အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမယ့်ဥပဒေကို စစ်ကောင်စီက စတင်အကောင်အထည်ဖော်နေရာမှာ အမျိုးသမီးတွေအပါအဝင် လူငယ်တွေကို စာရင်းကောက်ယူနေတာကြောင့် ပြည်သူတွေကြားမှာ စိုးရိမ်နေကြပါတယ်။ စစ်မှုထမ်းဥပဒေ၊ နောက်ဆက်တွဲ နည်းဥပဒေတွေထုတ်ပြန်ပြီး အကောင်အထည် ဖော်နေတဲ့အပေါ်မှာလည်း ဥပဒေပညာရှင်တွေ မေးခွန်းထုတ်နေကြတာပါ။ စစ်ကောင်စီရဲ့စစ်မှုထမ်း ဥပဒေ နောက်ဆုံးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
အခန်း ၁၀ ခန်း၊ ပုဒ်မ ၅၉ ခု ၊ နောက်ဆက်တွဲပုံစံ ၁၂ ခုနဲ့ ဖော်ပြထားတဲ့ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ ၂၀၂၅ ကို စစ်ကောင်စီက ပြီးခဲ့တဲ့ရက်ပိုင်းမှာ တရားဝင်ထုတ်ပြန်လိုက်ပါတယ်။ စစ်မှုထမ်းဖို့ဆင့်ခေါ်တဲ့ အမိန့်စာ ရရှိသူဟာ ဗဟိုအဖွဲ့ရဲ့ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့်မရှိစေရလို့ ပြဋ္ဌာန်းထားတာ၊ ရပ်/ကျေး ဥက္ကဋ္ဌတွေကို လုပ်ပိုင်ခွင့်ပေးထားတာ၊ ရပ်/ကျေး ဥက္ကဋ္ဌတွေဟာ စစ်မှုထမ်းဖို့ အသက်ပြည့်သူတွေရဲ့စာရင်းကို မြေပြင်ကွင်းဆင်းကောက်ယူ ပြုစုပြီး နှစ်စဥ်သတ်မှတ်ရက်မှာ မြို့နယ်အဖွဲ့ကို စာရင်း တင်ပြရမယ်ဆိုတာတွေ ပါဝင်လာပါတယ်။ နောက်ပြီး စစ်မှုထမ်းဖို့ ကိုယ်တိုင်ဆန္ဒပြုသူ အရေအတွက်မပြည့်ဘူးဆိုရင် မြို့နယ်အဖွဲ့ ဟာ မဲနှိုက်ရွေးချယ်တဲ့နည်းလမ်း ဒါမှမဟုတ် ဗဟိုက သတ်မှတ်တဲ့နည်းလမ်းနဲ့ ရွေးချယ်ရမှာတွေ ထည့်သွင်းထားပါတယ်။ မိသားစုအတွင်း စစ်မှုထမ်းဖို့ အကျုံးဝင် အသက်အရေအတွက်တဦးထက်ပိုရင် ကျန်သူတွေကလည်း အလှည့်ကျတာဝန်ဆက်ထမ်းရမှာတွေလည်း ပါလာပါတယ်။
ဒီအချက်တွေကြောင့် မြို့ရွာ၊ နယ်ဒေသတွေမှာ စစ်မှုထမ်းဖို့ အတင်းအကျပ်လုပ်ဆောင်တဲ့ ဖိအားတွေ ရှိလာနေတယ်လို့ ရေဦးမြို့ခံတယောက်က ပြောပါတယ်။ သူတို့မြို့မှာ စစ်မှုထမ်းဖို့ အတင်းစုဆောင်းနေ တဲ့အတွက် ဒေသခံတွေ ရှောင်တိမ်းနေရတယ်လို့ ပြောပါတယ်။
“ညကျလိုက်ဆွဲတာပေါ့။ ညကိုရဲနဲ့ ကျနော်တို့ပြည်သူအင်အားလေးနဲ့ပေါင်းပြီးတော့ လိုက်ဆွဲတာပေါ့၊ ညတိုင်ကျရင်။
