သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လားရိႈးၿမိဳ႕ ကိုဗစ္အတည္ျပဳလူနာတိုးလာၿပီး ေရာဂါထိန္းခ်ဳပ္ေရးလိုအပ္ခ်က္ေတြၾကံဳေန


လားရွဳိးျမိဳ ့က ကိုဗစ္ကပ္ေရာဂါရဲ့ သားေကာင္တဦး (ဓာတ္ပံု- Courtesy)

(Zawgyi/Unicode)

ျပည္တြင္းမွာ ကုိဗစ္ကပ္ေရာဂါ အစုလိုက္ကူးစက္မႈေတြေၾကာင့္ ေရာဂါထိန္းခ်ဳပ္ႏုိင္ေရးအတြက္ ေက်ာင္းနဲ႔ေစ်းေတြကို ယာယီပိတ္ထားေပမဲ့ ကူးစက္မႈနယ္ေျမေတြ ထပ္တိုးေနပါတယ္။ ရွမ္းျပည္ေျမာက္ပိုင္း လားရႈိးၿမိဳ႕မွာလည္း ေရာဂါအတည္ျပဳလူနာတိုးလာေနေပမဲ့ လူနာေတြနဲ႔ သံသယရွိသူေတြကို က်န္းမာေရးေစာင့္ေရွာက္မႈေပးရာမွာ လိုအပ္ခ်က္ေတြရွိေနပါတယ္။ လားရႈိးၿမိဳ႕ ကိုဗစ္အေျခအေနနဲ႔ပတ္သက္လို႔ ရန္ကုန္ကလာတဲ့ သတင္းအျပည့္အစုံကို အလိမၼာ ေျပာျပမွာပါ။

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရႈိးၿမိဳ႕မွာ ၂ပတ္တာကာလအတြင္း ကိုဗစ္အတည္ျပဳလူနာ ၂၀၉ဦးနဲ႔ ေသဆုံးသူ ၇ဦး ရွိခဲ့ပါတယ္။ ဇြန္လ ၂၂ရက္ မေန႔က တရက္ထဲမွာတင္ ဓာတ္ခြဲအတည္ျပဳႏိုင္တာ ၅၇ဦး ရွိခဲ့ပါတယ္။ လားရႈိးမွာ အခုလဆန္းပိုင္းကစၿပီး မဂၤလာေဆာင္တခုကေန ေရာဂါကူးစက္မႈေတြ စခဲ့တယ္လို႔ လားရႈိးကိုဗစ္တိုက္ဖ်က္ေရးမွာ ပါဝင္ေနတဲ့ ေစတနာရွင္လုပ္အားေပးတဦးက ဗြီအိုေအကိုေျပာပါတယ္။

"ဟိုတေလာက ေဂၚရခါးေပါ့ေနာ္၊ သူက အိႏၵိယဘက္ကေန မဂၤလာေဆာင္လာလိုက္တာက ကူးလိုက္တာ။ အဲဒီ မဂၤလာေဆာင္သြားတဲ့သူေတြ အကုန္လုံးဆက္စပ္ၿပီးေတာ့ ကူးကုန္တာ။ မဂၤလာေဆာင္ပြဲက နည္းနည္းႀကီးႀကီးက်ယ္က်ယ္ေလး လုပ္လိုက္ေတာ့ ေဂၚရခါးတို႔ ဟိႏၵဴတို႔က ဝိုင္းဝန္းကူညီၾကတာကိုး။ ကူညီၾကတဲ့အခါက်ေတာ့ ဆက္စပ္မႈမ်ားသြားတာေပါ့။"

