(Zawgyi/Unicode)
ကိုဗစ်ကူးစက်မှု တကြော့ပြန် ထပ်တိုးလာတဲ့ တောင်ကိုရီးယားနိုင်ငံမှာ ရောဂါကူးစက်မှု ထိန်းချုပ်ရေး ကန့်သတ်ချက်တွေကြောင့် စီးပွားရေးလုပ်ငန်းတွေ ထိခိုက်လာပြီး ၊ ကိုရီးယားရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်ချိန် လျှော့ချခံရတာ ၊ တချို့လည်း စက်ရုံတွေ ယာယီပိတ်ထားလို့ အလုပ်လုပ်မဲ့ဖြစ်နေတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်လာရတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ကိုဗစ် ပထမလှိုင်းဖြစ်ခဲ့တဲ့ မတ်လတုန်းက တနေ့တာအတွင်း ကူးစက်မှု (၈၅၀)ကျော်နဲ့ အများဆုံး စံချိန်တင်ခဲ့ဖူးရာက ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်လ တွေမှာ ပြန်လည် ထိန်းချုပ်နိုင်ခဲ့တာပါ။ အဲဒီနောက် သြဂုတ်လထဲမှာ ဒုတိယလှိုင်း ဖြစ်ခဲ့ပြီး ပြန်ငြိမ်သ ွားရာက အခုတခါ ပြန်ပေါ်လာတဲ့ တတိလှိုင်းအတွင်း ကူးစက်မှုတွေ မြင့်မားနေပါတယ်။
လတ်တလော ရောဂါကူးစက်မှု ထိန်းချုပ်ရေး ကန့်သတ်ချက်တွေရဲ့အကျိုးဆက်အဖြစ် ကိုရီးယားရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေလည်း အလုပ်အကိုင် အဆင်မပြေ ဖြစ်လာရတယ်လို့ တောင်ကိုရီးယားမှာ နှစ်ပေါင်းများစွာ နေလာတဲ့ အင်ချွန်းမြို့က ကိုရန်နိုင်ထွန်း ပြောတာက
“ဒီ ရောဂါ ကူးစက်မှုတွေက တော်တော်ကြီး များလာတော့ တချို့သော စက်ရုံတွေက အလုပ်ချိန် လျှော့ချလာတာမျိုး ဖြစ်လာတယ်။ အရင်ထက်စာရင် လစာ ဝင်ငွေ နည်းလာတာပေါ့။ တချို့အလုပ်တွေဆိုရင် တပတ်လုံးမှာမှ ၃ ရက်ပဲ လုပ်ရတာတို့အထိ ဖြစ်လာတယ်။ တချို့စက်ရုံတွေဆိုရင် မလွှဲမရှောင်သာ ပိတ်ထား- ရပ်နားထားရတဲ့ အခြေအနေတွေ ရှိနေတာပေါ့။ သို့သော်လည်း မြန်မာအများစုက အဆင်ပြေအောင် နေနေကြပါတယ်။”
ကိုရီးယားကိုဗစ် တတိယလှိုင်းအတွင်း ပြီးခဲ့တဲ့ နိုဝင်ဘာ (၂၅) နောက်ပိုင်းကစလို့ နေ့စဉ်ကူးစက်မှုနှုန်း (၅၀၀)ဝန်းကျင်နဲ့ အထက်မှာ ရှိလာတဲ့အတွက် အခုဆိုရင်ဈေးဆိုင်တွေကို ည(၉)နာရီမှာ ပိတ်ခိုင်းပြီး လူစုလူဝေးပွဲတွေကို မလုပ်ဖို့ တားမြစ်ထားတယ်လို့ ကိုရန်နိုင်ထွန်းက ရှင်းပြပါတယ်။
“ကိုရီးယားမှာ နေ့စဉ် ကူးစက်လူနာပေါင်းက ၅၅၀ ကနေ ၇၅၀ ကြားလောက်ထိ ဖြစ်လာတော့ အတော်ကို စိုးရိမ်ရတဲ့ ကူးစက်မှုနှုန်း ဖြစ်လာတဲ့အတွက် ကိုရီးယားအစိုးရကလည်း Social Distancing Level ကို 2.5 အဆင့်ကို ထားလိုက်ရတယ်ပေါ့ ။ 2.5 ဆိုတာက ဆိုင်တွေဆို ည ၉ နာရီကျရင် ဆက်မဖွင့်ရ တော့ဘူး၊ အဲဒီအချိန်မှာ စားသောက်ဆိုင်တွေလည်း အကုန်လုံးပိတ်ရမယ် ။ ပြောရရင်တော့ နေဝင်မီးငြိမ်းပေါ့။ လူတွေ စုဝေး မနေရဘူး ပွဲလမ်းသဘင်တွေ၊ ညပွဲတွေ ဧည့်ခံပွဲတွေ လုံးဝ လုပ်ခွင့်မပေးတော့ဘူး။ ဘုရားကျောင်းတို့ ဘာတို့ ပါတီပွဲတွေ ညစာစားပွဲတွေလည်း လုပ်ခွင့် မပေးတော့ဘူး အဲလိုအဆင့်ကို လုပ်လိုက်တာပါ။”