...သူတို့ကို လုံခြုံရေးနဲ့ တိုက်ခန်းထဲကို သူတို့ကိုအလုံပိတ်ထားတာပေါ့။ ၁၅ ရက်လောက်တော့ရှိပြီဗျ။ တချို့ စစ်မှုမထမ်းချင်တဲ့သူတွေကတော့ ပိုက်ဆံသုံးသိန်းကိုလာဘ်ထိုးပြီးတော့ ဖြေရှင်းကြတာပေါ့။ ယောက်ကျားလေးတွေမှမဟုတ်ဘူး၊ မိန်းကလေးတွေလည်း အဲဒီအတိုင်းပဲ။ လူငယ်အတော်များများကတော့ နယ်ဘက်ကိုထွက်ခဲ့ကြပြီဗျ။”
ဒီလိုအတင်းအကျပ်စစ်သားစုဆောင်းမှုတွေနဲ့ပတ်သက်လို့ သက်ဆိုင်ရာကျေးရွာမြို့နယ် တာဝန်ရှိသူတွေကို ဗွီအိုအေက အကြိမ်ကြိမ်ဆက်သွယ်ဖို့လုပ်ပေမယ့် ပြန်လည်ဖြေဆိုတာမျိုး မရှိခဲ့ပါဘူး။
လက်ရှိထုတ်ပြန်တဲ့ အဲဒီ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ ၂၀၂၅ မှာ နိုင်ငံတဝန်းလုံး ဒါမှမဟုတ် ဒေသအချို့ မှာ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် အရေးပေါ် အခြေအနေပေါ်ပေါက်ရင် စစ်မှုထမ်းဖို့ အရွယ်ရောက်သူ အားလုံးက စစ်မှုထမ်းဆောင်ရမယ်လို့ လည်းပါပါတယ်။ စစ်မှုထမ်းဖို့ အသက် သတ်မှတ်ချက် အကျုံးဝင်သူ တိုင်း စစ်မှုထမ်းရမှာဖြစ်သလို စစ်မှုထမ်းပြီးသူများ လည်း လိုအပ်ရင်ထပ်ပြီး စစ်မှုထမ်းရမယ် ဆိုတာမျိုးလည်းပါဝင်နေပါတယ်။
ဧရာဝတီတိုင်းဘက်မှာတော့ အမျိုးသမီးတွေကိုပါစာရင်းကောက်ယူမှုတွေရှိနေတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံ အမျိုးသမီးကပြောပါတယ်။ သတ်မှတ်ထားတဲ့စစ်မှုထမ်းဦးရေ မရတာတွေရှိနေတာမို့ ရပ်ကျေး ဥက္ကဋ္ဌတွေနေရာမှာ စစ်ကောင်စီက သီးသန့်ခန့်အပ်ထားတဲ့သူတွေ ဝင်ရောက်ပြီး စစ်သားစုဆောင်းရေးအတွက် လုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့လည်း ပြောပါတယ်။ အခုအချိန်အထိတော့ နာမည်စာရင်းပေးထားရပေမယ့် ဘယ်တော့ခေါ်မယ်ဆိုတာ အတိအကျမသိတဲ့အကြောင်း အဲဒီအမျိုးသမီးကပြောပါတယ်။
နာမည်စာရင်းကောက်ထားခံရသူတွေအနေနဲ့ ခရီးသွားတာကအစ သက်ဆိုင်ရာကို အသိပေးခဲ့ရတာမျိုးတွေ လုပ်ရသလို အုပ်ထိန်းသူတွေက စစ်မှုထမ်းရမယ့်သူရှိကြောင်း လက်မှတ်ထိုးထားရတယ်လို့ ပြောပါတယ်။
