သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမှာ COVID-19 ကာကွယ်ရေး ကျန်းမာရေးမှတ်တမ်း အတိအကျဖြည့်ဖို့ နှိုးဆော်ထား


ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်လာတဲ့ လေယာဉ်ပေါ်က ခရီးသယ်တွေရဲ့ ကိုယ်အပူချိန်ကို တိုင်းတာနေသော မြန်မာ့ကျန်းမာရေးဌာနမှ ဝန်ထမ်း တဦး (သတင်းဓာတ်ပုံ - ဖေဖော်ဝါရီ၊ ၁၉၊ ၂၀၂၀)
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်လာတဲ့ လေယာဉ်ပေါ်က ခရီးသယ်တွေရဲ့ ကိုယ်အပူချိန်ကို တိုင်းတာနေသော မြန်မာ့ကျန်းမာရေးဌာနမှ ဝန်ထမ်း တဦး (သတင်းဓာတ်ပုံ - ဖေဖော်ဝါရီ၊ ၁၉၊ ၂၀၂၀)

(Zawgyi/Unicode)

ပြည်ပကနေ မြန်မာနိုင်ငံတွင်း ဝင်လာသူတွေအနေနဲ့ COVID-19 ကူးစက်မှု ကာကွယ်ရေးအတွက် ကျန်းမာရေးဆိုင်ရာ မှတ်တမ်းစာရွက်မှာ တိတိကျကျ ဖြည့်စွက်ပေးဖို့ ကျန်းမာရေးဌာန တာဝန်ရှိသူတဦးက ပန်ကြားလိုက်ပါတယ်။ ဒါ့အပြင် လိုအပ်လို့ သီးသန့်ခွဲထားပြီး စောင့်ကြည့်ခံရမယ်ဆိုရင်လည်း ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းပါ တယ်။ ရောဂါ ပိုး ကူးစက်သံသယနဲ့ စောင့်ကြည့်လူနာ လေးဦး ရှိခဲ့တာမှာ ဒီကနေ့ညနေပိုင်းမှာတော့ သူတို့လေးဦးလုံးမှာ ရောဂါပိုးကင်းရှင်းတယ်ဆိုတာ စစ်ဆေးတွေ့ရှိပြီးဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မစုစုက သတင်းပေးပို့ထားပါတယ်။

Covid 19 ကိုရိုနာရောဂါပိုး ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးတဲ့ မြန်မာနိုင်ငံမှာ ဒီရောဂါစောင့်ကြပ် ကြည့်ရှုရေးနဲ့ ကာကွယ်ရေးလုပ်ငန်းတွေကို အရှိန်မြှင့် ဆောင်ရွက်နေတာ ဖြစ်ပြီး မြန်မာပြည်တွင်းကို ဝင်ရောက်လာသူတွေ အနေနဲ့ ကျန်းမာရေးအခြေအနေ ဖော်ပြတဲ့ Health Declaration Card တွေကို သေသေချာချာ ဖြည့်ကြဖို့လိုအပ်တယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

လူထုကိုပြောချင်တာကတော့ လေကြောင်းခရီးနဲ့ ရေကြောင်းခရီးများမှ ပြည်တွင်းသို့ဝင်ရောက်လာသူတွေ အနေနဲ့ ကျန်းမာရေးအခြေအနေ ဖော်ပြချက်ကဒ်ဆိုတာ ရှိပါတယ်။ Health Declaration Card ကို ပြည့်စုံတိကျစွာ ဖြည့်စွက်ဖို့ အရေးကြီးပါတယ်။ အဲလိုဖြည့်စွက်မှသာ ဒီလိုမျိုး Case တွေကိုထောက်လှမ်းတဲ့အခါမှာ လျင်မြန် လွယ်ကူစွာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ တခါတလေကျလို့ရှိရင် ရောဂါဖြစ်ပွားကူးစက်မှု များတဲ့နေရာတွေ ကနေပြီးတော့ ပြည်တွင်းသို့လာတဲ့သူတွေ အနေနဲ့ လက်ရှိမှာဆို သူက ရောဂါပျိုးချိန် ဖြစ်နေတဲ့အတွက်ကြောင့် ရောဂါလက္ခဏာတော့ စ စချင်း ရှိချင်မှရှိမယ်။ ဒါ ပေမယ့် ရောဂါပျိုးချိ န်ကာလ တလျှောက်လုံးမှာ ရောဂါဖြစ်နိုင်တဲ့ အတွက် ကျမတို့ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက နေပြီးတော့ လိုအပ်ရင်လိုအပ်သလို Quarantine ပေါ့နော်။ အသွားအလာ ကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုခြင်းကို ဆောင်ရွက်နေပါတယ်။”

