သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AA ရက္ခိုင့်တပ်မတော်တောင်းဆိုထားတဲ့ Confederate မူအပေါ်သုံးသပ်ချက်


မှတ်တမ်းဓာတ်ပုံ။ ဝပြည်သွေးစည်းညီညွတ်ရေး အဖွဲ့ ဌာနချုပ် ပန်ဆန်းမှာ ၂၀၁၅ ခုနှစ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေ စည်းဝေးခဲ့ကြစဉ်။
မှတ်တမ်းဓာတ်ပုံ။ ဝပြည်သွေးစည်းညီညွတ်ရေး အဖွဲ့ ဌာနချုပ် ပန်ဆန်းမှာ ၂၀၁၅ ခုနှစ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေ စည်းဝေးခဲ့ကြစဉ်။

AA ရက္ခိုင့်တပ်မတော် အပါအဝင် မြန်မာနိုင်ငံ မြောက်ပိုင်း အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ကိုင်စွဲတောင်းဆိုနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အာဏာခွဲဝေမှု မြင့်မားတဲ့ Confederate ကွန်ဖက်ဒရိတ် ဆိုတဲ့မူဟာ လက်ရှိ မြန်မာအစိုးရနဲ့ တပ်မတော်တို့ သွားနေတဲ့ ဖယ်ဒရယ် ပြည်ထောင်စု မူနဲ့ ဘယ်လိုကွာခြားချက်တွေ ရှိသလဲ။

ဘာကြောင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဘက်က UWSA ဝပြည်သွေး စည်းညီညွတ်ရေးတပ်မတော်က ၀ ဒေသမှာ ရရှိထားတဲ့ ကွန်ဖက်ဒရိတ်အဆင့်မျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့် လိုချင်တာပါလဲ။ တိုင်းရင်းသားရေးရာ ကျွမ်းကျင်သူ အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယား ပြည်နယ်က ရှမ်းစာပေနဲ့ ယဉ်ကျေးမှုကော်မတီ ဥက္ကဌ ဒေါက်တာစိုင်းထွေးမောင်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

လက်ရှိ ၀ ဒေသမှာရှိနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် စနစ်ပုံစံနဲ့ ပတ်သက်လို့ ဒေါက်တာစိုင်းထွေးမောင်က အခုလို စပြောပါတယ်။

“အခု ၀ ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်နယ်မြေဟာ တကယ်ပဲ အားလုံးကို သူတို့ကိုယ်ပိုင် လုပ်နေတယ်။ တရားဥပဒေစီရင်ရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး အားလုံး သူတို့ကိုယ်ပိုင် လွတ်လပ်စွာလုပ်နေတယ်။ ဘာသာစကားလည်း သူတို့ သုံးချင်ရာသုံးတယ်။ သူတို့ငွေလည်း သူတို့ သုံးချင်ရာသုံးတယ်။ ကိုယ်ပိုင်လွတ်လပ်စွာ ဆုံးဖြတ်တယ်။ တရားစီရင်ရေးတောင်မှ သေဒဏ်အထိ ပေးနိုင်တဲ့ တရားစီရင်ရေးအထိ သူတို့ရှိတယ်။ ဆိုတဲ့ ၀ ရဲ့ Confederation ဟာ လုံးဝလွတ်လပ်တဲ့ နိုင်ငံတနိုင်ငံလိုပဲ သူတို့က အုပ်စိုးနေတာရှိတယ်။ အဲတော့ AA ကလည်း ၀ ရဲ့ လွတ်လပ်တဲ့ အုပ်ချုပ်မှု ပုံစံကို သူတို့က လိုချင်တယ်။ နောက်ပြီး FPNCC ကနေပြီးတော့ သူတို့တင်ထားတဲ့ NCA လမ်းကြောင်း ပြင်ပကနေ ဆွေးနွေးမယ်ဆိုတဲ့ အချက်ထဲမှာ အဲဒီ Confederation system ကိုသူတို့ ထည့်ထားတယ်။”

AA အဖွဲ့ပါဝင်တဲ့ FPNCC မြောက်ပိုင်းလက်နက်ကိုင် မဟာမိတ်အဖွဲ့တွေ အရင်ကတည်းက ထုတ်ပြန်ထားတဲ့ သူတို့လိုလားတဲ့ ကွန်ဖက်ဒရိတ်စနစ် မူကြမ်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် သမ္မတအရည်အချင်းသတ်မှတ်မှု၊ လွှတ်တော်အမတ် နေရာခွဲဝေမှု၊ တိုင်းရင်းသာပြည်နယ်တွေမှာ တိုင်းရင်းသား စစ်တပ်တွေ ဆက်လက်ထားရှိဖို့၊ ပြည်နယ်တွေမှာ လွတ်လပ်စွာ တရားစီရင်ပိုင်ခွင့်နဲ့ လွတ်လပ်စွာ ဥပဒေပြုခွင့်၊ ပြည်နယ်တွေမှာ ကိုယ်ပိုင်မူဝါဒနဲ့ သယံဇာတ တူးဖေါ်ခွင့်၊ အခွန်နဲ့ ငွေကြေးဆိုင်ရာ စနစ်တွေကို ပြည်ထောင်စုအစိုးရ ချုပ်ကိုင်ခွင့်မပါပဲ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် စတာတွေ ပါဝင်ပါတယ်။