အလုပ်သမားအများစုနေထိုင်တဲ့ လှိုင်သာယာဘက်အခြေအနေကို ဒေသခံတယောက်က အခုလို ပြောပါတယ်။
“သူတို့ကို ရုံးကအစည်းအဝေးခေါ်တယ်လေ။ (စစ်မှု) မထမ်းချင်ရင်တော့ တလတသောင်းခွဲတော့ ပေးရမယ် တဲ့။ သူတို့က လူစားထည့်ပေးတာပါတဲ့၊ စရိတ်ပေးရတယ်။ လမကုန်သေးဘူး၊ လာယူတာ။ လကုန်ပြီဆိုတာနဲ့ လာယူတာ။ ငါးလလောက်ရှိပြီနဲ့တူတယ်။ ဆယ်အိမ်မှူးလာကောက်တာ၊ ကိုယ်မှမမြင်ရတာညီမလေးရယ်။ ကောက်သွားတော့လည်း ပေးလိုက်တာပေါ့၊ သူတို့ကပြောတာတော့ သူတို့အပြောပေါ့။ ဒီလဘယ်လောက်ပို့ ရမယ်ဆို သူတို့က အဲဒီလူကိုပိုက်ဆံနဲ့ဝယ်ရတာပေါ့။ အဲလိုမျိုးပြောတာပဲ။”
ရွှေပြည်သာဘက်မှာတော့ စစ်မှုထမ်းဖို့သိမ်းသွင်းခံရတာတွေ၊ မထမ်းချင်ဘူးဆိုရင် ငွေပေးရတာတွေရှိပြီး ရပ်ကျေးတာဝန်ရှိသူတွေ တွေက စစ်မှုထမ်းဖို့ ရှောင်ရှားနိုင်အောင် တလတခါ စီစဉ်ပေးတာတွေ လည်းရှိတယ်လို့ ဒေသခံတဦးကပြောပါတယ်။
“အလှည့်ကျပေါ့နော်၊ ၁ ကနေ ၁၆ ရပ်ကွက်ရှိရင် ၁ က ဒီတလပေးရမယ်ဆိုရင် ၂ ရပ်ကွက်က ဒီတလ ၂ ယောက် ပေးရမယ်ဆိုရင် ၁၆ ရပ်ကွက်ပြည့်တော့မှ နောက်တခါ နောက်နှစ်ယောက်လာကောက်တယ်။ သိမ်းသွင်းထား တာပေါ့နော်။ မင်းတို့ဝင်မှာလား-ဝင်ရင် မင်းတို့ကို နှစ်သိန်းပေးမယ်၊ နောက်ပြီးတော့ မင်းတို့ကို လွှတ်ပေးနိုင် လိမ့်မယ်၊ အဲလိုမျိုး အုပ်ကြီးတွေရော ကြိုတင်ပြင်ဆင်ထားကြတာ။ ဆေးချတဲ့ကောင်တွေကို လမ်းမှာ တွေ့လို့မိရင် ‘မင်းတို့စစ်တပ်ထဲဝင်မလား’ အဲလိုမျိုး၊ စစ်တပ်ထဲမဝင်ရင် မင်းတို့ထောင်ကျမယ်။ ဝင်မယ်ဆိုရင် မင်းတို့ ပိုက်ဆံ တသိန်းရမယ်၊ နှစ်သိန်းရမယ်။ မင်းတို့အိမ်တွေကို တလတသိန်းပေးမှာတို့ ဘာတို့ ပေါ့နော်။ မပေးလည်းပေးမယ်ပေါ့၊ အဲလိုသဘောနဲ့ ထောင်ကျခံမလား၊ မင်းတို့မိဘတွေစိတ်ညစ်ခံမလား။ မိဘတွေခေါ်ပြီးတော့ စစ်တပ်ထဲဝင်မယ်။ အဲဒီလိုလုပ်တယ်။ တလကို အဲဒီလို...