သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကောလင်းမှာ ရက်ဆက် တိုက်ပွဲပြင်းထန်


ကောလင်း PDF တပ်ဖွဲ့ဝင်များရဲ့ ယခင်မှတ်တမ်းဓာတ်ပုံ (Photo: Kawlin People Defense Force - KLPDF)
ကောလင်း PDF တပ်ဖွဲ့ဝင်များရဲ့ ယခင်မှတ်တမ်းဓာတ်ပုံ (Photo: Kawlin People Defense Force - KLPDF)

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပြီး အိမ်ခြေအများအပြား မီးလောင်ပျက်စီးခဲ့သလို မြို့ကိုဖြတ်သွားတဲ့ မြစ်ကြီးနား-မန္တလေးလမ်းပေါ်မှာလည်း အိမ်စီးကား အများအပြားပိတ်မိနေပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားတာကို-နန်းလောင်ဝ်က တင်ပြပေးထားပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဖေဖော်ဝါရီလဆန်းမှာ ကောလင်းမြို့ကို အင်အားအများအပြားနဲ့ ပြန်ပြီးသိမ်းယူနိုင်ခဲ့ပေမဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို အပြင်းအထန်ခုခံနေရကြောင်း ကောလင်းမြို့ဒေသခံတချို့က ဗွီအိုအေကိုပြောပါတယ်။ ကောလင်းမြို့ပေါ်မှာ ခြေကုပ်ယူထားတဲ့ စစ်ကောင်စီတပ်က ဘေးပတ်ဝန်းကျင်ကရပ်ကွက်တွေကို မီးရှို့ပစ်လိုက်ကြောင်း ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

"ကောလင်းမြို့နဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်တွေဟာ ခံစစ်ပြင်နေတယ်လို့ ကျနော်ကတော့ မြင်တယ်ပေါ့နော်၊ မြို့ထဲမှာရှိတဲ့အခိုင်အမာရှိတဲ့ အဆောက်အဦတွေ သူတို့ယူထားတယ်။ ပြီးတော့မှ အထပ်မြင့်အဆောက်အဦတွေ သူတို့ယူတယ်။ ပြီးတော့မှ သူတို့မြင်ကွင်းမရှင်းတဲ့ ပတ်ချာလည်ကရပ်ကွက်တွေ၊ သူတို့ခံစစ်ယူထားတဲ့နေရာတွေနဲ့ မြင်ကွင်းမရှင်းတဲ့နေရာတွေကို မီးရှို့ဖျက်စီးနေတယ်လို့ မြင်တယ်။ ပြီးတော့မှ မြို့ပေါ် ၈ ရပ်ကွက် အဲဒီ မြို့ပေါ် ၈ ရပ်ကွက်လုံးမှာ သူတို့တပ်တွေ တပ်ဖြန့်ထားတယ်ပေါ့နော်။ ဒါတော့ကျနော်တို့ သိထားတဲ့အချက်လေးတွေပါ။"

ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီရဲ့ နောက်ထပ်အထိုင်စခန်းတခုဖြစ်တဲ့ မန္တလေး-မြစ်ကြီးနားလမ်းပေါ်က ကျောက်တန်းကျေးရွာနားမှာရှိတဲ့ သစ်ဖုလစခန်းကုန်းကို ငါးရက်ကြာ တိုက်ခိုက်နေပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့အတွက် အခုလ ၂၃ ရက်ကစပြီး ဒီလမ်းပေါ်မှာ အိမ်စီးကား ရာနဲ့ချီ ပိတ်မိနေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ဖေဖော်ဝါရီလ ၂၇ ရက်အထိ မြစ်ကြီးနား -မန္တလေး လမ်းပြန်မပွင့်သေးကြောင်း ကချင်ပြည်နယ်၊ မိုးညှင်းမြို့က ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။
"သွားလို့တော့မရသေးဘူးရှင့်၊ ဘယ်လောက်ကြာမလဲ ခန့်မှန်းလို့မရဘူးရှင့်။ ကျမတို့က မှန်းလို့မရဘူး။ သူတို့ တိုက်ပွဲဖြစ်နေတာဆိုတော့ သူများပိတ်တာဆိုတော့ ကျမတို့က မှန်းလို့ ဘယ်လိုမှမရဘူး။ ဒီနေ့ တခြားလမ်းကပြန်ခဲ့တဲ့ ကားအကြီးသုံးစီးတော့ရှိတယ်။ express ကားသုံးစီး၊ သူကတော့ လမ်းမှာ တံတားကျိုးသွားတယ်တဲ့။ ရွာလမ်း ပတ်တာပေါ့လေနော်၊ သူတို့ ပြောပြချက်အရပဲ ကိုယ်ကသိတာဆိုတော့လေ နော့။"

ကောလင်းမြို့ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ လက်နက်ကိုင်အင်အားစုတွေက ၂၀၂၃ နိုဝင်ဘာလ ၆ ရက်မှာ ကြေညာခဲ့ပါတယ်။ သုံးလအကြာ ဖေဖော်ဝါရီလ ၃ ရက်မှာတော့ စစ်ကောင်စီတပ်တွေက အင်အားအများအပြားနဲ့ စစ်ကြောင်းတွေခွဲပြီး ကောလင်းမြို့ကို ပြန်ပြီး ဝင်ရောက်လာခဲ့တာပါ။ အဲဒီနေ့ကစပြီး ကောလင်းမြို့နဲ့ ပတ်ဝန်းကျင်ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းပစ်ခတ်မှုတွေ၊ မြေပြင်ထိုးစစ်တွေနဲ့ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG