(Zawgyi / Unicode)
အင်္ဂါနေ့ကကျင်းပခဲ့တဲ့ အမေရိကန် အစိုးရ သက်တမ်းဝက် ရွေးကောက်ပွဲ မဲရေတွက်မှုတွေ ရက်နဲ့ချီကြာနိုင်သေးတဲ့အတွက် အထက်နဲ့အောက်လွှတ်တော်ကို ဘယ်ပါတီက ထိန်းချုပ်နိုင်မလဲဆိုတာ ဗုဒ္ဓဟူးနေ့ထိ သဲသဲကွဲကွဲမရှိသေးပါဘူး။
အင်္ဂါနေ့ မတိုင်ခင်တုန်းကတော့ အတိုက်အခံ ရီပတ်ဘလစ်ကန်ပါတီက မဲအများစုနဲ့ အောက်လွှတ်တော်တင်မက အထက်လွှတ်တော်ကိုတောင် ထိ်န်းချုပ်နိုင်ခြေရှိတယ်ဆိုပြီး ခန့်မှန်းထားကြတာပါ။ ဒါဆိုရင်တော့ ကျန်တဲ့သမ္မတသက်တမ်း ၂ နှစ်အတွင်း ဒီမိုကရက်သမ္မတ ဂျိုးဘိုင်ဒန် မေ ျှာ်မှန်းထားတဲ့ မူဝါဒတွေကို အကောင်အထည်မဖော်အောင် ဟန့်တားနိုင်မယ်လု့ိ ရီပတ်ဘလစ်ကန်ပါတီတွေက ယုံကြည်ထားကြတာဖြစ်ပါတယ်။
နဂို ကတည်းက နှစ်ဖက်ပါတီဝင် အရေအတွက် တဝက်စီရှိနေတဲ့ အထက်လွှတ်တော်မှာတော့ Pennsylvania ပြည်နယ်အတွက် ဒီမိုကရက်က အနိုင်ရထားပေမယ့် အရီဇိုးနား၊ နီဗားဒါး၊ Wisconsin နဲ့ ဂျော်ဂျီယာပြည်နယ်တွေမှာတော့ မဲရလဒ်တွေ မထွက်သေးပါဘူး။
ဂျော်ဂျီယာပြည်နယ်ရဲ့ လက်ရှိ ဒီမိုကရက်အထက်လွှတ်တော်အမတ် Raphael Warnock က ပြိုင်ဖက် ရီပတ် ဘလစ်ကန်ကိုယ်စားလှယ် Herschel Walker ကို မဆိုစလောက် အသာရနေတာ ဖြစ်ပြီး မဲရလဒ်တွေ သူမသာကိုယ်မသာဖြစ်နေရင်တော့ အနိုင်အရှုံးပြတ်ပြတ်သားသားသိနိုင်အောင် ဒီဇင်ဘာ၆ ရက်နေ့မှာ နောက်တကြိမ်မဲပေးကြရမှာဖြစ်ပါတယ်။
အလားတူပဲ ဒီမိုကရက်တို့ ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်မှာလည်း ဗုဒ္ဓဟူးနေ့မနက်ထိ အမတ်နေရာ ၄၃၅ နေရာမှာ ဒီမိုကရက်တို့က ၁၈၂ နေရာနဲ့ ရီပတ်ဘလစ်ကန်တု့ိက ၂၀၁ နေရာအနိုင်ရထားပါတယ်။ ကျန်အမတ်နေရာ ၅၂ နေရာမှာတော့ ဘယ်ပါတီက အနိုင်ရမလဲဆိုတာ မသိရသေးပါဘူး။ ဒီ ရွေးကောက်ပွဲမှာတော့ အောက်လွှတ်တော်နေရာ ၄၃၅ နေရာစလုံးနဲ့ အထက်လွှတ်တော်နေရာ ၁၀၀ မှာ ၃၅ နေရာတို့ကို ကိုယ်စားလှယ်တွေ ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။
(Unicode)