သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်မှာ တနေ့တည်း ကိုဗစ်ကူးစက်မှုစံချိန်တင်


တိုကျို ဆေးဝါးကုသရေးစင်တာက ဆေးဝန်ထမ်းတဦးမှ ကိုဗစ်ကာကွယ်ဆေး Pfizer-BioNTech အား ကိုင်တွယ်ပြသစဉ် (ဓာတ်ပုံ - ရိုက်တာ)
တိုကျို ဆေးဝါးကုသရေးစင်တာက ဆေးဝန်ထမ်းတဦးမှ ကိုဗစ်ကာကွယ်ဆေး Pfizer-BioNTech အား ကိုင်တွယ်ပြသစဉ် (ဓာတ်ပုံ - ရိုက်တာ)

ကမ္ဘာတလွှား ကိုဗစ်၁၉ ကူးစက်မှုတွေ မြင့်တက်လာနိုင်ချိန်မှာပဲ ဂျပန်နိုင်ငံမှာတော့ ဒီကနေ့ အင်္ဂါနေ့တရက်တည်းမှာတင် ကိုဗစ် ရောဂါပိုး ကူးစက်သူပေါင်း ခြောက်သောင်းအထိ ပထမဆုံးအကြိမ် စံချိန်တင်ကူးစက်မှုတွေဖြစ်ပွားခဲ့တယ်လို့ FNN သတင်းက ထုတ်ပြန်လိုက်ပါတယ်။ ဂျပန်အစိုးရအနေနဲ့ Omicron မျိုးကွဲဗီဇမျိုးသစ်ကိုဗစ်ရောဂါပိုး ကူးစက်မှု ကာကွယ်နိုင်ရေး ထိန်းချုပ်ကန့်သတ်မှုတွေ ထပ်တိုးလုပ်ဆောင်နိုင်ဖို့ ပြင်ဆင်နေချိန်မှာပဲ အခုလိုကူးစက်မှုတွေ မြင့်တက်လာနေတာဖြစ်ပါတယ်။

ကမ္ဘာ့ကပ်ရောဂါ Covid 19 ကူးစက်မှုတွေကို စောင့်ကြည့်မှတ်တမ်းယူနေတဲ့ အမေရိကန်အခြေစိုက် John Hopkins ဆေးတက္ကသိုလ်ရဲ့ထုတ်ပြန်ချက်အရ ဂျပန်တနိုင်ငံလုံးအတိုင်းအတာနဲ့ ဒီကနေ့ ဇန်နဝါရီလ ၂၅ရက်နေ့အထိ Covid19 ကူးစက်သူပေါင်းက နှစ်သန်းနှစ်သိန်းနှစ်သောင်းနဲ့ သုံးရာ့ရှစ်ဦးအထိရှိသွားပြီဖြစ်ပြီး ကိုဗစ်ကြောင့် သေဆုံးသူက တစ်သောင်းရှစ်ထောင် ငါးရာနှစ်ဆယ့်လေးဦးအထိရှိသွားပြီဖြစ်ပါတယ်။

