သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ကိုဗစ်လူနာ ကုသပုံစံပြောင်းဖို့ ရှေ့ပြေးစီမံကိန်းတစ်ခုပြင်ဆင်နေ


ရန်ကုန်မြို့ Quarantine Center တခုအပြင်ဘက်တွင်တွေ့ရသည့် PPE ဝတ်စုံဝတ် ပရဟိတလုပ်သားများ။ (အောက်တိုဘာ ၁၂၊ ၂၀၂၀)
ရန်ကုန်မြို့ Quarantine Center တခုအပြင်ဘက်တွင်တွေ့ရသည့် PPE ဝတ်စုံဝတ် ပရဟိတလုပ်သားများ။ (အောက်တိုဘာ ၁၂၊ ၂၀၂၀)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်သူတွေ ပြုစုစောင့်ရှောက်တဲ့ နည်းလမ်းကို လက်ရှိလုပ်နေတဲ့ပုံစံကနေ ပြောင်းလဲပြီး နေအိမ်မှာပဲ ထားပြီး ကုသပေးသွားဖို့ ရှေ့ပြေးစီမံကိန်းတစ်ခု ပြင်ဆင်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက ပြောပြပါမယ်။

ကိုဗစ်ကူးစက်မှု တည်ငြိမ်တဲ့အနေအထား ရောက်လာပြီဖြစ်တဲ့အတွက် စည်းကမ်းသတ်မှတ်ချက်တွေကို ပြန်လည်ပြင်ဆင်ပြီး လုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ဖို့ စီစဉ်နေတဲ့ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါထိန်းချုပ်ရေးနည်းစနစ်ကို ပြောင်းလဲကျင့်သုံးရေး ရှေ့ပြေးစီမံကိန်းအနေနဲ့ လုပ်ကိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ဒီလိုပုံစံကို ပြည်ပနိုင်ငံအတော်များများမှာ ကျင့်သုံးနေပြီး ပိုးတွေ့လူနာအားလုံးကို ဆေးရုံခေါ်တာမျိုးမဟုတ်ဘဲ ရောဂါအခံမရှိသူတွေနဲ့ ငယ်ရွယ်တဲ့သူတွေကို နေအိမ်မှာပဲ ကုသတဲ့အစီစဉ်တခုပဲ ဖြစ်ပါတယ်။

ဒီရှေ့ပြေးစီမံကိန်းကို ရန်ကုန်မှာစတင်ဖို့ ပြင်ဆင်နေပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ဗွီအိုအေကို ပြောပြပါတယ်။

"လူ ၁၀၀ လောက်ပေါ့နော် ကျနော်တို့ pilot အနေနဲ့ တွက်ကြည့်မယ်... ဆေးရုံတွေမှာ overload ဖြစ်နေတာ ဝန်ထမ်းတွေလည်း ၈ လ၊ ၉ လပေါ့နော်... တအားပင်ပန်းနေကြပြီ။ home isoloation ပေါ့... ထားမယ်ဆိုရင် ရောဂါအခံမရှိတဲ့သူတွေ ဖြစ်ရမယ်၊ အိမ်မှာ သက်ကြီးရွယ်အိုတွေ ရောဂါအခံမရှိတဲ့သူတွေ ဖြစ်ရမယ်၊ အိမ်မှာလည်း သီးသန့်အခန်းနေနိုင်တဲ့သူ ဖြစ်ရမယ်၊ သူ့ရဲ့ ကျန်းမာရေးအခြေအနေကို တောက်လျှောက်သတင်းပေးနိုင်တဲ့ သူဖြစ်ရမယ်။ တခုခုဆိုလည်း ကျနော်တို့က ချက်ချင်းသွားပြီးတော့ hospital service ပေးနိုင်အောင် ခေါ်နိုင်တဲ့သူဖြစ်ရမယ်။ အဓိကကတော့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီးတော့ အပြင် မထွက်တဲ့လူမျိုး ဖြစ်ရမယ်ပေါ့နော်... အဲဒီလို အနေအထားမျိုးပေါ့။ ပြီးတော့ ပတ်ဝန်းကျင်ရပ်ကွက်ကနေပြီးတော့ ထိန်းပေးတဲ့ဟာမျိုးပေါ့။ ဘက်ပေါင်းစုံက စဉ်းစားပြီးလုပ်ရတာပေါ့။ reporting system တွေ၊ recording တွေ၊ ရောဂါမကူးစက်နိုင်အောင်ဆက်ပြီးတော့မှ မပြန့်ပွားအောင်လုပ်နိုင်တဲ့ အစီအမံတွေပေါ့။ ကျနော်တို့ pilot အနေနဲ့ စလုပ်တယ်။ အဓိကကတော့ ပြည်သူကောင်းသွားရင်ပဲ... မကူးစက်နိုင်တဲ့အနေအထားရောက်သွားရင် ဆက်ပြီးတော့ home quanrantine ဆက်နေနိုင်ဖို့ပေါ့နော်။ ဒါမျိုးလေးတွေ ဆရာ ဦးဇော်ဝေစိုးတို့ဘက်က ကျနော်တို့တင်ပြတဲ့အခါ pilot အနေနဲ့ ဆောင်ရွက်တဲ့ဟာ ရှိပါတယ်။"

