သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးမြို့ ကာကွယ်ဆေးထိုးပြီးသူတဦးမှာ ကိုဗစ်ရောဂါပိုးတွေ့


မန္တလေးတိုင်းဒေသကြီး၊ ဧရာစင်တာ ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာန (ဓာတ်ပုံ -Ministry of Health and Sports, Myanmar - ဒီဇင်ဘာ ၂၄၊ ၂၀၂၀)
မန္တလေးတိုင်းဒေသကြီး၊ ဧရာစင်တာ ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာန (ဓာတ်ပုံ -Ministry of Health and Sports, Myanmar - ဒီဇင်ဘာ ၂၄၊ ၂၀၂၀)

(Zawgyi/Unicode)

ပြည်တွင်းမှာ ကိုဗစ်ရောဂါပိုးကူးစက်ခံရသူတွေ များလာလို့ ကိုဗစ်တတိယလှိုင်း စနေပြီလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေချိန်မှာပဲ ကိုဗစ်ကာကွယ်ဆေးထိုးထားပြီးသူတယောက် ကိုဗစ်ကပ်ရောဂါ နောက်တကြိမ်ဖြစ်ပွားခဲ့ပါတယ်။ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ကာကွယ်ဆေးအပြည့်အဝ ထိုးထားပြီးတဲ့ ဌာနမှူးတဦးမှာ အခုလို ကိုဗစ်ပိုးတွေ့ရှိခဲ့တာပါ။ အတည်ပြုလူနာတွေ ပြန်များလာလို့ ကိုဗစ်စည်းကမ်းချက်တွေကို အလေးထားဖို့ တိုက်တွန်းမှုတွေရှိနေတဲ့အကြောင်း ရန်ကုန်ကလာတဲ့ ဒီသတင်းအပြည့်အစုံကိုတော့ မဆုမွန်ပြောပြမှာပါ။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ဌာနမှူးတဦးဟာ သာမန်နေမကောင်းဖြစ်ရာကနေ ကိုဗစ်ရောဂါရှိ မရှိစစ်ဆေးခဲ့တာမှာ ကိုဗစ် Positive ဖြစ်ခဲ့ပါတယ်။ သူဟာ အိန္ဒိယနိုင်ငံကလာတဲ့ Covidshield ကာကွယ်ဆေးကို ၂ ကြိမ်ထိုးထားပြီးသူပါ။ သူနဲ့အတူ မိသားစုဝင်တွေမှာလည်း ကိုဗစ်ရောဂါပိုးကူးစက်နေပေမဲ့ စိုးရိမ်စရာအခြေအနေမရှိဘူးလို့ မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဝင်းနိုင်က ဗွီအိုအေကိုပြောပါတယ်။

"ကာကွယ်ဆေးကတော့ ကျနော်တို့ဆီမှာက အိန္ဒိယနဲ့ တရုတ်ပဲရှိတာလေ။ သူတို့က အိန္ဒိယကာကွယ်ဆေး ၂ ကြိမ်ထိုးထားတာပေါ့။ ထိုးထားတော့ ကာကွယ်ဆေးက ၅၀ ရာခိုင်နှုန်းပဲ အကျိုးသက်ရောက်တာကို။ ၂၀ ရာခိုင်နှုန်းလောက်က ကာကွယ်ဆေးက အောင်ချင်မှအောင်မှာပေါ့။ ဒါကြောင့်မို့ အဲဒီ ၂၀ ရာခိုင်နှုန်းထဲမှာ ပါသွားတာလည်းဖြစ်မှာပေါ့။ စိုးရိမ်စရာတော့ မရှိပါဘူး။ သူတို့လည်း ဘာလက္ခဏာမှမပြဘူး။ ဖျားတာလေးနည်းနည်းဖြစ်တာနဲ့ ကိုဗစ်ကိုစစ်လိုက်လို့ Positive တွေ့သွားတာ။ ကျန်တဲ့သူတွေ ထိတွေ့သူတွေကိုလည်း စစ်ပါတယ်။ ကာကွယ်ဆေးထိုးတိုင်း အကုန်လုံးအကျိုးသက်ရောက်မှာတော့ မဟုတ်ဘူး။ ကာကွယ်ဆေးထိုးထားတာကတော့ မထိုးထားတာထက်စာရင် အများကြီးကောင်းပါတယ်။"

