သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ COVID-19 ကူးစက်သူ ၃,၃၅၈ ယောက်၊ သေဆုံးသူ ၁၀၁ ဦး ထပ်တိုး


တရုတ်နိုင်ငံလုပ် Sinovac ကိုဗစ်ကာကွယ်ဆေးများ (ဓာတ်ပုံ -AFP)
တရုတ်နိုင်ငံလုပ် Sinovac ကိုဗစ်ကာကွယ်ဆေးများ (ဓာတ်ပုံ -AFP)

Zawgyi/Unicode

ကိုဗစ်တတိယလှိုင်းနဲ့ ရင်ဆိုင်နေရဆဲဖြစ်တဲ့ မြန်မာနိုင်ငံတဝန်း ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၃၉,၄၆၁ ခုကို စစ်ဆေးခဲ့တာမှာ ရောဂါပိုးတွေ့သူ ၃,၃၅၈ ယောက်ရှိပြီး သေဆုံးသူ ၁၀၁ ယောက်ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနက ည ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။

ကျန်းမာရေးပညာရှင်တွေနဲ့ ပရဟိတ ကူညီပေးနေသူတွေကတော့ အမှန်တကယ် ကူးစက်သေဆုံးနှုန်းဟာ တရားဝင်ထုတ်ပြန်တာထက် ပိုများနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

စစ်ကောင်စီရဲ့ ဒီကနေ့ ထုတ်ပြန်ချက်တခုထဲမှာတော့ သြဂုတ်လ ၂၈ ရက်နေ့က ဓာတ်ခွဲစစ်ဆေးချက် အဖြေတွေအရ မျိုးရိုးဗီဇကွဲ COVID-19 Delta မျိုးစိတ် ကူးစက်ခံထားရသူ ၁၅ ဦးတွေ့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ ကိုဗစ်တတိယလှိုင်းမှာ ကူးစက် သေဆုံးသူ အရေအတွက် ပိုများရတာဟာ Delta မျိုးစိတ် ကူးစက်တာကြောင့်ဖြစ်တယ်လို့ အများကနားလည်ထားကြပေမယ့် စစ်ကောင်စီဘက်ကတော့ အခုမှသာ Delta ကူးစက်ခံရသူတွေ တွေ့တယ်ဆိုပြီး တရားဝင် သတင်းထုတ်ပြန်တာပါ။

ရောဂါကူးစက်မှုကို ကာကွယ်ဖို့ ကိုဗစ်ကာကွယ်ဆေးထိုးတာက အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုထားကြပြီး ဘယ်ကာကွယ်ဆေးပဲရရ ထိုးကြဖို့လည်း အများပြည်သူကို တိုက်တွန်းထားပါတယ်။

အသက်အရွယ်ကြီးသူတွေကို စစ်ကောင်စီ ကျန်းမာရေးဌာနက တရုတ်ထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေသလို ပုဂ္ဂလိကပိုင်းကလည်း အခကြေးငွေနဲ့ ထိုးပေးတာတွေ၊ စီးပွားရေးလုပ်ငန်းတွေက သူတို့ဝန်ထမ်းတွေကို ထိုးပေးတာတွေလည်းရှိပါတယ်။

......................................................................................


(Unicode)







XS
SM
MD
LG