ဒီလိုကုသတာမှာ ဘယ်လိုအကျိုးဆက်ဖြစ်နိုင်မလဲဆိုတာကို အသေးစိတ်အချက်အလက်ပြုစုပြီး ချပြသွားဖို့ရှိခါ ကုသမှုဆိုင်ရာ ပိုတိုးတက်လာတယ်ဆိုရင် ဒီအတိုင်းဆက်လက်လုပ်ဆောင်ဖို့ စီစဉ်သွားမှာဖြစ်တယ်လို့ သူကပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ဖို့ ပိုးတွေ့လူနာတွေအားလုံးကို ဆေးရုံမှာ ကုသပေးနေပါတယ်။ လူစုလူဝေးမလုပ်ဖို့၊ လူ ၃၀ ထက်ပိုတဲ့ ပွဲလမ်းသဘင်တွေမလုပ်ဖို့ ညွှန်ကြားချက်တွေ ထုတ်ထားပေမဲ့ လက်တွေ့မှာ လိုက်နာမှု အားနည်းနေတာကြောင့် ပိုးတွေ့နှုန်းကတော့ လျော့မသွားပါဘူး။

မြန်မာနိုင်ငံမှာ လောလောဆယ် ကျန်းမာရေးဝန်ထမ်း ၁,၀၀၀ ကျော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး သေဆုံးသူလည်းရှိတယ်လို့ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

ဒီလိုပြောင်းလဲမှုအပေါ်မှာ ထောက်ခံသူတွေရှိသလို ပြောင်းလဲမှုကြောင့် စိန်ခေါ်မှုတွေကြုံရချိန်မှာ လုပ်ကိုင်မှုအလွဲတွေနဲ့ ကြန့်ကြာမှုတွေ၊ အချိန်နဲ့ လွန်ဆွဲမှုကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ ကြုံရမလားလို့ စိုးရိမ်နေသူကတော့ ကိုဗစ်ရောဂါ စတင်ပျံ့နှံ့ချိန်ထဲက အခုအချိန်ထိ ကျန်းမာရေးဝန်ကြီးဌာန ကုသရေးပိုင်းမှာစေတနာ့ဝန်ထမ်းအနေနဲ့ ကူညီလုပ်ဆောင်ပေးနေတဲ့ ရန်ကုန်တိုင်း ဒေသကြီးလူငယ်ရေးရာ အတွင်းရေးမှူး ဦးဒီငြိမ်းလင်းပါ။

