဲဒီမှာေ တာ့ လွိုင်ကော်ရဲ့ကုန်းဆွတ်ကျေးရွာအနားမှာပေါ့။ သူတို့ဘက်တော့ ၇ ဦးကျပြီးတော့မှ ၁၀ ယောက်ကျော်လောက်တော့ ဒဏ်ရာရတာပေါ့လေ။ ကျနော်တို့ဘက်တော့ ပေါင်မှာ တယောက်ဒဏ်ရာရတယ်။”

မြန်မာစစ်တပ် တပ်မ ၅၅ က အင်အား ၁၀၀ ခန့်နဲ့ စစ်ကြောင်းချီတက်လာရာမှာ မနေ့ကမနက်ပိုင်းမှာ ကရင်နီ အမျိုးသားကာကွယ်ရေးအဖွဲ့ KNDFနဲ့ ကရင်နီတပ်မတော် KA ပူးပေါင်းအဖွဲ့တို့ကနေ မိုင်းခွဲ ခြုံခိုတိုက်ခိုက်ခဲ့တာပါ။ ဒီပစ်ခတ်တိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုတွေများတယ်လို့ ကရင်နီကာကွယ်ရေးအဖွဲ့က ပြောပေမဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ လွိုင်ကော်ဘက်မှ ာ တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ဒီးမော့ဆိုမြို့နယ်မှာ တပ်မတော်ပိုင် ဆက်သွယ်ရေးတာဝါတိုင် ဖျက်စီးခံရတဲ့ဖြစ်စဉ် ရှိခဲ့တယ်လို့ပြောပါတယ်။
“လွိုင်ကော်မှာမရှိဘူး မနေ့ကမရှိဘူး။ ၂၃ ရက်နေ့ကတော့ ကျနော်တို့ ဒီးမော့ဆိုး၊ ငွေတောင်ရွာမှာ တိုက်ပွဲတော့ မဟုတ်ဘူး Mytel တာဝါတိုင်ကို မိုင်းခွဲသွားတဲ့ဟာတွေ ရှိပါတယ်။ အဲဒီမှာတော့ တချို့စက်ပစ္စည်းတွေ ပျက်စီးသွားတာရှိတယ်။ ဒါပေမဲ့ဆက်သွယ်မှုတော့ပြန်ရနေပါပြီ။”

ကယားပြည်နယ်ဘက်မှာ ကရင်နီကာကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပြီးဖြစ်သလို လက်ရှိ ကရင်နီပြည်နယ် ရဲတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပြးလို့ KNDF ပြန်ကြားရေးတာဝန်ရှိသူတဦးကပြောပါတယ်။

“ကျနော်တို့ပြည်နယ်ကတော့ နှစ်ခုရှိတယ်လေ။ တဘက်ကတော့ ကာကွယ်ရေးတပ်လို့ကျနော်တို့ပြောတဲ့ KNDF ကရင်နီအမျိုးသားကာကွယ်ရေးတပ်ကို ဒါကတော့ကျွန်တော်တို့လွန်ခဲ့တဲ့ နှစ်လက ဖွဲ့စည်းခဲ့ပြီးတဲ့နောက် အခု ဆိုလို့ရှိရင် တိုက်ပွဲဝင်နေတဲ့တပ်ဖွဲ့တွေပေါ့။ တဘက်မှာက ပြည်သူ့ရဲ့လုံခြုံရေးတွေ ဘာတွေယူပေးနိုင်ဖို့အတွက်ကျ တော့ ကျနော်တို့ KSCC ပေါ့လေ၊ ကရင်နီပြည်အတိုင်ပင်ခံကောင်စီရဲ့ လမ်းညွှန်မှုအောက်လို့လည်း ကျနော်တို့ပြောလို့ရသလို Karenni State Police ပေါ့လေ။ KSP ပေါ့။ အဲတာကို ကျနော်တို့ မနေ့တနေ့ကမှဖွဲ့စည်းလိုက်တယ်။ အရင်တုန်းက ကျနော်တို့ ဒီ သပိတ်ကာလ အရေးခင်းဖြစ်ပွါးတဲ့အချိန်မှာက CDM ထွက်သွားတဲ့ ရဲတွေပေါ့လေ။ ကျနော်တို့ကရင်နီနယ်မှာ CDM လုပ်သွားတဲ့ ရဲဦးရေက ၃၀၀ နဲ့ အထက်မှာရှိတယ်။ အဲဒီအဖွဲ့တွေကို ကျနော်တို့ သင်တန်းတွေဘာတွေ ပေးဖြစ်တာရှိတယ်။ တက်လာတဲ့ပြည်နယ်ရဲတွေကို ပြန်စုပြီးတော့မှ ဖွဲ့စည်းဖြစ်လိုက်ပါတယ်။”

အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းတွေအတွက် CDM လုပ်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို သင်တန်းပေးပြီး ဖွဲ့စည်းခဲ့တယ်လို့ဆိုပါတယ်။
ကရင်နီပြည်နယ် ရဲတပ်ဖွဲ့ကို ဖွဲ့စည်းကြောင်း ကရင်နီပြည် အတိုင်ပင်ခံကောင်စီ KSCC ရဲ့ မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ချက်ကို ကရင်နီပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

လက်ရှိ ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘော်လခဲနဲ့ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်မှာ ကရင်နီပူးပေါင်းတပ်ဖွဲ့နဲ့ မြန်မာစစ်တပ်တို့အကြား ဆက်တိုက်ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွါးနေပါတယ်။

ကယားပြည်နယ်မြို့တော် လွိုင်ကော်မြို့မှာ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ကနေ ဩဂုတ်လ ၂၄ ရက်နေ့ကစပြီး ည ၈ နာရီက နံနက်(၄)နာရီအတွင်း ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားပါတယ်။

..........................................................................................

တိုက်ရိုက် လင့်ခ်












XS
SM
MD
LG