သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းသင့် စစ်ကိုင်းတိုင်းမှာ တိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေတိမ်းရှောင်


(ယခင်ပုံဟောင်း) ယင်းမာပင် မြို့နယ် ကုန်းကျေးရွာ မီးရှို့ခံရ (မတ်လ ၁ ရက်၊ ၂၀၂၃)
(ယခင်ပုံဟောင်း) ယင်းမာပင် မြို့နယ် ကုန်းကျေးရွာ မီးရှို့ခံရ (မတ်လ ၁ ရက်၊ ၂၀၂၃)

မိုခါမုန်တိုင်းသင့် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီက ဒီကနေ့ လေကြောင်းကနေ တိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပုလဲမြို့နယ်မှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေက တိုက်ခိုက်ခဲ့တာပါ။ စစ်ရေးပဋိပက္ခတွေ ကြုံနေရတဲ့ စစ်ကိုင်းတိုင်းအတွင်းက နောက်ဆုံး အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ချက်ကို အခြေခံပြီး မမြသဇင်အောင် ပြောပြပေးပါမယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကပိုင်ကျေးရွာကို ဒီကနေ့မွန်းလွဲပိုင်းမှာ စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ ဝင်ရောက် ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောကြတာပါ။ မကြာသေးခင်က မိုခါမုန်တိုင်းကြောင့် ပျက်စီးမှုတွေကို ပြင်ဆင်နေတဲ့ ဒေသခံတွေရှိရာ နေရာကို ပစ်ခတ်ခံခဲ့ရတာလို့လည်း ဒေသခံ မြောက်ယမား ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကိုခန့်က ပြောပါတယ်။

“နေ့လည်တုန်းက ၂ နာရီကျော်ကျော်လောက်မှာပေါ့နော်။ ရန်သူ့စစ်ကောင်စီက Mi35 ၂ စီးနဲ့ ကျွန်တော်တို့ ယင်းမာပင်မြို့နယ် ကပိုင် ကျေးရွာကို ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်ခဲ့တယ်ပေါ့နော်။ အဲ့ဒီမှာ ချင်းကာကွယ်ရေး အဖွဲ့တွေ ရောက်နေတယ်ဆိုတဲ့ ကောလဟာလသတင်းကြောင့် ဝင်ရောက်ပြီး စစ်ကောင်စီဘက်က လုပ်တယ်လို့ပဲ ကျွန်တော်တို့ မှတ်ချက်ပြုတာပေါ့။ အဲ့မှာ ကျွန်တော်တို့ မိုခါမုန်တိုင်းကြောင့် ကျေးရွာအနီးက ပျက်စီးသွားတဲ့နေရာလေးကို ရွာသူ ရွာသားတွေက စုပေါင်းပြီးတော့ ဝိုင်းဝန်းပြီးတော့ ပြင်နေကြတာပေါ့နော်။ ပြင်နေတဲ့အချိန်မှာ လူစုလူဝေး ဖြစ်ခဲ့တဲ့ပုံစံမျိုးရှိခဲ့ပါတယ်။ အဲ့တော့ အဲ့နေရာလေးကို ရန်သူ့စစ်ကောင်စီက ချင်းကာကွယ်ရေးအဖွဲ့တွေ စုနေတယ်အထင်နဲ့ သူတို့အနေနဲ့ ဒီနေရာကို ဝင်ရောက်ပြီးဗုံးကြဲတယ်လို့ပဲ ပြောလို့ရပါတယ်။ ဒီဟာနဲ့ပတ်သက်လို့ ထိခိုက်မှုတွေရှိတယ် ကျဆုံးမှုတွေရှိတယ်လို့ သတင်းရထားတာရှိတယ် ဒါနဲ့ပတ်သက်လို့တော့ အတည်ပြုလို့မရသေးဘူး။ နောက်တခု အဲ့နားက ပတ်ချာလည်က တဲတွေကိုလည်း ရန်သူ့စစ်ကောင်စီက စက်သေနတ်တွေနဲ့ရမ်းသွားတယ်။ ပစ်ခတ်သွားတယ်လို့လည်း သတင်းရထားတယ်။”

တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ထိခိုက်မှု အခြေအနေကို မသိရသလို၊ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဖက်က လတ်တလော သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။ တိုက်ခိုက်မှုကြောင့် လုံခြုံရေးစိုးရိမ်တဲ့ ရွာသားတွေ ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ရေးတင်းမာနေတဲ့ စစ်ကိုင်းတိုင်းထဲက ပုလဲမြို့နယ်မှာဆိုရင်လည်း ကင်းလှည့်နေတဲ့ စစ်ကောင်စီ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့လည်း ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင် တဦးက ပြောပါတယ်။

“မနက်က ကျွန်တော်တို့ ၉ နာရီခွဲဝန်းကျင်မှာ ပုလဲမြို့က စကစ ကင်းလှည့်တဲ့ ကင်းပတ်လှည့်လာချိန်မှာ တိုက်နယ်အဖွဲ့ အမှတ် (၇) နဲ့ မုဆိုးလေးအဖွဲ့နဲ့ M7 အဖွဲ့တို့က ပူးပေါင်းမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ ပုလဲမြို့ရဲ့ အနောက်မြောက်ထောင့် သင်္ချိုင်းကုန်းထဲလာတဲ့အချိန် ကင်းပတ်တဲ့အချိန် ဆွဲလိုက်တာ။ ပူးပေါင်းမိုင်းဆွဲတိုက်ခိုက်တာ ဒီကောင်တွေဘက်က ၂ ယောက် သေပြီး ဒဏ်ရာ အပြင်းအထန်ရရှိပြီး အကုန်လုံး အန်စာတုံးကားတွေနဲ့ ပြန်သယ်သွားတယ်လို့ သတင်းရတယ်။”

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေကျေမှု အသေးစိတ်ကိုတော့ ဗွီအိုအေက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ စစ်ရေးတင်းမာမှုတွေအပြင် မကြာသေးခင်က ဆိုင်ကလုန်းမိုခါကြောင့် အခုတိုက်ခိုက်ခံခဲ့ရတဲ့ ယင်းမာပင်မြို့နယ်အပြင် စစ်ကိုင်းတိုင်းထဲက ဆားလင်းကြီး၊ ပုလဲ စတဲ့ မြို့နယ်တွေမှာ မိုးများပြီး ရေကြီးခဲ့ရာက၊ လမ်းတံတားတွေ ပျက်ဆီးခဲ့ရသလို စိုက်ခင်းတွေလည်း ဆုံးရှုံးခဲ့ရပြီး အိမ်မွေးတိရစ္ဆာန်တွေ ရေနဲ့အတူ မျောပါသွားတာတွေလည်းရှိခဲ့တာပါ။ စစ်ရေးတင်းမာမှုတွေ ပေါ်ပေါက်နေတဲ့ ဒေသတွေမှာ မုန်တိုင်းကြောင့် ဒေသခံတွေ နောက်ထပ် အခက်အခဲတွေ ရင်ဆိုင်နေရပြီး အကူအညီ အထောက်အပံ့တွေ အရေးတကြီး လိုအပ်နေတယ်လို့လည်း မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ အဖွဲ့အစည်းတွေက သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG