သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ရောဂါကူးစက်မှုများလာပေမယ့် ကပ်ဘေးစည်းမျဉ်းလိုက်နာမှုနည်း


 ချင်းပြည်နယ်ထဲက ကိုဗစ်ရောဂါနဲ့သေဆုံးသူတဦးအား မြုပ်နှံစဉ် (ဓာတ်ပုံ - Courtesy)
ချင်းပြည်နယ်ထဲက ကိုဗစ်ရောဂါနဲ့သေဆုံးသူတဦးအား မြုပ်နှံစဉ် (ဓာတ်ပုံ - Courtesy)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ ပြန်လည်များလာနေတာမှာ ဇွန်လ ၂၁ ရက်နေ့က အတည်ပြုလူနာ ၆ ရာနီးပါးအထိရှိခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အတည်ပြုလူနာ အများဆုံးဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါကူးစက်သူ ပြန်များလာနေချိန်မှာ ပြည်သူတွေကြား ကိုဗစ်ကပ်ရောဂါဆိုင်ရာ စည်းကမ်းတွေကို ဘယ်လောက်အလေးထားနေကြပါသလဲ ရန်ကုန်ကလာတဲ့ ကိုဗစ်အခြေအနေနဲ့ပတ်သက်တဲ့ သတင်းအပြည့်အစုံကို အလိမ္မာ ပြောပြမှာပါ။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇွန်လ ၂၁ ရက်၊ ည ၈နာရီ ထုတ်ပြန်ထားတဲ့ စာရင်းအရ ပြည်တွင်းမှာ ကိုဗစ်ပိုးတွေ့လူနာသစ် ၅၉၅ ဦးနဲ့ သေဆုံးသူ ၃ ဦး ရှိခဲ့ပါတယ်။ ပိုးတွေ့လူနာဦးရေဟာ အာဏာသိမ်းပြီးနောက် ဓာတ်ခွဲစစ်ဆေးမှုတွေထဲ အများဆုံးအတည်ပြုနိုင်တဲ့ အရေအတွက်လည်း ဖြစ်ခဲ့ပါတယ်။ ဒီလို ကူးစက်မှုတွေတိုးလာနေပေမဲ့ ပြည်သူတွေကြားမှာတော့ ကပ်ရောဂါစည်းမျဉ်း လိုက်နာမှုတွေ အားနည်းနေတယ်လို့ ကိုဗစ်တိုက်ဖျက်ရေးမှာ ပါဝင်နေတဲ့ စေတနာရှင် လုပ်အားပေးတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းဒဏ်ကို ခံခဲ့ရပြီးတဲ့နောက် အခုလို စစ်အာဏာသိမ်းတာရဲ့ နောက်ဆက်တွဲ ပြည်တွင်းရေးမငြိမ်သက်မှုတွေကြားမှာ ကိုဗစ်တတိယလှိုင်းဒဏ်ခံရမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။ စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့အနေနဲ့ ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်း တော်တော်များများ CDM လှုပ်ရှားမှုလုပ်နေကြသလို လုပ်အားပေးတွေလည်း နည်းပါးနေချိန်မျိုးမှာ ကပ်ရောဂါသတိ ပိုပြီးရှိကြဖို့ စေတနာရှင် လုပ်အားပေးတဦးက တိုက်တွန်းထားပါတယ်။

"အခုလည်း နလံထခါစရှိသေးတယ်။ ကျနော်တို့ နိုင်ငံရေးအခြေအနေအရလည်း ဆက်ပြီးတော့ ဒုက္ခရောက်ကြပြန်တယ်။ ဒီကြားထဲမှာပဲ ဒီကိုဗစ်ကပါ ထပ်ပြီးတော့နှိပ်စက်လာမယ် ဆိုရင်တော့ တကယ်တမ်းနစ်နာမှာက ပြည်သူတွေပဲ။ အဲဒါကြောင့် ဒီလိုပုံစံကြီး ပြန်ပြီးတော့မဖြစ်ဖို့အတွက် မိမိတို့ကိုယ်စီကိုယ်တိုင်က အပြင်ထွက်တိုင်း Mask တပ်မယ်။ မဖြစ်မနေ အပြင်သွားရမယ်ဆိုရင် စည်းကမ်းတကျလေးနဲ့ တယောက်နဲ့တယောက် ၆ပေအကွာ သွားကြတာတို့၊ အိမ်ပြန်ရောက်ရင် လက်ဆေးတာတို့ ဒါမျိုးတွေ အသုံးပြုပြီးတော့ စပြီးကာကွယ်တဲ့အခါကျရင် ကူးစက်မှုနှုန်းတွေနည်းလာမယ်။"

