သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးမှာ ကိုဗစ်အတည်ပြုလူနာ ၇ ဦး သေဆုံး


ကိုဗစ်ရောဂါဖြင့် သေဆုံးသူတဦးအားမြှပ်နှံပြီး ပြန်လာသည့် အာချေးဒေသမှ ဝတ်စုံပြည်လုပ်သားများ (ဓာတ်ပုံ - CHAIDEER MAHYUDDIN / AFP)
ကိုဗစ်ရောဂါဖြင့် သေဆုံးသူတဦးအားမြှပ်နှံပြီး ပြန်လာသည့် အာချေးဒေသမှ ဝတ်စုံပြည်လုပ်သားများ (ဓာတ်ပုံ - CHAIDEER MAHYUDDIN / AFP)

(Zawgyi/Unicode)

ကူးစက်မြန် ပြင်းထန်တဲ့ မျိုးရိုးဗီဇကွဲ ကိုဗစ်ပိုးသစ် တွေ့ရှိထားတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့မှာ ကိုဗစ်အတည်ပြုလူနာ ၇ ဦး ဒီနေ့ သေဆုံးခဲ့ပါတယ်။ ကိုဗစ်အတည်ပြုလူနာနဲ့ သေဆုံးသူဦးရေ တိုးလာနေတဲ့ အဲဒီဒေသမှာ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် လိုအပ်ချက်တွေလည်း ရှိနေတာပါ။ ဒီလို အခက်အခဲတွေကြားထဲကနေ စေတနာရှင်လုပ်အားပေးတွေ ပူးပေါင်းပြီး ကိုယ်ထူကိုယ်ထစနစ်နဲ့ ကပ်ရောဂါတိုက်ဖျက်နေကြတဲ့အကြောင်း ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို မခင်ဖြူထွေးက ပြောပြပါမယ်။

ကူးစက်မြန် မျိုးရိုးဗီဇကွဲ ကိုဗစ်ပိုးသစ်တွေ့ရှိထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ထဲက စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ကိုဗစ်အတည်ပြုလူနာတွေ သေဆုံးတာ ထပ်ရှိနေပါတယ်။ ဒီနေ့ ဇွန်လ ၁၇ ရက်နေ့မှာ ၇ ဦး သေဆုံးတယ်လို့ ကိုဗစ်လူနာတွေအတွက် ပရဟိတ အကူအညီပေးနေသူတွေက ပြောပြပါတယ်။ လောလောဆယ် ကလေးမြို့မှာ ကိုဗစ် အတည်ပြုလူနာ ၂၀၀ ကျော် ရှိတယ်ဆိုပေမဲ့ ဒီ့ထက်မက များနိုင်တယ်လို့လည်း ကလေးမြို့ ကိုဗစ်တိုက်ဖျက်ရာမှာ ပါဝင်နေတဲ့ စေတနာရှင်လုပ်အားပေးက ဗွီအိုအေကို ပြောပါတယ်။

"ကျနော်တို့ သိနိုင်သလောက်ကတော့ လူနာ ၂၂၀ ကျော်နေပြီ၊ ကလေးမြို့နယ်အတွင်းပေါ့နော်။ ဒါပေမဲ့ ဘာမှအကြောင်းမကြားဘဲနဲ့ ကိုယ့်ဟာနဲ့ကိုယ် အိမ်မှာ Quarantine လုပ်နေတဲ့သူက များတယ်ဆိုတော့ ကျနော်တို့ဆီမှာ စာရင်းဝင်ထားတာက အားလုံးတော့မဟုတ်ပါဘူး။ လက်ရှိ ကျနော်တို့မြို့နယ်မှာ ၂၃၀ နီးပါးရှိပြီ။ ခုနလေးတင် ကျနော်တို့ဆီ အကြောင်းမကြားဘဲနဲ့ အရေးပေါ်ဖြစ်ပြီး အောက်ဆီဂျင်လိုနေတယ်ဆိုတော့ အဲဒါမှပဲ ကျနော်တို့သိတာ။ ကိုဗစ်ကတော့ များမှာပဲ။ ကျနော်တို့ဘက်မှာ စိုးရိမ်ရတယ်။"

ကူးစက်မြန်သလို ရောဂါပြင်းထန်နိုင်တဲ့ Alpha, Delta နဲ့ Kappa မျိုးရိုးဗီဇကွဲ ကိုဗစ်ပိုးသစ်တွေကို ကလေးမြို့အပြင် ရန်ကုန်၊ မန္တလေး၊ မြိတ်နဲ့ တမူးမြို့တို့မှာ တွေ့ရှိထားတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာက သတင်းထုတ်ပြန်ထားပါတယ်။
Alpha ဆိုတာက မူလ ဗြိတိန်နိုင်ငံမှာ စတွေ့ခဲ့တဲ့ပိုးကို WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နာမည်ပေးထားတာဖြစ်ပြီး Delta နဲ့ Kappa ကတော့ အိန္ဒိယနိုင်ငံမှာ တွေ့ရှိခဲ့တဲ့ ကိုဗစ်ရောဂါပိုးမျိုးကွဲတွေဖြစ်ပါတယ်။

