သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကူးစက်မှု ကျဆင်းလာတဲ့ မြန်မာနိုင်ငံဒေသတချို့ "အိမ်တွင်းနေ" ညွှန်ကြားချက် ပြန်လည်ရုပ်သိမ်းလိုက်ပြီ


COVID-19 ကူးစက်ပျံ့နှံ့မှု တားဆီးနိုင်ရေး ရန်ကုန်မြို့က လမ်းတခုမှာ အသွားအလာ ကန့်သတ်ထားတဲ့ မြင်ကွင်း။ (စက်တင်ဘာ ၂၆၊ ၂၀၂၀)
COVID-19 ကူးစက်ပျံ့နှံ့မှု တားဆီးနိုင်ရေး ရန်ကုန်မြို့က လမ်းတခုမှာ အသွားအလာ ကန့်သတ်ထားတဲ့ မြင်ကွင်း။ (စက်တင်ဘာ ၂၆၊ ၂၀၂၀)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ COVID-19 ပျံ့နှံ့ကူးစက်မှု လျော့ကျလာတဲ့ မြို့နယ်တချို့ကို အိမ်မှာပဲနေထိုင်ရေး Stay at Home ညွှန်ကြားချက်ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြန်လည်ရုပ်သိမ်းလိုက်ပါပြီ။ ဒါပေမယ့် မန္တလေးတိုင်း အတွင်းက မြို့နယ် ၄ ခုကိုတော့ Stay at Home အိမ်မှာပဲနေဖို့ ညွှန်ကြားထားပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ တနင်္ဂနွေနေ့ မနက် ၈ နာရီမှာ စတင်သက်ရောက်မယ့် Stay at Home ညွှန်ကြားချက် ပယ်ဖျက်မှုမှာတော့ ရန်ကုန်တိုင်းအတွင်းက ဆိပ်ကြီး/ခနောင်တို၊ တွံတေးနဲ့ ကွမ်းခြံကုန်းမြို့နယ် သုံးခု ပါဝင်ပေမယ့် ဒီ ၃ မြို့နယ်ထဲက ရပ်ကွက်နဲ့ ကျေးရွာအုပ်စု တချို့ကိုတော့ အိမ်မှာနေဖို့ Stay at Home အမိန့် ဆက်လက်ထားရှိပါတယ်။ ဆိပ်ကြီး/ခနောင်တို၊ တွံတေးနဲ့ ကွမ်းခြံကုန်းကလွဲလို့ ရန်ကုန်တိုင်း တခြားမြို့နယ်တွေကတော့ Stay at Home အိမ်မှာပဲနေဖို့အမိန့် ဆက်လက် သက်ရောက်မှု ရှိပါတယ်။

ဒုတိယအဖြစ်အများဆုံး မန္တလေးတိုင်းမှာတော့ အမရပူရမြို့နယ်ကို Stay at Home ညွှန်ကြားချက် ပယ်ဖျက်ပေမယ့်လည်း ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၄၈ ခုကို Stay at Home အိမ်မှာပဲနေဖို့ ဆက်လက်ညွှန်ကြားထားပါတယ်။ မန္တလေးတိုင်း အတွင်းက အောင်မြေသာစံ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်နဲ့ ပုသိမ်ကြီးမြို့နယ်တွေကိုတော့ Stay at Home အိမ်မှာနေဖို့ ညွှန်ကြားလိုက်ပြီး ဒီနေ့ တနင်္ဂနွေနေ့ မနက် ၈ နာရီကစလို့ သက်ရောက်မှာဖြစ်ပြီး လိုက်နာဖို့ ပျက်ကွက်သူတွေကို ဥပဒေအရ အရေးယူမယ်လို့လည်း ဝန်ကြီး ဒေါက်တာမြင့်ထွေး လက်မှတ်နဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

Stay at Home အမိန့် ပယ်ဖျက်ချက်ထဲမှာ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ ဖားကန့်မြို့နယ် ပါဝင်ပေမယ့် ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၈ ခုကို အိမ်မှာနေဖို့ အမိန့် ဆက်ထုတ်ထားပါတယ်။

ဧရာဝတီတိုင်း ဖျာပုံနဲ့ မအူပင်မြို့နယ်၊ ပဲခူးတိုင်းမှာ ကဝနဲ့ သနပ်ပင်မြို့နယ်တွေ၊ မွန်ပြည်နယ်မှာ မော်လမြိုင်နဲ့ ဘီးလင်းမြို့နယ်တွေကိုလည်း Stay at Home အမိန့် ပယ်ဖျက်တဲ့အထဲမှာ ပါဝင်ပါတယ်။

COVID-19 ရောဂါ ဖြစ်ပွားမှုမှာတော့ စနေနေ့မှာ အတည်ပြုလူနာ ၇၃၄ ယောက် ထပ်တိုးပြီး သေဆုံးသူက ၂၇ ယောက် ရှိပါတယ်။ ကူးစက်ခံ အတည်ပြုလူနာ စုစုပေါင်း ၁၂၁,၂၈၀ ယောက် ရှိတဲ့အထဲမှာ ဆေးရုံဆင်းခွင့် ရသူ စုစုပေါင်း ၁၀၂,၁၆၃ ယောက်၊ သေဆုံးသူ ၂,၅၇၉ ယောက် ရှိပါတယ်။ စနေနေ့အထိ ကိုဗစ် စစ်ဆေးပြီးသူပေါင်း ၁,၇၂၃,၄၃၀ ရှိပါတယ်။

-------------------------

(Unicode)








XS
SM
MD
LG