မေန႔က အတည္ျပဳလူနာ ၅၇ဦးထဲက ၁၅ဦးကို လားရႈိးၿမိဳ႕မေစ်း တေနရာထဲမွာတင္ ပိုးေတြ႕ခဲ့တာပါ။ ေရာဂါျပန္႔ပြားမႈကို ထိန္းခ်ဳပ္ဖို႔အတြက္ ၿမိဳ႕မေစ်း၊ ကုန္စိမ္းေစ်းနဲ႔ ညေစ်းတန္းတို႔ကို ဒီေန႔ကစၿပီး ရက္သတၱပတ္ ၂ပတ္ၾကာ ယာယီပိတ္ထားလိုက္ပါတယ္။ ေရာဂါကူးစက္မႈေတြဟာ ေနရာအႏွံ႔ရွိလာေနလို႔ ျပည္သူေတြၾကားမွာ စိုးရိမ္မႈေတြရွိေနေပမဲ့ တာဝန္ရွိသူေတြရဲ႕ ကိုဗစ္တိုက္ဖ်က္ေရး စီမံခန္႔ခြဲမႈေတြမွာ အားနည္းခ်က္ေတြရွိေနတယ္လို႔ ကူညီေဆာင္႐ြက္ေပးေနသူတဦးက ေျပာပါတယ္။

"ရပ္ကြက္ထဲမွာ ျဖစ္တာလည္းမ်ားလာေတာ့ လူေတြက စိုးရိမ္ကုန္ၾကၿပီ။ လက္ရွိအစိုးရအေနနဲ႔ က်ေနာ္ထင္တာ ေျပာရရင္ေတာ့ စီမံကြပ္ကဲမႈအားနည္းတယ္ထင္တယ္။ အရင္လက္ထက္ကလိုမ်ိဳး က်ယ္က်ယ္ျပန္႔ျပန္႔ မလုပ္ေပးႏိုင္ဘူးေလ။ ထိေရာက္မႈမရွိဘူး၊ စီမံခန္႔ခြဲမႈ နည္းနည္းေလးလိုေနတယ္လို႔ ထင္တာပဲ။ ခုနက အနံ႔ေပ်ာက္တဲ့လူနာရွိတာ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးကို လွမ္းအေၾကာင္းၾကားတယ္။ က်ေနာ္တို႔ဘယ္လိုလုပ္ၾကမလဲဆိုေတာ့ ေဆး႐ုံကိုသြားလိုက္တဲ့ သြားၿပီးေဆာင္႐ြက္ေပးလိုက္ေပါ့။ အဲလိုပဲလွမ္းေျပာတယ္။ ဒါေပမဲ့ သူတို႔ လမ္းေၾကာင္းေပးတာတို႔၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးကေန ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးေတြကို ဘယ္လိုေဆာင္႐ြက္ပါဆိုတဲ့ အစီအစဥ္ခ်ေပးတာမရွိဘူး။"

မေန႔က အတည္ျပဳခဲ့တဲ့ လားရႈိးၿမိဳ႕က ကိုဗစ္လူနာေတြထဲ Home Quarantine ဝင္ေနသူ အမ်ိဳးသားတဦး ကိုယ့္ကိုယ္ကိုယ္ သတ္ေသသြားတဲ့ျဖစ္စဥ္လည္း ရွိခဲ့ပါတယ္။ လားရႈိးၿမိဳ႕မွာ ကိုဗစ္လူနာေတြထဲက ေဆးကုသမႈခံယူဖို႔လိုသူေတြကို ျပည္သူ႔ေဆး႐ုံမွာ အေဆာင္ခြဲသီးသန္႔ထားၿပီး၊ ဘုန္းေတာ္ႀကီးေက်ာင္းတခုမွာ Quarantine စင္တာနဲ႔ တခ်ိဳ႕ကိုေတာ့ အိမ္မွာသာ သီးျခားထားတယ္လို႔ သိရပါတယ္။ အာဏာသိမ္းၿပီးေနာက္ ႏိုင္ငံေရးအေျခအေန မၿငိမ္မသက္ျဖစ္ေနတဲ့ၾကားမွာပဲ ကိုဗစ္တေက်ာ့ျပန္ျဖစ္လာေနလို႔ ကူညီေဆာင္႐ြက္ေပးသူေတြ အခက္ေတြ႕ေနပါတယ္။