ရုရှားနိုင်ငံမှာလည်း လွန်ခဲ့တဲ့၂၄နာရီအတွင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ Omicron မျိုးကွဲဗီဇမျိုးသစ်Covid ကူးစက်မှုတွေ စံချိန်တင်မြင့်တက်ခဲ့တယ်လို့ Covid19 ကပ်ရောဂါထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်နေတဲ့ ရုရှားအာဏာပိုင်တွေဘက်က သတင်းထုတ်ပြန်ပါတယ်။ နေ့စဉ်ကူးစက်မှုတွေဖြစ်ပွားမှု တရက်ကို ခြောက်သောင်းငါးထောင်ကျော်ကူးစက်နေရာကနေ ခြောက်သောင်းခုနှစ်ထောင်ကျော်အထိကူးစက်မှုအသစ်တွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ကိုဗစ်ကြောင့် ၆၈၁ဦးအထိ အသက်ဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ John Hopkins ဆေးတက္ကသိုလ်ရဲ့’ ဒီကနေ့ ထုတ်ပြန်ချက်အရဆိုရင်လည်း ရုရှားနိုင်ငံမှာ ကူးစက်မှုပေါင်း ဆယ်သန်းကိုးသိန်းရှစ်သောင်းရှစ်ထောင်ကျော်သွားပြီဖြစ်ပြီး သေဆုံးသူက သုံးသိန်းနှစ်သောင်းကျော်နေပြီဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံမှာတော့ ဒီကနေ့ ဇန်နဝါရီလ ၂၅ရက်နေ့ဟာ လွန်ခဲ့တဲ့နှစ်နှစ်က Covid19 ရောဂါပိုးနိုင်ငံမှာ ဝူဟန်ကနေပြန်လာသူတဦးဆီကနေ ပထမဆုံးကူးစက်မှုဖြစ်ပွားခဲ့တဲ့ နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ အခုချိန်အထိ သြစတြေးလျနိုင်ငံမှာ ၁.၆သန်းကျော်ကူးစက်ခံခဲ့ရပြီး လူသုံးထောင်ကျော် အသက်ဆုံးခဲ့ရပါတယ်။
အိုမီခရွမ်မျိုးကွဲဗီဇာပိုးသစ်ကူးစက်မှုတွေ မြင့်တက်လာနေချိန် သြစတြေးလျနိုင်ငံမှာ လူဦးရေ၉၃%လောက် Covid19 ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးဖြစ်တဲ့အတွက် ဆေးပညာရှင်တွေဘက်ကတော့ အကောင်းမြင်နေပြီး နောက်တကြိမ်အားဖြည့်ကာကွယ်ဆေးထိုးနိုင်ရေး ကြိုးပမ်းနေကြပါတယ်။

တကမ္ဘာလုံးမှာ ကူးစက်မှုအမြင့်မားဆုံးဖြစ်နေတဲ့ အမေရိကန်ပြည်ထောင်စုမှာတော့ ကူးစက်မြန် Omicron ဗီဇမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် ကူးစက်မှုတွေဟာ အရင် သီတင်းပတ်နဲ့ နှိုင်းယှဉ်ရင် ၁၂ ရာခိုင်နှုန်း လောက်ကျဆင်းသွားတယ်လို့ ရိုက်တာသတင်းရဲ့စစ်တမ်းကောက်ခံချက်မှာ ဖော်ပြလိုက်ပါတယ်။ ကူးစက်မှုအများဆုံးဖြစ်နေတယ် နယူးယောက် နယူးဂျာစီ ပင်ဆယ်ဗေးလ်နီးယားနဲ့ မေရီလန်းပြည်နယ် မြို့တော် ဝါရှင်တန်ဒီစီမြို့တော်တွေမှာ ကူးစက်မှုတွေ ကျဆင်းလာနေတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ပြည်နယ်တချို့မှာတော့ ကူးစက်မှုတွေရှိနေဆဲဖြစ်ပြီး ကိုဗစ်ကြောင့်သေဆုံးတဲ့ နှုန်းကတော့ ဆက်ပြီးတက်နေဆဲဖြစ်ပါတယ်။

ကိုဗစ်စဖြစ်ခဲ့တဲ့ နှစ်နှစ်ကာလအတွင်း ကမ္ဘာ့ကပ်ရောဂါCovid19 ကူးစက်မှုပေါင်းက တကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် သန်းငါးရာငါးဆယ့်ငါးအထိကူးစက်ခံခဲ့ကြရပြီး ကမ္ဘာတလွှားကိုဗစ်ကြောင့်အသက်ဆုံးသူက ငါးသန်းခြောက်သိန်းကျော်သွားပြီဖြစ်ပါတယ်။

..........................................................................................


(Unicode)






XS
SM
MD
LG