(Zawgyi/Unicode)
တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ အဓိကကြုံနေရတဲ့ ဟူဘေပြည်နယ်မှာ ဗုဒ္ဓဟူးနေ့က သေဆုံးသူ နောက်ထပ် ၁၃၂ ယောက် တိုးလာတဲ့အတွက် အခုဆိုရင် သေဆုံးသူ စုစုပေါင်း ၂,၀၀၀ ကျော်သွားပါပြီ။ နောက်ထပ် ရောဂါကူးစက်သူ ၁၆၉၃ ယောက် ရှိကြောင်းလည်း ပြည်နယ် ကျန်းမာရေးကော်မရှင်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ လူနာသစ် လျော့လာနေတဲ့ သတင်းတွေ ထွက်ပေါ်လာနေပေမဲ့ ဆေးရုံတရုံက ညွှန်ကြားရေးမှူး တစ်ဦးအပါအဝင် သေဆုံးမှုတွေ ရှိနေဆဲပါ။ တရုတ်ကျန်းမာရေး အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ ကူးစက်သူ လူနာအသစ် ၂,၀၀၀ အောက်အထိ လျော့လာတာဟာ ဗုဒ္ဓဟူးနေ့နဲ့ပါဆိုရင် ၂ ရက်ရှိသွားပါပြီ။
အင်္ဂါနေ့တုန်းက သေဆုံးသွားသူတွေထဲမှာတော့ ဗိုင်းရပ်စ်ပိုး စတင်ကူးစက်ပျံ့နှံ့ရာ ဟူဘေပြည်နယ်မြို့တော် ဝူဟန်မြို့၊ ဝူချန်ဆေးရုံ ညွှန်ကြားရေးမှူး Liu Zhiming လည်း ပါဝင်ခဲ့ပါတယ်။ တရုတ်အာဏာပိုင်တွေ ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ နောက်ထပ် ကူးစက်မှု လျော့နည်းတာ တွေ့ရပေမဲ့၊ သတိထားဖို့ လိုကြောင်းလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးခဲ့တာပါ။
တိတိကျကျ ကောက်ချက်ချနိုင်မယ့် တရုတ်နိုင်ငံ ပြင်ပက အချက်အလက်တွေ မရှိသေးကြောင်းလည်း ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာတဝှမ်း ဆက်လက် ကူးစက်နေရာမှာ လတ်တလော တရုတ်နိုင်ငံ ပြင်ပက နိုင်ငံပေါင်း ၂၅ နိုင်ငံမှာလည်း ကူးစက်သူ ၈၀၄ ယောက်နဲ့ သေဆုံးသူ ၃ ဦး ရှိကြောင်း WHO က သတင်းထုတ်ပြန် ထားတာပါ။ တချိန်တည်းမှာပဲ လူနာတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ မပြင်းထန်တဲ့အတွက် ပြန်လည် နာလန်ထူလာမှာ ဖြစ်ကြောင်းလည်း WHO အကြီးအကဲက ပြောပါတယ်။
..................
Coronavirus ကူးစကျခံရတဲ့ Wuhan ဆေးရုံအုပျသဆေုံး
(Unicode)