၂ ယောက်ပေးလိုက်လို့ရှိရင် ပိုက်ဆံပေးစရာမလိုဘူး။ နှစ်ယောက်မပေးရင်တော့ ပိုက်ဆံ ဘယ်လောက်၊ ဘယ်လောက်ဆိုတာ - အုပ်ကြီးတွေကို ရွှေပြည်သာကိုကိုင်တဲ့ ဗျူဟာမှူးတွေက တောင်းတယ်။ လူမပေးနိုင်ဘူးလား။ လူမပေးနိုင်ရင် ပိုက်ဆံပေး။ အလှည့်ကျလို့ လူမပေးနိုင်ရင် ပိုက်ဆံပေး။ ပိုက်ဆံကတော့ ဆယ်ဂဏန်းလောက်ရှိတယ်၊ ၂၀ တို့၊ ၁၀ တို့၊ ရန်ပုံငွေကကျတော့ နှစ်လုံးထီသမားတွေ၊ ဆိုင်တွေ လုပ်ငန်းရှင်တွေ- အဲဒီကနေ တလတခါ ကောက်တယ်။ ကောက်ပြီးတော့ ရန်ပုံငွေအတွက်ကို အဲဒီကနေ စုတာ။”
ဥပဒေပါအခန်း ၅ အရ စစ်မှုထမ်းခြင်း မှ ကင်းလွတ်ခွင့်/ ကာလလျှော့ပေါ့ခွင့် / ကာလရွှေ့ဆိုင်းခွင့်တွေ လျှောက်ထားနိုင်တယ်လို့ ဖော်ပြထားပေမဲ့ ဗဟိုအဆင့်အထိ အဆင့်လိုက် စိစစ်မယ်လို့ ဖော်ပြထားပြီး ဘယ်လိုအချက်ရှိရင် လျော့ပေါ့ခွင့်ကာလရွှေ့ဆိုင်းခွင့်ရမလဲဆိုတာကို တိတိပပ သေချာဖော်ပြထားတာ မရှိပါဘူး။ စစ်မှုထမ်းဖို့ဆင့်ခေါ်တဲ့ အမိန့်စာရရှိသူဟာ ဗဟိုအဖွဲ့ရဲ့ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံတွေကို ထွက် ခွာခွင့်မရှိစေရလို့ ပြဋ္ဌာန်းထားတာကြောင့်လည်း ပြည်ပကို ခရီးသွားအလုပ်လုပ်မယ့် လူငယ်တွေအပေါ် သက်ရောက်မှုတွေရှိလာတယ်ဆိုပြီး စိုးရိမ်နေကြပါတယ်။ လေဆိပ်ကနေ တရားဝင်ထွက်ခွာခွင့်ရနိုင်ဖို့ တရားမဝင်နည်းလမ်းနဲ့ ပေးဆောင်ရမှာတွေပိုများလာနိုင်တယ်လို့ လည်း တချို့က သုံးသပ်ပါတယ်။
ဒီလိုတရားမဝင်နည်းတွေနဲ့ အဂတိလိုက်စားမှုတွေရှိလာနိုင်ပေမယ့် ဥပဒေမှာအဂတိလိုက်စားမှုကို ထိထိ ရောက်ရာက် တိုင်ကြားနိုင်တာမျိုး၊ အဂတိလိုက်စား မှုလုပ်သူကို အရေးယူနိုင်အောင် လုပ်တာမျိုးတွေ မပါဝင်ပါဘူး။ တိုင်ကြားနိုင်တယ်၊ အရေးယူနိုင်တယ်လို့ ဖော်ပြထားပေမယ့် တိုင်ကြားခံရသူဟာ သဘောရိုးနဲ့လုပ်ဆောင်တာဖြစ်ရင် အပြစ်ပေးမခံရဘူးလို့ ဥပဒေမှာထည့်သွင်းထား ပြန်ပါတယ်။ ဒါကြောင့်လည်း ဒီဥပဒေဟာ အဂတိလိုက်စားခွင့်ပေးထားတဲ့ဥပဒေတခုဖြစ်တယ်ဆိုပြီး ဥပဒေပညာရှင် ဦးကြီးမြင့်က ဝေဖန်ပါတယ်။