အခုလို ကူးစက်မြန် ကိုဗစ်ပိုးတွေ မြန်မာနိုင်ငံမှာ တွေ့လာလို့ ကိုဗစ်တတိယလှိုင်းဖြစ်မှာ စိုးရိမ်နေရချိန်မှာပဲ ကိုဗစ်အတည်ပြုလူနာ ၂၀၀ ကျော်ရှိနေတဲ့ ကလေးမြို့မှာ လူနာတွေကို ကုသပေးနိုင်ဖို့ ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်ရှိနေပါတယ်။ ဒါပေမဲ့လည်း ကိုယ်ထူကိုယ်ထစနစ်နဲ့ ကြိုးစားကုသပေးနေကြတယ်လို့ စေတနာရှင်လုပ်အားပေးတဦးက ပြောပါတယ်။
"ကျနော်တို့ အခုတလော ဆရာဝန်၊ ဆရာမတွေ မရှိသလောက်ပဲဆိုတော့ လူနာကလည်းများတယ်။ တော်တော်လေးကို ခက်ခဲနေတာ ဘယ်လိုလုပ်ရမလဲ မသိဘူး။ အဘက်ဘက်ကနေ ပါဝင်ပြီးတော့ ကူညီပေးသူတွေလည်းရှိတယ်။ တချို့ အောက်ဆီဂျင်နဲ့ တချို့က ငွေရေးကြေးရေးနဲ့ တချို့က ဆေးနဲ့ အဲလိုကူညီကြတယ်။ အခုတလောကတော့ တော်တော်လေးခက်တာဗျ။"

ကလေးမြို့က လူနာတွေအတွက် လိုအပ်တဲ့အောက်ဆီဂျင်ကို မုံရွာမြို့ပေါ်နဲ့ မန္တလေးမြို့အထိ စေတနာ့ဝန်ထမ်းတချို့က သွားရောက်သယ်ဆောင်ပေးနေကြပါတယ်။
"မုံရွာမှာလည်း ကျနော်တို့ ဗူးခွံတွေပို့ပြီးတော့ အပ်တယ်ဗျ။ အခု မန္တလေးကဗူးတွေကိုလည်း ကျနော်တို့က တခြားပရဟိတအသင်းက ဗူးတွေငှားပြီးတော့ပေါ့၊ ဗူးပေါက်ကြေးပေးရတာပေါ့။ အဲလိုနည်းနဲ့လည်း သယ်ဖို့လုပ်နေကြတယ်ဗျ။ လုံလောက်မှုကတော့ မရှိဘူး။ ဒီနေ့ဆို လုံးဝပြတ်သွားတယ်ဗျ။ ကျနော့ အောက်ဆီဂျင်ကတော့ အလှူရှင်တွေနဲ့ အားကိုးပြီး လည်ပတ်နေတာပါဗျ။"

စစ်အာဏာသိမ်းပြီး နိုင်ငံရေးအခြေအနေ မတည်ငြိမ်တာရော လုံခြုံရေး စိုးရိမ်ရတာကြောင့်ပါ သူတို့လို ပရဟိတ ကူညီပေးနေသူတွေအတွက်လည်း အခက်အခဲရှိပါတယ်။
"ကျနော်တို့ အခက်အခဲအဓိကကတော့ လူနာက အချိန်မရွေးရှိနိုင်တာဆိုတော့လေ ညမှာအောက်ဆီဂျင်လိုတယ်ဆိုရင် မသွားရဲဘူးဖြစ်နေတာ။ တဖက်ကလည်း အာဏာကိုလည်း မဆန့်ကျင်ရဲဘူး။ တဖက်ကလည်း CDM ကိုလည်း ကြောက်ရသေးတယ်။ အဓိက ညမှာ အရေးပေါ်လူနာရှိတယ်ဆိုရင် ပိုတောင်ခက်တယ်။ ကျနော်တို့ ကြောက်ပေမဲ့လည်း မသွားလို့လည်းမဖြစ်ဘူး။ လူနာတွေက အရေးပေါ်တွေဆိုတော့ သွားမခေါ်လို့လည်း မဖြစ်ဘူးဆိုတော့ အဲဒါ ထွက်နေကြတာပဲ။"

ပြီးခဲ့တဲ့ ဇွန်လ ၁၀ရက်နေ့တုန်းကလည်း ကလေးမြို့မှာ ကိုဗစ်ကြောင့် သေဆုံးသူ တနေ့တည်း ၁၀ ဦးအထိ ရှိခဲ့ပါတယ်။
ပဲခူးတိုင်းလက်ပံတန်းမြို့နယ်ထဲက ရွာတရွာနဲ့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်တို့က ကျောင်းတကျောင်းမှာလည်း အစုလိုက် ကိုဗစ်ကပ်ရောဂါဖြစ်ပွားတာ တွေ့ရှိခဲ့ပြီးနောက် ကိုဗစ်ထိန်းချုပ်ရေးဆောင်ရွက်ချက်တွေ သက်ဆိုင်ရာကလုပ်နေပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံမှာကိုဗစ် တတိယလှိုင်း ဖြစ်မလာအောင် ကာကွယ်ဆောင်ရွက်မှုတွေ လုပ်နေသလို ပြည်သူတွေကိုလည်း ကိုဗစ်စည်းကမ်းတွေအတိုင်း လိုက်နာကြဖို့ တိုက်တွန်းနေပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇွန်လ ၁၆ ရက်၊ ည ၈ နာရီ ထုတ်ပြန်ထားတဲ့ စာရင်းအရပြည်တွင်းမှာ ဓါတ်ခွဲနမူနာ ၃,၅၀၀ ကျော် စစ်ဆေးတာမှာ ကိုဗစ်အတည်ပြုလူနာသစ် ၃၅၅ ဦး ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စုစုပေါင်း ကိုဗစ်ကပ်ရောဂါဖြစ်ပွားသူ လက်ရှိမှာ ၁၄၆,၀၀၀ ကျော်ရှိပါတယ်။ သေဆုံးသူစုစုပေါင်းကတော့ ၃,၃၅၀ ထက်မနည်းရှိပါတယ်။ ပြန်လည်နေကောင်းလာသူကတော့ ၁၃၀,၀၀၀ ကျော်ရှိပါတယ်။

.........................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)










XS
SM
MD
LG