သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်မှာ ကိုဗစ်ကူးစက်မှု နေ့စဉ် ၁ သိန်းကျော်အထိ ပြန်ရောက်


(Zawgyi/ Unicode)

အမေရိကန် ပြည်ထောင်စုမှာ Covid-19 ကူးစက်မှုက ပျမ်းမျှ နေ့စဉ် ၁၀၀,၀၀၀ လောက် ရှိလာပြီး ပြီးခဲ့တဲ့ ဆောင်းရာသီနောက်ပိုင်း အများဆုံးဖြစ်ကြောင်း AP သတင်းအေဂျင်စီက ဖော်ပြပါတယ်။

နေ့စဉ် Covid-19 ကူးစက် ဖြစ်ပွားသူက ပျမ်းမျှ ၁၀၇,၁၄၃ ရှိနေကြောင်း စနေနေ့မှာ AP က သတင်းဖော်ပြတာ ဖြစ်ပြီး ဒီအရေအတွက်ဟာဆိုရင် ပြီးခဲ့တဲ့ ဇွန်လ နှောင်းပိုင်းမှာ နေ့စဉ် Covid-19 ကူးစက် ဖြစ်ပွားမှုနှုန်း ၁၁,၀၀၀ လောက် ရှိရာကနေ သိသိသာသာ များလာတာ ဖြစ်ပါတယ်။

အလွန် ကူးစက်မြန်တဲ့ ဗီဇပြောင်း Delta ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲက အမေရိကန် ပြည်ထောင်စု တဝန်းမှာ အလျင်အမြန် ပျံ့နှံ့နေတာနဲ့အတူဘဲ Covid-19 ကူးစက် ဖြစ်ပွားသူ အရေအတွက် များလာတာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စု အတွင်းမှာ ဇန်နဝါရီလ အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ အနေအထားမျိုးနဲ့ အလားတူ နေ့စဉ် ကူးစက်မှု သိန်းချီ ရှိလာနိုင်ကြောင်း အစိုးရရဲ့ အချက်အလက်တွေမှာ တွေ့ရကြောင်း ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေး ဗဟိုဌာန CDC ညွှန်ကြားရေးမှူး Rochelle Walensky က ဒီသီတင်းပတ် အစောပိုင်း CNN ရုပ်သံနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုထားပါတယ်။

ဇန်နဝါရီလ အစောပိုင်းမှာ နေ့စဉ် ကူးစက်မှု အများဆုံး ၂၅၀,၀၀၀ ထိ ရောက်ရှိခဲ့ပြီးနောက် ဇွန်လ အတွင်းမှာ ကူးစက်မှုနှုန်း ကျဆင်းခဲ့ပေမယ့်လည်း နောက် သီတင်းပတ် ၆ ခု အတွင်း ကူးစက်မှုနှုန်းက ၁၀၀,၀၀၀ ကို ပြန်ပြီး ရောက်ရှိလာကြောင်း AP သတင်းက ဖော်ပြပါတယ်။ ကာကွယ်ဆေး အပြည့်အ၀ ထိုးနှံပြီး ဒါမှမဟုတ်လည်း ဆေးတကြိမ် ထိုးနှံပြီးဖြစ်တဲ့ အရွယ်ရောက်သူ အမေရိကန် ၇၀ ရာခိုင်နှုန်းကျော် ရှိနေပေမဲ့ ကူးစက်မှုတွေ တိုးလာနေတာ ဖြစ်ကြောင်း သတင်းက ဖော်ပြပါတယ်။

အမေရိကန် Johns Hopkins တက္ကသိုလ် ကိုရိုနာဗိုင်းရပ်စ် မှတ်တမ်း စင်တာရဲ့ စာရင်းတွေမှာတော့ ပြီးခဲ့တဲ့ ၇ ရက်တာ အတွင်း အမေရိကန်မှာ Covid-19 ကြောင့် နေ့စဉ် သေဆုံးသူ အရေအတွက် ၂၇၀ ကနေ ပြီးခဲ့တဲ့ သီတင်း ၂ ပတ် အတွင်း နေ့စဉ် သေဆုံးမှုနှုန်း ၅၀၀ နီးပါးထိ တိုးလာကြောင်း ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)







XS
SM
MD
LG