ခရီးသွား တွေရဲ့ ခရီးသွား မှတ်တမ်းတွေကို ရယူတာနဲ့ ကျန်းမာရေးအခြေအနေ ဖော်ပြတဲ့ Health Declaration Card တွေ ကို ဖြည့်ခိုင်းပြီးမှ ပြည်တွင်းကိုဝင်ရောက်ခွင့်ပြုဖို့ ဦးစားပေး လုပ်ဆောင် နေတာ ဖြစ်ပြီး ကိုရိုနာရောဂါပိုး ကူးစက်မှုဖြစ်ပွားနေတဲ့ နိုင်ငံတွေဆီက ရောက်လာသူတွေကိုပါ အသွားအလာကန့်သတ်ပြီး ရောဂါရှိ မရှိ စောင့်ကြည့်တဲ့ Quarantine လုပ်ငန်းတွေ ဆောင်ရွက်နေတာကြောင့် ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့လည်း ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“အသွားအလာ ကန့်သတ်ပြီးတော့ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းနဲ့ ရောဂါလက္ခဏာ စတင်ဖြစ်ပွား တာနဲ့ ချက်ချင်း ကုသနိုင်မှာ ဖြစ်တဲ့အတွက် ရောဂါပြင်းထန်မှုကိုလည်း လျှော့ချနိုင်မယ်၊ အသက်သေဆုံးမှုကိုလည်း လျှော့ချနိုင်မယ်။ အဲဒီ ကာယကံရှင်အတွက်သာမက သူ့ရဲ့မိသားစုတွေ၊ သူ့ရဲ့ပတ်ဝန်းကျင် မိတ်ဆွေ အပေါင်းအသင်းတွေကိုလည်း ကူးစက် ပြန့်ပွားခြင်းက ကာကွယ်နိုင်မှာ ဖြစ်တဲ့အတွက်ကြောင့်မို့ ဒီအသွားအလာကန့်သတ် ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း Quarantine ဆောင်ရွက်တာမှာ ပြည်သူလူထုနဲ့ ကာယကံရှင်တွေ ပူးပေါင်းပါဝင်ဖို့ အရေးကြီးတဲ့အကြောင်း ပြောချင်ပါတယ်။”

မြန်မာပြည်တွင်းမှာ မနေ့က မတ်လ ၃ ရက် ညနေ ၆ နာရီအထိ စောင့်ကြည့်လူနာ ၄ ဦးရှိခဲ့ပြီး ဒီကနေ့ညနေမှာတော့ သူတို့ ၄ ဦးစလုံးမှာ ကိုရိုနာရောဂါပိုး မရှိကြောင်း အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန NHL ရဲ့ စစ်ဆေးချက်အရ သိရပါတယ်။

အဲဒီလူနာလေးဦးဟာ ဝေဘာဂီအထူးကုဆေးရုံက အသက် ၂၉ နှစ်အရွယ် တရုတ်နိုင်ငံသား၊ အသက် ၃၇ နှစ်အရွယ် နယူးဇီလန်နိုင်ငံသားနဲ့ အသက် ၃၂ နှစ်အရွယ် မြန်မာနိုင်ငံသားတဦး အပါအဝင် စစ်တွေပြည်သူ့ဆေးရုံကြီးက အသက် ၂၉ နှစ်အရွယ် မြန်မာနိုင်ငံသားတဦးတို့ဖြစ်ပြီး ရောဂါပိုးမရှိကြောင်း ရလဒ်ထွက်ခဲ့ပေမယ့် သူတို့ကို ဆေးရုံမှာ ၄၈ နာရီကြာ သီးခြားထားရှိဦးမှာပါ။

အဲဒါအပြင် အသက် ၂၆ နှစ်အရွယ် မြန်မာနိုင်ငံသားတဦးဟာ ပြည်တွင်းကို ရောက်မလာခင်တုန်းက စင်္ကာပူနိုင်ငံက COVID- 19 ရောဂါဖြစ်ပွားနေသူတဦးနဲ့ အနီးကပ်နေထိုင်ခဲ့တာကြောင့် သူ့ကို အသွားအလာကန့်သတ်လိုက်ပြီး ကျောက်ပန်းတောင်းမြို့နယ် ဆေးရုံမှာထားရှိပြီး စောင့်ကြပ်ကြည့်ရှုနေတာပါ။ အဲဒီအမျိုးသားရဲ့ ဓာတ်ခွဲနမူနာကိုလည်း NHL ကိုပေးပို့ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူက ပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြည်သူတွေအနေနဲ့ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေကို ရှောင်ကြဉ်ကြဖို့ အပါအဝင် ရောဂါကာကွယ်ရေး ကျန်းမာရေးအသိပညာပေး နှိုးဆော်ချက်တွေကို လိုက်နာဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

လက်ကိုဆပ်ပြာနဲ့ စနစ်တကျ မကြာခဏဆေးပေးဖို့၊ ချောင်းဆိုးနှာချေရင် ပါးစပ်အုပ်ဖို့၊ တကိုယ်ရေသန့်ရှင်းရေးကို အလေးထားပြီး အာဟာရပြည့်ဝအောင် စားသောက်နေထိုင်ဖို့နဲ့ နေမကောင်းဖြစ်သူတွေနဲ့ အနီးကပ်နေထိုင်တာ ရှောင်ကြဉ်ဖို့ကို နှိုးဆော်ထားပါတယ်။

တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ COVID- 19 ကိုရိုနာရောဂါပိုးဟာ အခြားနိုင်ငံပေါင်း ၇၆ နိုင်ငံကို ကူးစက်ခဲ့ပြီး ဒီကနေ့ မတ်လ ၃ရက် နေ့လည်ခင်းစာရင်းအရ လူပေါင်း ၉၁,၃၄၇ ကူးစက်ခံနေရတာပါ။ ဒါဟာ ကမ္ဘာလှည့်အပျော်စီး သင်္ဘော Diamond Princess ပေါ်က ကူးစက်ခံရသူ ၇၀၆ ယောက်နဲ့ သေဆုံးသူ ၇ ဦးရဲ့ စာရင်းကိုပါ ထည့်တွက်ထားတာ ဖြစ်ပြီး သေဆုံးသူကတော့ စုစုပေါင်း ၃,၁၂၀ အထိရှိနေပြီး တရုတ်နိုင်ငံမှာ အများဆုံးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]













XS
SM
MD
LG