"အခုအေနအထားက လိုက္မလုပ္ရင္ မျဖစ္ေတာ့တဲ့အေျခအေနဆိုေတာ့ ကိုယ္တိုင္ျဖစ္လည္း မတတ္ႏိုင္ဘူးေပါ့ စြန္႔စားလုပ္ရတာပဲ။ တခ်ိဳ႕အိမ္ေတြကို Home Quarantine လုပ္လိုက္တယ္ဆိုရင္ ရပ္ကြက္က အဲဒီအိမ္ကို H.Q သတ္မွတ္တဲ့စာလာကပ္မယ္၊ ဒီအိမ္ကိုေသာ့ခတ္လိုက္မယ္။ ဥပမာ အုပ္ခ်ဳပ္ေရးမႉးက ေသာ့ယူထားၿပီးၿပီဆိုရင္ မသၤကာတဲ့သူကိုေတာ့ ေခၚသြားၿပီေပါ့၊ ဒီက်န္ေနတဲ့ သူ႔ရဲ႕မိသားစုက်ေတာ့ ႀကိဳတင္ျပင္ဆင္မႈ ဘာညာမရွိထားဘူးဆိုရင္ စားဝတ္ေနေရးခက္တယ္။ အဲဒီလိုကိစၥေတြကို ဆိုင္ရာဌာနေတြက ေျဖရွင္းေပးတာမရွိဘူးေပါ့။ ဒီေန႔က်ေတာ့ လူဘယ္ေလာက္စစ္လဲေတာ့ မသိပါဘူး၊ အနံ႔ေပ်ာက္တေယာက္ သြားပို႔မယ္ဆိုေတာ့ စာရင္းဒီေန႔ျပည့္ေနလို႔ အိမ္မွာပဲထားေပါ့ ၂ရက္ေလာက္ေနမွ သူ႔ကိုစစ္ေပးႏိုင္မယ္ေပါ့။ ေဘးပတ္ဝန္းက်င္ေတြက စိုးရိမ္တာေလ၊ ဒီတေယာက္ကေတာ့ အနံ႔ေပ်ာက္ၿပီ၊ ေနာက္ သူ႔မိသားစုက ဘယ္လိုလုပ္မလဲေပါ့၊ သူ႔ကိုဆက္ၿပီးထားဖို႔ ခက္ေနတာေလ။ အခုေလာေလာဆယ္ေတာ့ ၿခံက်ယ္က်ယ္တေနရာမွာ သူ႔ကိုတေယာက္တည္း ခြဲၿပီးထားရမွာေပါ့။"

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဇြန္လ ၂၂ရက္၊ ည ၈နာရီ ထုတ္ျပန္ထားတဲ့စာရင္းအရ ကိုဗစ္အတည္ျပဳလူနာသစ္ ၆၃၀ ဦးနဲ႔ ေသဆုံးသူ ၂ ဦး ရွိခဲ့ပါတယ္။ အဲဒီထဲက အတည္ျပဳလူနာ ၈၂ဦးကိုေတာ့ ရွမ္းျပည္နယ္အတြင္းက ၿမိဳ႕နယ္ ၉ခုမွာ အတည္ျပဳႏိုင္ခဲ့တာပါ။

....................................................................................

တိုက္႐ိုက္ လင့္ခ္


လားရှိုးမြို့ ကိုဗစ်အတည်ပြုလူနာတိုးလာပြီး ရောဂါထိန်းချုပ်ရေးလိုအပ်ချက်တွေကြုံနေ

(Unicode)

ပြည်တွင်းမှာ ကိုဗစ်ကပ်ရောဂါ အစုလိုက်ကူးစက်မှုတွေကြောင့် ရောဂါထိန်းချုပ်နိုင်ရေးအတွက် ကျောင်းနဲ့ဈေးတွေကို ယာယီပိတ်ထားပေမဲ့ ကူးစက်မှုနယ်မြေတွေ ထပ်တိုးနေပါတယ်။ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာလည်း ရောဂါအတည်ပြုလူနာတိုးလာနေပေမဲ့ လူနာတွေနဲ့ သံသယရှိသူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးရာမှာ လိုအပ်ချက်တွေရှိနေပါတယ်။ လားရှိုးမြို့ ကိုဗစ်အခြေအနေနဲ့ပတ်သက်လို့ ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို အလိမ္မာ ပြောပြမှာပါ။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ ၂ပတ်တာကာလအတွင်း ကိုဗစ်အတည်ပြုလူနာ ၂၀၉ဦးနဲ့ သေဆုံးသူ ၇ဦး ရှိခဲ့ပါတယ်။ ဇွန်လ ၂၂ရက် မနေ့က တရက်ထဲမှာတင် ဓာတ်ခွဲအတည်ပြုနိုင်တာ ၅၇ဦး ရှိခဲ့ပါတယ်။ လားရှိုးမှာ အခုလဆန်းပိုင်းကစပြီး မင်္ဂလာဆောင်တခုကနေ ရောဂါကူးစက်မှုတွေ စခဲ့တယ်လို့ လားရှိုးကိုဗစ်တိုက်ဖျက်ရေးမှာ ပါဝင်နေတဲ့ စေတနာရှင်လုပ်အားပေးတဦးက ဗွီအိုအေကိုပြောပါတယ်။

