သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေသအသီးသီးမှာ COVID-19 တားဆီးရေး တင်းကြပ်မိန့်များထုတ်ပြန်


ရန်ကုန်မြို့ရှိ လမ်းတခုတွင် ပိုးသတ်ဆေးဖြန်းနေကြတဲ့ ဝန်ထမ်းတချို့ (မတ် ၂၉၊ ၂၀၂၀)
ရန်ကုန်မြို့ရှိ လမ်းတခုတွင် ပိုးသတ်ဆေးဖြန်းနေကြတဲ့ ဝန်ထမ်းတချို့ (မတ် ၂၉၊ ၂၀၂၀)

(Zawgyi/Unicode)

ခြွင်းချက်နဲ့ လူ ၅ ဦးပို မစုရဆိုတဲ့ ပြည်ထောင်စုအစိုးရအမိန့်ပေါ်ထွက်လာပြီးနောက် တိုင်းနဲ့ ပြည်နယ်အစိုးရအသီးသီးကလည်း ဒေသန္တရအမိန့်တွေ ပိုတင်းကြပ်လာတဲ့အခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက တင်ဆက်ပေးပါမယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက COVID-19 ရောဂါကို ထိန်းချုပ်ကာကွယ်နိုင်ဖို့အတွက် ခြွင်းချက်နဲ့ လူ ၅ ဦးထက် ပိုပြီး မစုဝေးကြဖို့နဲ့ မလိုက်နာရင် ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေနဲ့ အရေးယူမယ်လို့ ဧပြီလ ၁၆ ရက် ရက်စွဲနဲ့ မနေ့က ထုတ်ပြန်ပါတယ်။ ဒီလို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက် ထွက်သလို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဒေသန္တရ အမိန့်တွေ တင်းတင်းကြပ်ကြပ် ထုတ်ပြန်လာတာတွေ ရှိပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးမှာတော့ နိုင်ငံခြားက ပြန်လာတဲ့ ပြည်တော်ပြန်တွေကို ၂၁ ရက် စောင်ကြည့်အဖြစ် Community Quarantine တွေမှာ ထားရှိမှာ ဖြစ်တဲ့အပြင် မြန်မာနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိမှုများတဲ့ ပြည်နယ်နှင့် တိုင်းက လာသူတွေကိုလည်း Community Quarantine Center တွေမှာ ထားပြီး စောင့်ကြည့်မှာ ဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး ဦးမိုးကျော်သူက ဗွီအိုအေကို ပြောပါတယ်။

“အဓိကကတော့ ပြည်တော်ပြန်တွေပေါ့။ ထိုင်းဘက်က ပြန်တဲ့ ဟာတွေရယ်၊ တရုတ်ဘက်က ပြန်တဲ့ဟာတွေရယ်၊ နောက်တစ်ခါ ဒီ ရန်ကုန်တိုင်းဘက်က တိုင်းခြားပေ့ါ၊ အဓိကက ရန်ကုန်တိုင်းလို ဟာမျိုးက ရောဂါဖြစ်ပွားမှုနှုန်း များတဲ့ နေရာက လာမယ့် သူတွေပေါ့၊ ရောဂါဖြစ်ပွားနှုန်းမြင့်တဲ့ နေရာက လာတဲ့သူတွေ ဥပမာ ရှမ်းပြည်နယ် အဲ့လိုဘက်က လာတဲ့ဟာမျိုးတွေပေါ့။ အဲ့လူတွေကို ရည်ရွယ်ပြီးတော့မှ ကျနော်တို့ ပြန်လာတဲ့ အခါ ကိုယ့်ဒေသပြန်ရောက်လို့ရှိရင် သက်ဆိုင်ရာမြို့နယ် ဒါမှမဟုတ် ကျေးရွာတွေမှာ Community Quarantine တွေ ရှိတယ်။ သူတို့ အဲမှာ Quarantine ခံယူဖို့ပေါ့၊ လိုအပ်လို့ရှိရင် ၂၈ ရက် ပြည့်အောင် ၂၁ ရက်ကိုတော့ Quarantine Center တွေမှာ နေမယ်၊ တစ်ပတ်ကိုတော့ အိမ်မှာ Home Quarantine ဆက်ထားမယ်ပေါ့။ အဲ့ရည်ရွယ်ချက်ပါ။”

စစ်ကိုင်းတိုင်းဒေသကြီးမှာလည်း ဧပြီလ ၁၃ ရက်နေ့ကနေစပြီး ကျန်းမာရေး၊ လူမှုရေးကိစ္စမှအပ ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘဲ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ သွားလာတာတွေ မလုပ်ကြဖို့ တိုင်းအစိုးရအဖွဲ့က အမိန့်ထုတ်ပြန်ထားပါတယ်။

အပြင်ထွက်ရင် လူတိုင်း နှာခေါင်းစည်းတပ်ကြဖို့ကိုလည်း နှိုးဆော် တိုက်တွန်းထားပြီး နှာခေါင်းစည်းတွေကို အလကားဝေပေးတာ ဈေးသက်သက်သာသာနှင့် ဝယ်ယူနိုင်အောင် ဆောင်ရွက်ပေးထားတယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ အမိန့်ကို မလိုက်နာရင် အရေးယူမယ်ဆိုတာမျိုး မလုပ်သေးဘဲ ပညာပေးကာလအဖြစ်သာ သတ်မှတ်ဆောင်ရွက် နေတယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်း ဒေသကြီးမှာလည်း COVID-19 ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် နေ့စဉ် ည ၉ နာရီကနေ မနက် ၄ နာရီအထိ လုံးဝ အပြင်မထွက်ဖို့ ပြည်သူတွေအနေနဲ့ နေ့ခင်း အပြင်ထွက်တဲ့အခါလည်း အိမထောင်စု တစုကို လူတစ်ဦးသာထွက်ကြဖို့ အပြင်ထွကတဲ့အခါ နှာခေါင်းစည်း မဖြစ်မနေ တပ်ကြဖို့ ဈေးရောင်း ဈေးတယ်သူတွေအားလုံး မဖြစ်မနေ နှာခေါင်းစည်းတပ်ကြဖို့စတဲ့ အမိန့်စာ တစ်စောင်ကို မနေ့က ထုတ်ပြန်လိုက်ပါတယ်။ ဒီအမိန့်က ဧပြီလ ၁၇ ရက်နေ့ ဒိကနေ့ကစ အသက်ဝင်မှာဖြစ်ပြီး နောက်ထပ်အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်မချင်း အတည်ဖြစ်ပါတယ်။ ဒီအမိန့် မလိုက်နာသူတွေကို တည်ဆဲဥပဒေအရ အရေးယူမှာဖြစ်ထယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ကချင်ပြည်နယ်မှာလည်း အပြင်ထွက်ရင်လူတိုင်း နှာခေါင်းစည်းတပ်ကြဖို့ အမိန့်ထုတ်ထားတယ်လို့ ကချင်ပြည်နယ်က လူမှုရေးဝန်ကြီး ဦးနေဝင်းက ပြောပါတယ်။

“ကချင်ပြည်နယ်မှာတော့ လောလောဆယ် ထုတ်ထားတဲ အမိန့်တစ်ခုပဲ ရှိသေးတယ်။ ဘာလဲဆိုတော့ ကျနော်တို့ အပြင်ထွက်လို့ရှိရင် မဖြစ်မနေ Mask တပ်ရမယ်။ ဈေးရောင်းဈေးဝယ်ဆိုလို့ရှိရင်လည်း ဈေးရောင်းရော၊ ဈေးဝယ်ရော Mask တပ်ရမယ်။ အဲ့ဒါတော့ မဖြစ်မနေ ဆောင်ရွက်ရမယ် ဆိုပြီး ထုတ်ထားတာရှိပါတယ်။ ထွေထွေထူးထူး ကြပ်မတ်ဖို့တော့ မရှိသေးပါဘူး။”

မြန်မာနိုင်ငံ COVID-19 နောက်ဆုံးရအခြေအနေ (ဧပြီ ၁၇၊ ၂၀၂၀)
မြန်မာနိုင်ငံ COVID-19 နောက်ဆုံးရအခြေအနေ (ဧပြီ ၁၇၊ ၂၀၂၀)

မကွေတိုင်းဒေသကြီးမှာတော့ သင်္ကြန်ရက်တွေအတွင်းမှာ ပိတ်ထားတဲ့ ခရီးသည်ပို့ဆောင်ရေးတွေ၊ ဟိုတယ်နှင့်တည်းခိုခန်းတွေကို ဒီ ဧပြီ လကုန်ထိ ပိတ်ထားဖို့ ညွှန်ကြားထားပါတယ်။

ရန်ကုန်မှာတော့ လာမယ့် ၂၀ ရက်နေ့ကစလို့ အလုပ်တွေပြန်ဖွင့်ပြီး လုပ်ငန်းခွင် ပြန်ဝင်ကြရတော့မှာ ဖြစ်ပေမဲ့ ရန်ကုန်တိုင်းအစိုးရအနေနဲ့ ရောဂါပို ကူးစက်ပျံ့နှံ့တာတွေကို တားဆီးနိုင်ဖို့ ဘယ်လို ဆောင်ရွက်ချက်တွေ လုပ်မလဲဆိုတာကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်တာမရှိသေးပါဘူး။

ရန်ကုန်မှာတော့ ရောဂါပိုးတွေ့ရှိသူတွေနဲ့ ဆက်စပ်ပြီး ရပ်ကွက်တွေ၊ လမ်းတွေနှင့် တိုက်အချို့ကို အသွားအလာပိတ်ပင်တာတွေ ပိုများလာနေပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး တွေ့ရှိရသူ အရေအတွက်က ၈၅ ဦး ရှိနေပြီး သေဆုံးသူ ၄ ဦး ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]















XS
SM
MD
LG