“ကင်းလွတ်ခွင့်တွေ၊ တားမြစ်ချက်တွေမှာ ဘယ်ဟာတွေ ကင်းလွတ်ပေးရမယ်ဆိုတဲ့နေရာမှာလည်း တိတိကျကျ ပြဌာန်းမပေးထားဘူး။ နောင်မှ အခါအားလျော်စွာပြဌာန်းမယ်တဲ့။ ဘယ်လိုဟာမျိုးတွေကို ကင်းလွတ်ခွင့် ပေးမယ်ဆိုတာ အခုမပြောဘူးတဲ့၊ ဒီဥပဒေက ဘာမှသုံးလို့မရတော့ဘူး။ ဥပဒေလို့တောင် ပြောလို့မရဘူးပေါ့။ နောက်တခုက ဘာလဲဆိုတော့ ဒီဥပဒေမှာ အားပေးကူညီသူကို အရေးယူမယ်ဆိုတာ ပါလာတယ်။ နည်း ဥပဒေ သစ်မှာနော်။ ကောင်ကလေးက ထွက်ပြေးတယ်၊ သို့မဟုတ် မရှိဘူးဆိုရင် အားပေးကူညီတယ် အကြောင်းပြ ပြီးတော့ သူ့မိဘ - သို့မဟုတ် အဲဒီမှာ အိမ်ထောင်ဦးစီးလုပ်နေတဲ့ဘယ်သူရှိလဲ၊ သူ့အမေလား၊ အဖေလား၊ အဲဒါအရေးယူမယ်ဆိုတဲ့သဘောမျိုးတွေ ပါလာတယ်။ နောက်တခုက ဘာလဲဆိုလို့ရှိရင် ဗဟိုအဖွဲ့က သတ်မှတ်ထားတဲ့နည်းလမ်းတွေနဲ့စုဆောင်းရမယ်ဆိုတော့ ဗဟိုအဖွဲ့က သတ်မှတ်ထားတဲ့နည်းလမ်းအတိုင်း ဆိုတာက ဘာတွေမှန်းလည်းမသိဘူး။ ပြည်သူကိုအသိမပေးဘူး။ ပင်မဥပဒေ...မှာလည်းမပါဘူး။ အဲဒီတော့ သူတို့က ဘယ်လိုဖောက်ဖျက်တယ်ဆိုတာလည်း ဘယ်လိုမှမသိဘူး။ တော်တော်ဆိုးဆိုးဝါးဝါးမျိုးပဲ။ မြို့နယ် အဆင့်၊ ဗဟိုအဆင့်တွေကိုတက်ပြီးလာဘ်ထိုးရမလိုဖြစ်နေတယ်။ ဥပဒေဆိုသည်မှာ တရားမျှတရမယ်။ တရားမမျှတဘူးဆိုရင် အဲဒါ ဥပဒေမဟုတ်တော့ဘူး။”
စစ်မှုထမ်း ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရကို အကြိမ်ကြိမ် ဆက်သွယ်ပေမယ့် တုံ့ပြန်ဖြေဆိုတာ မရှိပါဘူး။
မြန်မာနိုင်ငံမှာ စစ်မှုထမ်းရန် အကျုံးဝင်သူ အမျိုးသား ၆.၃ သန်း၊ အမျိုးသမီး ၇.၇ သန်း စုစုပေါင်း ၁၄ သန်းနီးပါး ရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန် ထားပါတယ်။ စစ်မှုထမ်းရမယ့် အသက်အပိုင်းအခြားကို သာမန်အရပ်သား အမျိုး သားတွေမှာ ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း နဲ့ အမျိုးသမီးတွေမှာ ၁၈ နှစ်က ၂၇ နှစ်အတွင်းဖြစ်ပြီး ဆရာဝန်၊ အင်ဂျင်နီယာလို အတတ်ပညာရှင်တွေ ဆိုရင် အမျိုးသားဖြစ်ပါက အသက် ၁၈ မှ ၄၅ နှစ်၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၅ နှစ် ဆိုပြီး စစ်မှုထမ်းသက်ကို သတ်မှတ်ထားပါတယ်။
Forum