ဖယ်ဒရယ်ပြည်ထောင်စု ပုံစံနဲ့ ကွန်ဖက်ဒရိတ်ပုံစံ ဘယ်လိုကွာ ခြားသလဲဆိုတာကို ဒေါက်တာစိုင်းထွေးမောင်က အခုလိုရှင်းပြပါတယ်။

“ Confederation စနစ်က လွတ်လပ်တဲ့နိုင်ငံတခု ပုံစံမျိုးပဲ။ သူ့မှာက အားလုံး လွတ်လွတ်လပ်လပ် အုပ်ချုပ်ပိုင်ခွင့်ရှိတယ်။ စီမံပိုင်ခွင့်ရှိတယ်။ ဖယ်ဒရယ် စနစ်ကတော့ လွတ်လပ်မှုက ကန့်သတ်ချက်ရှိတယ်။ အားလုံးမှာ ဗဟိုအစိုးရဆီမှာ အာဏာပိုပြီး ရှိနေတယ်။”

မြန်မာနိုင်ငံမှာ ကွန်ဖက်ဒရိတ်စနစ်ကို သဘောတူညီခဲ့တဲ့ သမိုင်းကြောင်းရှိခဲ့တာကိုလည်း ဒေါက်တာ စိုင်းထွေးမောင်က အခုလိုပြောပြပါတယ်။

“ကျနော်တို့ ပြန်ကြည့်တဲ့အခါမှာ ၁၉၄၇ခုနှစ် သဘောတူညီချက်ထဲမှာဆိုရင် ကိုယ့်ရဲ့ သံယံဇာတတွေ၊ ဥပမာ- ရှမ်းနဲ့ ကချင်ဆိုရင် ကိုယ့်ပြည်နယ်က ထွက်တဲ့ သံယံဇာတတွေကို ကိုယ့်ဘာသာကို စီမံခန့်ခွဲလို့ရတယ်၊ ကိုယ့်ဘဏ္ဍာငွေ သီးသန့်လွတ်လပ်မှုရှိတယ်။ နောက် တရားစီရင်ရေးလည်း ကိုယ့်ဘာသာကိုယ် လုပ်လို့ရတယ်။ ဒါကိုကြည့်ရင် Confederation ပုံစံလို့ ပြောလို့ရတယ်။ နောက်ပြီးတော့ ပါလီမန်တက်တဲ့အခါမှာလည်း ကျနော်တို့ ရှမ်းတွေဆိုရင် ခွဲတမ်းနဲ့ တက်ရတယ်။ ရှမ်းဆိုရင် ကိုယ်စားလှယ် ဘယ်နှစ်ယောက်တက်လို့ရတယ် ဆိုတာမျိုးရှိတယ်။ ရွေးကောက်ပွဲနဲ့မဟုတ်ပဲ ကိုယ်စားလှယ်အရေအတွက်နဲ့ တက်တာ။ အဲတော့ အဲဒီအချိန်တုန်းကပုံစံက confederation ပုံစံနဲ့ တူတယ်ဗျ။

မေး။ ။ အခုလက်ရှိမှာက အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့တွေနဲ့တောင် ဖယ်ဒရယ်စနစ်ကိစ္စ သဘောတူညီမှုမရသေးတာ၊ အခု အပစ်အခတ်ရပ်စဲတဲ့ အဆင့်တောင်မရောက်သေးတဲ့ AA လို တိုင်းရင်းသားအဖွဲ့တွေက Confederation အဆင့်ကို တောင်းတာဆိုတော့ လက်တွေ့မှာ အခြေအနေဖြစ်နိုင်ပါ့မလား။ ဘယ်လိုသုံးသပ်လဲရှင့်။

ဖြေ။ ။ လက်တွေ့အနေအထားမှာ ဆိုရင် ပိုပြီး ရှုပ်ထွေးလာမှာ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ Confederation ကိုသူတို့က ပြောလာတဲ့အခါ၊ တောင်းဆိုလာတဲ့အခါ အစိုးရအနေနဲ့ လိုက်လျောဖို့ရာ ပိုပြီးခက်ခဲလာမယ်။ ဆိုတော့ အဲတာ ပိုပြီးရှုပ်ထွေးလာမယ်လို့ ကျနော်ထင်တယ်။ နောက်ပြီးတော့ KNU နဲ့ RCSS ကလည်း သူတို့နဲ့ မဆွေးနွေးတော့ဘူးဆိုပြီး ရပ်ဆိုင်းတာတွေ ရှိလာတဲ့အခါ သူတို့ယုံကြည်မှုတွေက ပျက်ပြားသွားပြီ။ အဲဒါကြောင့်မို့လို့ သူတို့ ငြိမ်းချမ်းရေးညီလာခံ (၂၁) ပင်လုံအစည်းအဝေးတော့ တော်တော်ခက်ခက်ခဲခဲ ရှိလိမ့်မယ်လို့ ကျနော်ထင်တယ်။

ဇန်နဝါရီလ(၄)ရက်နေ့က နယ်ခြားစောင့်ရဲကင်း စခန်း (၄)ခုကို AA ဘက်က စီးနင်းတိုက်ခိုက်ခဲ့ပြီး နောက်မှာတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ AAလက်နက်ကိုင်အဖွဲ့တို့ကြား လက်ရှိတိုက်ပွဲတွေ ပြင်းထန်လာနေပြီး စစ်ပြေးဒုက္ခသည် ၅၀၀၀ ကျော်ရှိသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG