သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပလက်ဝမှာ ကိုဗစ်ထိန်းချုပ်ရေး တင်းကြပ်လုပ်ဆောင်နေ


ချင်းပြည်နယ် ပလက်ဝမြို့ဝင် (ဓာတ်ပုံ- CUSF - Paletwa)
ချင်းပြည်နယ် ပလက်ဝမြို့ဝင် (ဓာတ်ပုံ- CUSF - Paletwa)

(Zawgyi/Unicode)
အိန္ဒိယနိုင်ငံနဲ့ နယ်စပ်၊ မြစ်ဝကျေးရွာကနေ ချင်းပြည်နယ်၊ ပလက်ဝမြို့ကို ရောက်လာသူ ၇ ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တာကြောင့် ပလက်ဝမြို့မှာ ကိုဗစ်ကပ်ရောဂါထိန်းချုပ်ရေး တင်းတင်းကြပ်ကြပ်ဆောင်ရွက်နေသလို အခြေခံပညာကျောင်းတွေကိုလည်း ယာယီပိတ်လိုက်ပါတယ်။ ပလက်ဝဘက်က ကိုဗစ်ဆိုင်ရာ နောက်ဆုံးအခြေအနေ ရခိုင်ကလာတဲ့သတင်းကို ကိုရန်နိုင်က ပြောပြပေးပါမယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ဇွန်လ ၈ ရက်နေ့က အိန္ဒိယနိုင်ငံနဲ့ နယ်စပ်ဖြစ်တဲ့ မြစ်ဝကျေးရွာကနေပြန်လာတဲ့သူ ၇ ဦးမှာ ကိုဗစ်ရောဂါစစ်ဆေးတွေ့ရှိခဲ့ပါတယ်။ နယ်စပ်ဘက်ကနေ လာသူတွေဖြစ်လို့ ဆေးစစ်ခဲ့ရာမှာ ကိုဗစ်ဖြစ်နေတာ တွေ့ရှိခဲ့တာပါ။ အဲဒီထဲကတယောက်ကို အထူးစောင့်ကြည့်နေတယ်လို့ ပလက်ဝမြို့နယ်ဆေးရုံအုပ် ဒေါက်တာစိုးသန်းဝင်းကပြောပါတယ်။

“အိန္ဒိယနယ်စပ်ဘက် ရွာမှာနေတဲ့သူ အဲလူတွေမှာ ပိုးစစ်တာတွေ့တာဗျ။ ပိုးတွေ့လူနာက ၇ယောက်ပါ ၈ ရက်နေ့ကတွေ့တာပေါ့။ စိုးရိမ်စရာကတော့ ၆ ယောက်ကတော့ လူငယ်ပိုင်းပါပဲ သိပ်စိုးရိမ်စရာမလို အသက်ကြီးပိုင်းတယောက်ကတော့ ရောဂါအခံလည်းရှိတယ်ဆိုတော့ သူကတော့ နည်းနည်း စောင့်ကြည့်ရမယ့် အထဲမှာ ပါတယ်ဗျာ။ လတ်တလော အခြေအနေကတော့ ကောင်းပါတယ်။”

ပလက်ဝမြို့မှာ ကိုဗစ်အတည်ပြုလူနာ ၇ ယောက်တွေ့ရှိပြီးတဲ့နောက် ပလက်ဝမြို့နယ်က အခြေခံကျောင်းတွေအားလုံးကို ယာယီပိတ်ထားပါတယ်။ ပညာရေးဝန်ထမ်းတွေနဲ့ ရုံးဝန်ထမ်းတွေကိုလည်း အသွားအလာ ကန့်သတ်လိုက်တယ်လို့ ပလက်ဝမြို့နယ် ပညာရေးမှူး ဦး ကီးလောဟာ ကပြောပါတယ်။
“ဟုတ်ပါတယ် မနေ့က ၉ ရက်နေ့က စပြီးတော့ ကျောင်းတွေကို ယာယီပိတ်လိုက်တာပါ။ ”

ချင်းပြည်နယ်နဲ့ ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံမှာ စိုးရိမ်စရာ ကောင်းလောက်အောင် ကိုဗစ်ရောဂါပျံ့နှံ့ကူးစက်နေတာကြောင့် အိန္ဒိယနယ်စပ်တွေက ပြန်လာသူတွေကို တင်းကြပ်စစ်ဆေးနေတာပါ။ ကိုဗစ် အတည်ပြုလူနာတွေ ရှိလာတာကြောင့် ပလက်ဝမြို့နယ်ထဲမှာ ကိုဗစ်အသိပညာပေးမှုတွေကို လုပ်ဆောင်နေတယ်လို့ ဒေါက်တာ စိုးသန်းဝင်းကပြောပါတယ်။
“အဲဒီဘက်က လူဝင်လူထွက်တွေကိုတော့ ကျနော်တို့ မြို့ဝင်ပေါက်တွေမှာ ပူးပေါင်းအဖွဲ့နဲ့ စစ်တယ်ခင်ဗျာ။ စစ်ပြီးတော့မှ သံသယလူနာတွေ့တယ်ဆိုရင် ကျနော်တို့တခါတည်း နှာခေါင်းတို့ပတ်ယူပြီး စစ်တယ်ခင်ဗျာ။ quarantine ထားဖို့ လုပ်ထားတယ်။ မြို့အဝင်အထွက်တွေမှာ တင်းကြပ်တာရှိတယ်။ ကျန်တဲ့ ကျန်းမာရေး ဌာနာကတော့ ကျန်းမာရေး ပညာပေးတာပေါ့ song box တွေနဲ့ မြို့ထဲမှာ လှည့်လည်ပြီးတော့မှ ကျန်းမာရေး ပညာပေးတာလုပ်တယ်။ ပြီးတော့ quarantine ထားတဲ့ လူတွေအတွက်ကို ကျန်းမာရေး စောင့်ရှောက်တာတွေ ကျန်းမာရေး စစ်ဆေးတာတွေလုပ် စသဖြင့် အဲတာတွေ လုပ်ပေးနေပါတယ်။ ”

စစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ ၂၀၁၉ ခုနှစ်အစပိုင်းထဲက ပလက်ဝမြို့နယ်ထဲ ကုန်းလမ်း၊ ရေလမ်း အဝင်အထွက်နဲ့ အသွားအလာ ကန့်သတ်ခံထားရတာပါ။ ပလက်ဝမြို့မှာ မေလ ၂၈ ရက်နေ့က ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီးနောက် ပလက်ဝမြို့နယ်တခုလုံးရဲ့ လမ်းပန်းဆက်သွယ်ရေးတွေကို အာဏာပိုင်တွေက ပိတ်လိုက်သလို လက်ရှိမှာလည်း ကိုဗစ်ကြောင့် ဈေးတွေ ပိတ်ထားရတဲ့အတွက် ဒေသခံတွေ စားနပ်ရိက္ခာ အခက်ကြုံနေရတယ်လို့ ပလက်ဝဒေသခံ ကိုတင်ထွန်းအောင်ကပြောပါတယ်။

“သူတို့ကတော့ လက်ဆေးဖို့ ဘာညာ နေ့တိုင်းပုံမှန်ကတော့ တရက်မှာ နှစ်ကြိမ် သုံးကြိမ်လောက်တော့ သူတို့ကတော့ နှိုးဆော်ပေးပါတယ်။ နောက်ပြီးတော့ ဈေးကြီးတွေကိုလည်း ပိတ်ထားတယ်။ နောက်ထပ်ပြီးတော့ သူတို့က ဘာလဲဆိုတော့ လူထုက ကြောက်ပြီး အိမ်ထဲကမထွက်ဘဲ နေကြတာကိုလည်း တွေ့နေရပါတယ်။ တချို့ကျတော့လည်း စားဝတ်နေရေး အခက်အခဲကြောင့် ရုန်းကန်ပြီးတော့ အခုဆိုရင် ဆန်တွေကို တချို့လှောင်ထားပြီးတော့ မရောင်းတော့ဘူး။ ဆန်ဈေးကလည်း ကျနော်တို့ ပထမပြောမယ်ဆိုရင် ဇွန်လ ပထမအပတ်တောင်မှ ဆန်အညံ့ဆုံးက ၃၄,၀၀၀ တောင်ရှိတယ်။ အခုဆိုရင်တော့ ၆၀,၀၀၀ ပတ်ဝန်းကျင်လောက် အနေအထားကို ရောက်နေပါပြီ။ အခုကဘာလဲဆိုတော့ ကျောက်တော် ပလက်ဝ လမ်းခရီးကိုလည်း အသွားအလာဖြတ်တောက်လိုက်တယ်။ ဆန်ဈေးတွေကလည်း အဆမတန် ပြောမယ်ဆိုရင် ဝယ်ချင်လို့တောင် ဝယ်လို့မရတဲ့ အနေအထားကို တွေ့မြင်လာရတယ်။ ”

ချင်းပြည်နယ်နဲ့ ကပ်နေတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာလည်း ဘင်္ဂလားဒေရှ့်ဘက်က ပြန်လာတဲ့ ကုန်သည်တွေ မကြာခဏဆိုသလို ကူးဗစ်ကူးစက်မှုတွေ ရှိနေပေမယ့် နယ်စပ်ကုန်သွယ်ရေးတွေလည်း ပိတ်ထားတာမရှိသလို မြို့တွင်း ကျန်းမာရေးသတိပေးတာတွေလည်း မတွေ့ရပါဘူး။

.....................................................................

တိုက်ရိုက် လင့်ခ်



(Unicode)







XS
SM
MD
LG