"တချို့ဆို စင်တာအသေးအနေနဲ့ တွက်ပြီးတော့ pilot project နဲ့ စပြီးတော့ ထားတယ်ဆိုတဲ့ အနေအထား ကျနော်လည်း သိရတာပေါ့။ ဒီအနေအထားတခုမှာ ဘယ်လိုမျိုး လုပ်မှာလဲ။ ဆောင်ရွက်မယ့်အရေးကိစ္စတွေကို ရပ်ကွက်ကရော ပြည့်ပြည့်ဝဝ ဖန်တီးပေးထားမှု ရှိနိုင်မလဲဆိုတဲ့ မေးခွန်းတချက် ရှိတယ်။ အိမ်မှာထားနိုင်သမျှအတွက်တော့... ရန်ကုန်က တိုက်ခန်းအနေအထားတွေ၊ တချို့အိမ်တွေက ပြွတ်သိပ်ပြီးနေရတဲ့ အနေအထားတွေရှိတယ်။ သူတို့အတွက် emergency အနေအထားတခု... ဥပမာ သူတို့အတွက် အောက်စီဂျင်ကျလာရင် ဘယ်လိုမျိုးလုပ်မလဲဆိုတဲ့ အနေအထားလည်း ရှိသေးတာပေါ့လေ။ COVID နှုန်းကလည်း အဲဒီလောက်ထိ လျော့ကျသွားတဲ့အနေအထားမျိုးမရှိသေးဘူး။ ထပ်ပြီးတော့ပဲ သေတဲ့သူတွေ တိုးလာမှာကိုတော့ စိုးရိမ်တာတော့ ရှိမှာပေါ့။ အဲဒါတွေကတော့ သေသေချာချာလေး စနစ်တကျ ပြင်ဆင်ထားဖို့ လိုအပ်တယ်။"

ဒီလိုကုသမှုပုံစံပြောင်းလဲဖို့ လုပ်နေတာနဲ့ တပြိုင်နက်ထဲမှာပဲ COVID နဲ့ အတူ ယှဉ်တွဲ နေထိုင်ရေး ပုံစံသစ်နဲ့ လူမှုရေး၊ စီးပွားရေး ပြန်လည်လည်ပတ်နိုင်ရေး ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက တိုက်တွန်းလိုက်သလို COVID 19 ကာကွယ်ဆေး ဝယ်ယူဖို့အတွက်လည်း အပူတပြင်း ဆွေးနွေးနေတယ်လို့ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။ ဆေးဝယ်ယူဖို့အပြင် ဆေးထားသိုနိုင်ဖို့အတွက်လည်း ကျန်းမာရေးဝန်ကြီး ဌာနဘက်ကပြင်ဆင်နေတယ်လို့ ဗွီအိုအေကို ခုလိုပြောပြလာပါတယ်။

"systematically ပြင်ဆင်တာ ၃ လလောက်တော့ ရှိပြီ။ ဘယ်ဆေးအမျိုးအစားရမလဲဆိုတာ ကျနော်တို့တော့ မသိသေးဘူးပေါ့နော်။ Pfizer ရမယ်ဆိုရင် minus 70၊ cold chain ပေါ့နော်... ဒါဆိုရင် ကျနော်တို့က ဘယ်လိုလုပ်လို့ရနိုင်မလဲပေါ့နော်။ တဘက်က Moderna ရမယ်ဆိုရင် ဘယ်လိုပေါ့နော်။ 2 to 8 degree Celsius အတွင်းမှာပဲ ပုံမှန် refrigeration နဲ့ ထားလို့ရမယ့်ဟာဆို ဘယ်လိုပေါ့နော်။ ဒါတွေကတော့ ကျနော်တို့ဆီမှာရှိတဲ့ technical working group တွေကနေပြီးတော့ အသးစိတ်ပေါ့... ဒါတွေကို ကြိုတင်ပြီးတော့ တွက်ချက်ပြီးတော့ ပြင်ဆင်တာတွေ ရှိတယ်ပေါ့နော်။"

ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်ငန်းကြီးဖြစ်တဲ့ အိန္ဒိယရဲ့ Serum Institute of India ထံကနေ မြန်မာဘက်က COVID-19 ကာကွယ်ဆေးဝယ်ယူလိုတဲ့ ကိစ္စဆွေးနွေးနေသလို WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့စီစဉ်မှုနဲ့ တခြားနိုင်ငံတွေကပါ ဝယ်ယူဖို့ စီစဉ်ထားတယ်လို့သူကပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ COVID 19 အတည်ပြု လူနာစုစုပေါင်းက ၁၂၀,၀၀၀ နီးပါး ရှိပြီး သေဆုံးသူ စုစုပေါင်းက ၂,၅၀၀ နီးပါး ရှိသွားပါပြီ။ တနိုင်ငံလုံး အတိုင်းအတာနဲ့ COVID 19 ဆေးစစ်မှုက ၁,၅၀၀,၀၀၀ ကျော်လောက်ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]















XS
SM
MD
LG