ပြည်တွင်းကပ်ရောဂါ ကူးစက်မှုတွေထဲ တနေရာထဲမှာ အစုလိုက်ကူးစက်မှုတွေ ရှိလာတာကိုလည်း သတိပြုကြဖို့ ကျန်းမာရေးတာဝန်ရှိသူတွေက သတိပေးနေပါတယ်။ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းအပြင် နေပြည်တော်မှာပါ အစုလိုက် ကူးစက်မှုတွေ ဖြစ်နေတာပါ။ နေပြည်တော်၊ ဇဗ္ဗူသီရီမြို့နယ်ထဲက မစိုးရိမ်တိုက်သစ်က သံဃာ ၅၀ ထက်မနည်းလည်း ကိုဗစ်ကပ်ရောဂါ ကူးစက်နေလို့ ဘုန်းကြီးကျောင်းကို Lockdown ချထားပါတယ်။

အဆောင်နေသူ အစိုးရဝန်ထမ်း အများစုနေထိုင်ရာ နေပြည်တော်ကောင်စီမှာလည်း ရောဂါပိုးကူးစက်ခံထားရသူတွေ ရှိပါတယ်။ မြို့အဝင်အထွက် ဂိတ်တွေမှာ ကျန်းမာရေးစစ်ဆေးဆောင်ရွက်မှုတွေလည်း ရှိနေပါတယ်။ အခုလတ်တလောမှာ ရောဂါကူးစက်သူတိုးလာတယ်ဆိုပေမဲ့ မြို့တွင်းသွားလာနေကြသူတွေထဲ ကပ်ရောဂါစည်းမျဉ်း လိုက်နာသူ နည်းနေတယ်လို့ နေပြည်တော်မှာနေထိုင်တဲ့ ဒေသခံတဦးက ပြောပါတယ်။

"အဲဒီမှာ ရေးတော့ထားတာပဲ တယောက်နဲ့တယောက် ၆ပေအကွာ ဆိုပေမဲ့ ဒီလိုပဲ ၆ပေမခွာဘဲ သွားလာနေတာပဲ။ Mask ကတော့ တပ်ကြတယ်။ စားသောက်ဆိုင်တွေမှာဆိုလည်း လက်သန့်စင်ဆေးရည် ချပေးထားတယ်။ ဒါပေမဲ့ စောစောကပြောသလို ၆ ပေအကွာဆိုတာကတော့ လိုက်နာမှုအားနည်းတယ် ဒီလိုပဲ တန်းစီနေကြတာ။ ပိုက်ဆံရှင်းတဲ့နေရာမှအစ အကွက်လေးတွေချထားပေမဲ့ လူတွေကတော့ ဒီလိုပဲ သွားလာနေတာပဲ။"

ကိုဗစ်ကပ်ရောဂါ တတိယလှိုင်း ပြန့်ပွားမှုမဖြစ်အောင် သတိပေးနှိုးဆော်ချက်တွေကို ကျန်းမာရေးဝန်ကြီးဌာနက လုပ်နေပါတယ်။ ချင်းပြည်နယ်အတွင်းက တွန်းဇံ၊ တီးတိန်၊ ဖလမ်း၊ ထန်တလန်နဲ့ ဟားခါးတို့အပြင် စစ်ကိုင်းတိုင်းမှာရှိတဲ့ တမူးနဲ့ ကလေးအပါအဝင် ပဲခူးတိုင်းက လက်ပံတန်းနဲ့ ဖြူးမြို့နယ်အတွင်း နေထိုင်သူတွေကို မလိုအပ်ရင် အိမ်ပြင်မထွက်ရ Stay at Home သတ်မှတ်ထားတာပါ။ အဲဒီဒေသတွေမှာရှိတဲ့ စာသင်ကျောင်းတချို့ကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ပြီး၊ ဈေးတွေကိုလည်း အသွားအလာကန့်သတ်ထားပါတယ်။

......................................................................

တိုက်ရိုက် လင့်ခ်



(Unicode)









XS
SM
MD
LG