ဗြိတိန်နိုင်ငံ Oxford တက္ကသိုလ်နဲ့ AstraZeneca ဆေးကုမ္ပဏီတို့ ပူးတွဲစမ်းသပ်ထားတဲ့ဆေးကို အိန္ဒိယနိုင်ငံမှာ Covishield ဆိုပြီး ထုတ်လုပ်ပါတယ်။ ဒီဆေးက ၂ ကြိမ် အပြည့်အဝ ဆေးထိုးထားရင် ကိုဗစ်ကပ်ရောဂါကို ၇၀% ကာကွယ်နိုင်တယ်လို့ စမ်းသပ်တေ့ွရှိထားတာပါ။ ခုလို ကိုဗစ်ကာကွယ်ဆေးထိုး အပြည့်အဝ ထိုးထားပြီးသူတွေမှာ ရောဂါပိုးရှိနိုင်တာ နိုင်ငံတချို့မှာ ဖြစ်စဉ်တွေရှိပေမဲ့ မြန်မာနိုင်ငံမှာတော့ ဒါဟာ ပထမဆုံးအတည်ပြုနိုင်တာပါ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာလည်း ဒီနေ့ အသက် ၆၁ နှစ်နဲ့ ၇၆ နှစ်အရွယ် အသက်ကြီးပိုင်းတွေ ကိုဗစ်ရောဂါကြောင့် သေဆုံးခဲ့ပါတယ်။ ရောဂါအခံတွေရှိလို့ ဆေးရုံလာတက်ရာကနေတဆင့် ကပ်ရောဂါသံသယကြောင့် စစ်ဆေးရာမှာ ကိုဗစ်လူနာတွေအဖြစ် အတည်ပြုခံထားရသူတွေဖြစ်ပါတယ်။

စစ်အာဏာမသိမ်းခင် ဖေဖော်ဝါရီလ မတိုင်ခင်က ကိုဗစ်ရောဂါသံသယရှိသူ ဘယ်သူကိုမဆို စစ်ဆေးနိုင်ခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်မှာတော့ CDM လှုပ်ရှားမှုထဲ ကျန်းမာရေးဝန်ထမ်းတွေ တော်တော်များများပါဝင်ခဲ့လို့ ရောဂါစစ်ဆေးတာ အားနည်းခဲ့ပါတယ်။ ကိုဗစ်တတိယလှိုင်းဒဏ်ခံနေရတဲ့ ထိုင်းနိုင်ငံနဲ့နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မွန်ပြည်နယ်မှာတော့ ထိုင်းကနေပြန်ဝင်လာသူတွေထက် ပြည်တွင်းကူးစက်နှုန်းက တိုးလာနေလို့ ကပ်ရောဂါစည်းမျဉ်းတွေကို စနစ်တကျလိုက်နာဖို့လိုနေပြီလို့ မွန်ပြည်နယ် လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ဗွီအိုအေကိုပြောပါတယ်။

"နောက်ပိုင်းစစ်ဆေးတွေ့ရှိရတာက ယိုးဒယားပြန်တင် မဟုတ်ဘဲနဲ့ ဒီပြင်ပကလူနာတွေချည်းပဲ ဖြစ်နေတာပေါ့။ ပြင်ပလူနာတွေ ဖြစ်တဲ့အခါကျတော့ ဒီပိုးကလည်း အပြင်မှာထပ်ပြီးတော့ ပြန့်ပွားနေနိုင်တာပေါ့နော်။ ပြန့်ပွားနိုင်တဲ့အခါကျတော့ ကိုဗစ် ပထမလှိုင်းဒဏ်၊ ဒုတိယလှိုင်းဒဏ်တွေကို ကျနော်တို့အသည်းအသန် ခံပြီးသွားပြီ။ ဒီ တတိယလှိုင်းဒဏ်အတွက် စည်းမျဉ်းစည်းကမ်းတွေ ထပ်ပြီးထုတ်တဲ့အခါမှာ ပြည်သူတွေပဲ ထပ်ပြီးဒုက္ခရောက်မှာစိုးတဲ့အတွက်ကြောင့် အခုအနေအထားနဲ့ဆိုရင်တော့ Mask စနစ်တကျတပ်ဆင်ပြီး သွားလာဖို့ကိုပြောချင်တာပေါ့နော်။"

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇွန်လ ၁၃ရက်၊ ည ၈နာရီ ထုတ်ပြန်ထားတဲ့စာရင်းအရပြည်တွင်းမှာကိုဗစ်အတည်ပြုလူနာ ၃၇၃ဦးနဲ့ သေဆုံးသူ ၃ဦး ရှိခဲ့ပါတယ်။ အတည်ပြုလူနာ အများဆုံးက ရန်ကုန်တိုင်းထဲမှာဖြစ်ပြီး စုစုပေါင်း ၂၂၆ ယောက်မှာ ၂၁၁ ယောက်က လှည်းကူးမြို့နယ်ထဲက ဖြစ်ကြပါတယ်။

..................................................................................

တိုက်ရိုက် လင့်ခ်


မန်တလေးမွို့ ကာကှယျဆေးထိုးပွီးသူတဦးမှာ ကိုဗဈရောဂါပိုးတှေ့

(Unicode)








XS
SM
MD
LG