"ဟိုတလောက ဂေါ်ရခါးပေါ့နော်၊ သူက အိန္ဒိယဘက်ကနေ မင်္ဂလာဆောင်လာလိုက်တာက ကူးလိုက်တာ။ အဲဒီ မင်္ဂလာဆောင်သွားတဲ့သူတွေ အကုန်လုံးဆက်စပ်ပြီးတော့ ကူးကုန်တာ။ မင်္ဂလာဆောင်ပွဲက နည်းနည်းကြီးကြီးကျယ်ကျယ်လေး လုပ်လိုက်တော့ ဂေါ်ရခါးတို့ ဟိန္ဒူတို့က ဝိုင်းဝန်းကူညီကြတာကိုး။ ကူညီကြတဲ့အခါကျတော့ ဆက်စပ်မှုများသွားတာပေါ့။"

မနေ့က အတည်ပြုလူနာ ၅၇ဦးထဲက ၁၅ဦးကို လားရှိုးမြို့မဈေး တနေရာထဲမှာတင် ပိုးတွေ့ခဲ့တာပါ။ ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ဖို့အတွက် မြို့မဈေး၊ ကုန်စိမ်းဈေးနဲ့ ညဈေးတန်းတို့ကို ဒီနေ့ကစပြီး ရက်သတ္တပတ် ၂ပတ်ကြာ ယာယီပိတ်ထားလိုက်ပါတယ်။ ရောဂါကူးစက်မှုတွေဟာ နေရာအနှံ့ရှိလာနေလို့ ပြည်သူတွေကြားမှာ စိုးရိမ်မှုတွေရှိနေပေမဲ့ တာဝန်ရှိသူတွေရဲ့ ကိုဗစ်တိုက်ဖျက်ရေး စီမံခန့်ခွဲမှုတွေမှာ အားနည်းချက်တွေရှိနေတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတဦးက ပြောပါတယ်။

"ရပ်ကွက်ထဲမှာ ဖြစ်တာလည်းများလာတော့ လူတွေက စိုးရိမ်ကုန်ကြပြီ။ လက်ရှိအစိုးရအနေနဲ့ ကျနော်ထင်တာ ပြောရရင်တော့ စီမံကွပ်ကဲမှုအားနည်းတယ်ထင်တယ်။ အရင်လက်ထက်ကလိုမျိုး ကျယ်ကျယ်ပြန့်ပြန့် မလုပ်ပေးနိုင်ဘူးလေ။ ထိရောက်မှုမရှိဘူး၊ စီမံခန့်ခွဲမှု နည်းနည်းလေးလိုနေတယ်လို့ ထင်တာပဲ။ ခုနက အနံ့ပျောက်တဲ့လူနာရှိတာ မြို့နယ်အုပ်ချုပ်ရေးမှူးကို လှမ်းအကြောင်းကြားတယ်။ ကျနော်တို့ဘယ်လိုလုပ်ကြမလဲဆိုတော့ ဆေးရုံကိုသွားလိုက်တဲ့ သွားပြီးဆောင်ရွက်ပေးလိုက်ပေါ့။ အဲလိုပဲလှမ်းပြောတယ်။ ဒါပေမဲ့ သူတို့ လမ်းကြောင်းပေးတာတို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးကနေ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ဘယ်လိုဆောင်ရွက်ပါဆိုတဲ့ အစီအစဉ်ချပေးတာမရှိဘူး။"