ဒီလို ကန့်သတ်ထိန်းချုပ်တဲ့ကြားက Lockdown ချရမယ့် အခြေအနေမျိုးထိ ရောက်မသွားရအောင် တောင်ကိုရီးယားနိုင်ငံတွင်း ကိုဗစ် စမ်းသပ် စစ်ဆေးမှုတွေ တိုးလုပ်လာသလို၊ ပိုးကူးစက် လူနာနဲ့ ထိတွေ့ခဲ့သူတွေကို ခြေရာခံတဲ့လုပ်ငန်းကို ဖိဖိစီးစီးလုပ်ဖို့ တောင်ကိုရီးယားသမ္မတ မွန်းဂျယ်အင်းက ညွှန်ကြားထားကြောင်း တောင်ကိုရီးယားကလာတဲ့ သတင်းတွေမှာ ဖေါ်ပြပါတယ်။
ရှေ့သီတင်းပတ်ကစလို့ တောင်ကိုရီးယားမှာ ကိုဗစ်ရှိမရှိ အမြန်စစ်ဆေးနိုင်မယ့် ကိရိယာနဲ့ ဆေးစစ်ပေးတဲ့ စင်တာတွေမှာ အသုံးပြုသွားမှာ ဖြစ်သလို၊ ပြည်သူတွေ အဆင်ပြေအောင် စစ်ဆေးမယ့် အချိန်ကိုလည်း တိုးထားပေးမယ်လို့ ကိုရီးယား ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန KCDA က ပြောပါတယ်။ ဒီသီတင်းပတ်ထဲ ကိုဗစ်ကူးစက်မှု တရက်ကို ၅၅၀ ကနေ ၇၅၀ ကြားရှိနိုင်ပြီး ရှေ့သီတင်းပတ်ထဲမှာ ၉၀၀ ဝန်းကျင်အထိ ရှိလာနိုင်ကြောင်း KCDA က ခန့်မှန်းထားပါတယ်။
ဒီအတောအတွင်း အိမ်အပြင်ထွက်တဲ့လူတွေ နှာခေါင်းစည်း မဖြစ်မနေ တပ်ရမယ်လို့ စည်းကမ်းသတ်မှတ်ထားပြီး မတပ်သူတွေကို ဒဏ်ရိုက်တာမျိုး ရှိတယ်လို့ ကိုရန်နိုင်ထွန်းက ပြောပါတယ်။
“ နှာခေါင်းစည်း မတပ်ဘူးဆိုရင်တော့ ရထားတွေ ၊ ကားတွေ၊ ဘတ်စ်ကားတွေကအစ စီးခွင့် မပေးဘူး။ ဒဏ်ရိုက်တာလည်း လုပ်ပါတယ်။ mask တပ်ထားတာ မတွေ့ရရင် ဒဏ်ငွေရိုက်တာမျိုး တချို့နေရာတွေမှာ လုပ်နေတာ တွေ့ရပါတယ်။ ဘယ်လောက် ရိုက်သလဲဆိုရင် ကိုရီးယားဝမ်ငွေ (၁၀)သိန်းလောက် အဆင့်ထိ သူတို့ သတ်မှတ်ထားပါတယ်။ သို့သော်လည်း တနေရာနဲ့ တနေရာတော့ မတူဘူးခင်ဗျ။”
ကိုရီယားမှာ ကိုဗစ်ပထမလှိုင်း ဖြစ်ချိန်တုန်းက လူတွေ ကြောက်လန့်ခဲ့လို့ အပြင်မထွက်ရဲပဲ လမ်းတွေပေါ်မှာ လူခြောက်ကပ် သွားခဲ့ပေမယ့် ၊ ဒီတခေါက်မှာတော့ လူတွေ စိုးရိမ်စိတ်နည်းပြီး ပုံမှန်နီးပါး သွားလာနေကြပါတယ်။
အရင်ကဆိုရင် ကိုဗစ်ကြောင့် ထိန့်လန့်ပြီး မြန်မာအလုပ်သမားတွေ ရရာလေယာဉ်နဲ့ မြန်မာနိုင်ငံကို ပြန်သူတချို့ ရှိခဲ့ပေမယ့် အခုနောက်ပိုင်း မြန်မာနိုင်ငံကိုပြန်တဲ့ ကယ်ဆယ်ရေး လေယာဉ် တပတ်မှာ ၂ ကြိမ်ကနေ ၃ ကြိမ် ရှိပေမယ့်လည်း ပြန်သူ သိပ်မရှိဘူးလို့ သိရပါတယ်။
တောင်ကိုရီးယားမှာ ဒီကနေ့အချိန်ထိ ကိုဗစ်ကူးစက်ခဲ့သူ စုစုပေါင်း (၃၉၄၃၂) ဦး ၊ ကိုဗစ်ကြောင့်သေဆုံးသူ (၅၅၆)ဦး ရှိသွားပြီဖြစ်ပြီး ကွာရမ်တင်း ဝင်နေရသူ (၈၆၉၉)ဦး ရှိပါတယ်။
.............
(Unicode)