မနေ့က အတည်ပြုခဲ့တဲ့ လားရှိုးမြို့က ကိုဗစ်လူနာတွေထဲ Home Quarantine ဝင်နေသူ အမျိုးသားတဦး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။ လားရှိုးမြို့မှာ ကိုဗစ်လူနာတွေထဲက ဆေးကုသမှုခံယူဖို့လိုသူတွေကို ပြည်သူ့ဆေးရုံမှာ အဆောင်ခွဲသီးသန့်ထားပြီး၊ ဘုန်းတော်ကြီးကျောင်းတခုမှာ Quarantine စင်တာနဲ့ တချို့ကိုတော့ အိမ်မှာသာ သီးခြားထားတယ်လို့ သိရပါတယ်။ အာဏာသိမ်းပြီးနောက် နိုင်ငံရေးအခြေအနေ မငြိမ်မသက်ဖြစ်နေတဲ့ကြားမှာပဲ ကိုဗစ်တကျော့ပြန်ဖြစ်လာနေလို့ ကူညီဆောင်ရွက်ပေးသူတွေ အခက်တွေ့နေပါတယ်။

"အခုအနေအထားက လိုက်မလုပ်ရင် မဖြစ်တော့တဲ့အခြေအနေဆိုတော့ ကိုယ်တိုင်ဖြစ်လည်း မတတ်နိုင်ဘူးပေါ့ စွန့်စားလုပ်ရတာပဲ။ တချို့အိမ်တွေကို Home Quarantine လုပ်လိုက်တယ်ဆိုရင် ရပ်ကွက်က အဲဒီအိမ်ကို H.Q သတ်မှတ်တဲ့စာလာကပ်မယ်၊ ဒီအိမ်ကိုသော့ခတ်လိုက်မယ်။ ဥပမာ အုပ်ချုပ်ရေးမှူးက သော့ယူထားပြီးပြီဆိုရင် မင်္သကာတဲ့သူကိုတော့ ခေါ်သွားပြီပေါ့၊ ဒီကျန်နေတဲ့ သူ့ရဲ့မိသားစုကျတော့ ကြိုတင်ပြင်ဆင်မှု ဘာညာမရှိထားဘူးဆိုရင် စားဝတ်နေရေးခက်တယ်။ အဲဒီလိုကိစ္စတွေကို ဆိုင်ရာဌာနတွေက ဖြေရှင်းပေးတာမရှိဘူးပေါ့။ ဒီနေ့ကျတော့ လူဘယ်လောက်စစ်လဲတော့ မသိပါဘူး၊ အနံ့ပျောက်တယောက် သွားပို့မယ်ဆိုတော့ စာရင်းဒီနေ့ပြည့်နေလို့ အိမ်မှာပဲထားပေါ့ ၂ရက်လောက်နေမှ သူ့ကိုစစ်ပေးနိုင်မယ်ပေါ့။ ဘေးပတ်ဝန်းကျင်တွေက စိုးရိမ်တာလေ၊ ဒီတယောက်ကတော့ အနံ့ပျောက်ပြီ၊ နောက် သူ့မိသားစုက ဘယ်လိုလုပ်မလဲပေါ့၊ သူ့ကိုဆက်ပြီးထားဖို့ ခက်နေတာလေ။ အခုလောလောဆယ်တော့ ခြံကျယ်ကျယ်တနေရာမှာ သူ့ကိုတယောက်တည်း ခွဲပြီးထားရမှာပေါ့။"

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇွန်လ ၂၂ရက်၊ ည ၈နာရီ ထုတ်ပြန်ထားတဲ့စာရင်းအရ ကိုဗစ်အတည်ပြုလူနာသစ် ၆၃၀ ဦးနဲ့ သေဆုံးသူ ၂ ဦး ရှိခဲ့ပါတယ်။ အဲဒီထဲက အတည်ပြုလူနာ ၈၂ဦးကိုတော့ ရှမ်းပြည်နယ်အတွင်းက မြို့နယ် ၉ခုမှာ အတည်ပြုနိုင်ခဲ့တာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG